ဗီယက်နမ်သို့ လာရောက်လည်ပတ်သူ ခရီးသွားဧည့်သည်စာရင်း၌ အမေရိကန်က ထပ်ဆုံးမှရပ်တည်
အမေရိကန်ပြည်ထောင်စုသည် ၂၀၂၅ ခုနှစ်အစောပိုင်းတွင် ဗီယက်နမ် ခရီးသွားလုပ်ငန်းအတွက် အများဆုံးလာရောက်လည်ပတ်သော နိုင်ငံ ၁၀ နိုင်ငံစာရင်း၌ ထိပ်ဆုံးမှရပ်တည်နေပြီး ၎င်းနောက်တွင် ဩစတြေးလျနှင့် အိန္ဒိယနိုင်ငံတို့က ရပ်တည်နေကြောင်း မကြာသေးမီက အစီရင်ခံစာ တစ်စောင်၌ ဖော်ပြသည်။
ဗီယက်နမ် အမျိုးသားခရီးသွားလာရေးအာဏာပိုင်အဖွဲ့က Google ၏ Destination Insights မှ ဒေတာများကို ကိုးကား၍ အခြား လာရောက် လည်ပတ်မှုအများဆုံးနိုင်ငံများမှာ ဂျပန်၊ တောင်ကိုရီးယား၊ စင်္ကာပူ၊ ဗြိတိန်၊ ကနေဒါ၊ ဂျာမနီနှင့် မလေးရှားနိုင်ငံတို့ ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလကုန်မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း ဗီယက်နမ်နိုင်ငံရှိ လေ့လာလည်ပတ်ရာနေရာများသို့ လာရောက်မှုများ သည် ၂၀၂၃ ခုနှစ် ကာလတူနှင့်နှိုင်းယှဉ်ပါက ၁၅-၃၀% အထိ မြင့်တက် လာခဲ့သည်။ အဆိုပါတိုးတက်မှုသည် ဖေဖော်ဝါရီလအစောပိုင်းအထိ ဆက်လက်တည်ရှိခဲ့ပြီး လာရောက်လည်ပတ်မှုပမာဏသည် ၃၀-၄၅% အထိ မြင့်တက်လာခဲ့သည်။
Google ၏ အစီရင်ခံစာသည် ဗီယက်နမ်နိုင်ငံသို့ လာရောက် လည်ပတ်သည့် အမေရိကန်ခရီးသွားဧည့်သည်များ တိုးပွားလာမှုနှင့် ကိုက်ညီနေသည်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင် ဗီယက်နမ်နိုင်ငံသို့ အမေရိကန်ခရီးသွား ၆၉,၂၃၇ ဦး လာရောက်လည်ပတ်ခဲ့ပြီး၊ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၁၆% တိုးတက်လာခဲ့သည်။ ဒီဇင်ဘာလတွင် ၇၃,၀၀၀ အထိ မြင့်တက်လာခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် ၉၂,၀၀၀ အထိ ရောက်ရှိလာကာ ယခင်နှစ် နှင့်နှိုင်းယှဉ်ပါက ၂၅% တိုးတက်မှု ရှိခဲ့သည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် ဗီယက်နမ်နိုင်ငံသည် နိုင်ငံခြားခရီးသွား ၂.၁ သန်းကို လက်ခံခဲ့ရပြီး မှတ်တမ်းများအရ အမြင့်ဆုံးလစဉ် ဧည့်သည် အရေအတွက် ဖြစ်သည်။
ယခုနှစ်အတွက် ဗီယက်နမ်နိုင်ငံသည် နိုင်ငံခြားခရီးသွား ၂၂ -၂၃ သန်း လက်ခံရန် ရည်မှန်းထားပြီး ယခင်နှစ်က နိုင်ငံခြားခရီးသွား ၁၇.၆ သန်း ကို လက်ခံခဲ့သည်။
ကိုးကား-VN Express