ဥရောပ-အမေရိကန်- ရုရှား ဆက်ဆံရေး သမိုင်းဝင်အပြောင်းအလဲ ဖြစ်သွားနိုင်ကြောင်း ပညာရှင် Alexander Rahr သုံးသပ်
ဂျာမနီနိုင်ငံ မြူးနစ်မြို့တွင် ကျင်းပလျက်ရှိသော မြူးနစ်လုံခြုံရေးညီလာခံတွင် ဆွေးနွေးချက်များအပေါ် ဂျာမနီ နိုင်ငံရေးသုတေသနပညာရှင် Alexander Rahr က အမေရိကန်နှင့် ဥရောပအကြား ဆက်ဆံရေးမှာ ပျက်စီးသွားနိုင်ဖွယ်ရှိနေကြောင်း သုံးသပ်လိုက်ပါသည်။
အတ္တလန်တိတ်သမုဒ္ဒရာနှစ်ဖက် အမေရိကန်နှင့်ဥရောပအခင်းအကျင်း ( transatlantic) အရ ဥရောပသည် ယခင်က အမေရိကန်အပေါ် အလိုလို နားထောင်မှုရှိခဲ့သော်လည်း ယခုအခါ ရုရှားနှင့်ဆက်ဆံရေးကြောင့် သဘောထားကွဲလွဲမှု စတင်နေပြီဖြစ်ကြောင်း၊ ဥရောပသည် အမေရိကန် နှင့်မတူညီနိုင်တော့မည့် လမ်းကြောင်းကို ရွေးချယ်ရန် စတင်လှုပ်ရှားနေကြောင်း Rahr က သတိပေးထားပါသည်။
ဥရောပ၏ အဓိကပြဿနာမှာ ရုရှားနှင့်ဆက်ဆံရေးအပေါ် အမေရိကန်နှင့်မတူညီသည့် သဘောထားရှိကြောင်း၊ ရုရှားအပေါ် အမေရိကန်က ရိုက်ခတ်လာသည့် မဟာဗျူဟာကို လွယ်ကူစွာ လက်မခံနိုင်ကြကြောင်း ၎င်းက ထပ်လောင်းပြောကြားထားပါသည်။
နောက်တစ်ချက်မှာ ဥရောပနိုင်ငံအချို့သည် နေတိုးအဖွဲ့မှ တိုက်ရိုက်နုတ်ထွက်မည် မဟုတ်သော်လည်း ကိုယ်ပိုင်တပ်မတော် ဖွဲ့စည်းရန် စဉ်းစားနေကြပြီဖြစ်ကြောင်း၊ ထို့အပြင် နိုင်ငံအချို့က အမေရိကန်နှင့် ဆက်လက်နီးကပ်နေမည်ဖြစ်ပြီး အချို့ကမူ ရုရှားနှင့်ဆက်ဆံရေး တိုးတက်လာစေရန် ကြိုးစားကြမည်ဖြစ်ကာ အချို့မှာ သီးခြားလမ်းစဉ်သို့ လိုက်သွားနိုင်သဖြင့် အကွဲအပြဲများ ဖြစ်လာနိုင်ကြောင်း ၎င်းက သတိပေးထားပါ သည်။
လက်ရှိအခြေအနေအရ ဥရောပနိုင်ငံများတွင် ဘဏ္ဍာရေးအခက်အခဲ ဖြစ်ပေါ်လာနိုင်ပြီး နိုင်ငံအချို့သည် မဟာဗျူဟာပြောင်းလဲခြင်း သို့မဟုတ် ချိန်ညှိခြင်း သို့မဟုတ် အခြားအင်အား ရှာဖွေရန် လိုအပ်လာနိုင်ကြောင်း ၎င်းက သုံးသပ်ထားပါသည်။
ထိုအခြေအနေများသည် ဥရောပ၊ အမေရိကန်နှင့် ရုရှားတို့၏ ဆက်ဆံရေး သမိုင်းစာမျက်နှာသစ် ကူးပြောင်းမှုတစ်ခုဖြစ်လာနိုင်ကြောင်း Alexander Rahr ၏ သုံးသပ်ချက်တွင် ဖော်ပြထားပါသည်။
ကိုးကား-TASS
Photo: AzerNews