အိန္ဒိယမှ ၁၄ နှစ်အရွယ် လူသားဂဏန်းပေါင်းစက်ဟုအမည်ပေးခံထားရသူသင်္ချာပါရမီရှင်က တစ်ရက်တည်းတွင် ဂင်းနစ်စံချိန် ၆ ခု ချိုးဖျက်နိုင်ခဲ့
ဒူဘိုင်း၊ ထူးခြားဆန်းပြား
အိန္ဒိယနိုင်ငံမှ အသက် ၁၄ နှစ်အရွယ် အာယန်ရှုခလာအမည်ရှိ သင်္ချာပါရမီရှင်တစ်ဦးသည် သင်္ချာဂဏန်းများကို စိတ်တွက်ဖြင့် အမြန်ဆုံးတွက်ပြနိုင်ပြီး တစ်ရက်တည်းမှာပင် ဂင်းနစ်စံချိန် ၆ ခု ချိုးဖျက်နိုင်ခဲ့ကြောင်း အဆိုပါစံချိန်အဖွဲ့ကြီးက ဖေဖော်ဝါရီလ ၁၂ ရက်တွင်ဖော်ပြသည်။
လူသားဂဏန်းပေါင်းစက်ဟု အမည်ပေးခံထားရသည့် ရှုခလာသည် မဟာရက်ရှ်ထရာပြည်နယ်မှဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်က အီတလီရုပ်သံပြပွဲတစ်ခုဖြစ်သည့် Lo Sho DeiRecord တွင် ဂဏန်း ၅ လုံးပါ ဂဏန်းပေါင်းအလုံး ၅၀ ကို ၂၅ ဒသမ ၁၉ စက္ကန့်အတွင်းမှာပင် စိတ်တွက်ဖြင့် တွက်ပြနိုင်ခဲ့ပြီးဂင်းနစ်စံချိန်တင်နိုင်ခဲ့သူဖြစ်သည်။
ထို့ကြောင့် ဂင်းနစ်စံချိန်အဖွဲ့ကရှုခလာအား ဒူဘိုင်းသို့ဖိတ်ခေါ်၍ ၎င်း၏သင်္ချာစွမ်းရည်ကို ထပ်မံစမ်းသပ်ခဲ့ရာ ၎င်းက ဂဏန်း ၄ လုံးပါ ဂဏန်းပေါင်းအလုံး၁၀၀ ကို ၃၀ ဒသမ ၉ စက္ကန့်၊ ဂဏန်း ၄ လုံးပါ ဂဏန်းအလုံးရေ ၂၀၀ ကို ၁ မိနစ်နှင့်၉ ဒသမ ၆၈ စက္ကန့်၊ ဂဏန်း ၅ လုံးပါ ဂဏန်း အလုံးပေါင်း ၅၀ ကို ၁၈ ဒသမ ၇၁ စက္ကန့်အတွင်း စိတ်တွက်ဖြင့်တွက်ပြနိုင်ခဲ့သည်။
ထို့ပြင် ရှုခလာသည် ဂဏန်းပေါင်းခြင်းအပြင် ဂဏန်းအလုံးပေါင်း ၂၀ ပါသည့် ဂဏန်းတစ်လုံးအား ဂဏန်း ၁၀ လုံးပါဂဏန်းဖြင့်စားခြင်းကိုလည်း ၅ မိနစ်နှင့် ၄၂ စက္ကန့်အတွင်း တွက်ချက်ပြနိုင်ခဲ့ပြီး အလုံးရေအများအပြားပါဝင်သည့် ဂဏန်းများမြှောက်ခြင်းကိုလည်း ပွဲကြည့်သူများ အံ့အားသင့်သွားစေသည်အထိ စိတ်တွက်ဖြင့်တွက်ချက်ပြ၍ ဂင်းနစ်စံချိန် ၆ ခုကိုတစ်ရက်တည်းချိုးဖျက်နိုင်ခြင်းဖြစ်ကြောင်းသိရသည်။
ရှုခလာသည် ယခုကဲ့သို့ တွက်ရန်ခက်ခဲသည့် ဂဏန်းများပေါင်းခြင်း၊ မြှောက်ခြင်းနှင့် စားခြင်းတို့ကို စိတ်တွက်ဖြင့် အချိန်တိုအတွင်း တွက်နိုင်ရန်အတွက် တစ်နေ့လျှင် အချိန် ၅ နာရီမှ ၆ နာရီအထိ သင်္ချာတွက်၍ လေ့ကျင့်ခဲ့ရကြောင်း သိရသည်။
Ref: GWR
Source: Myawady Web Portal