ကိုရီးယားအဝေးပြေးလမ်း ဆောက်လုပ်ရေးလုပ်ငန်းခွင်ပြိုကျ၍ လေးဦးသေဆုံး
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော် တောင်ပိုင်းရှိ အဝေးပြေးလမ်း ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုသည် အင်္ဂါနေ့က ပြိုကျခဲ့ရာ လူ လေးဦးထက်မနည်း သေဆုံးကာ ခြောက်ဦးဒဏ်ရာရရှိခဲ့သည်ဟု မီးသတ်အရာရှိများက ပြောကြားသည်။
ဆိုးလ်မြို့မှ ကီလိုမီတာ ၇၀ ခန့်အကွာရှိ Anseong အရပ်တွင် နံနက် ၉:၄၉ နာရီက အဆိုပါ မတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဝေးပြေးလမ်း တံတားကို ထောက်ကူသည့် မီတာ ၅၀ အရှည် ကွန်ကရစ်အဆောက်အအုံ ငါးခုကို ကရိန်းဖြင့် တစ်ခုပြီးတစ်ခု နေရာချနေစဉ် ပြိုကျမှုဖြစ်ခဲ့ခြင်းဟု ယွန်ဟပ်သတင်းဌာနက ဖော်ပြသည်။
ဖြစ်စဉ်တွင် တရုတ်နိုင်ငံသား နှစ်ဦး အပါအဝင် လူလေးဦး သေဆုံးခဲ့ပြီး ဒဏ်ရာရခဲ့သူ ခြောက်ဦးတွင် ငါးဦးသည် စိုးရိမ်ရကြောင်းနှင့် ယင်းငါးဦးတွင်လည်း တရုတ်နိုင်ငံသားတစ်ဦး ပါဝင်ကြောင်း Anseong မီးသတ်ဌာန အရာရှိ ကိုကျွန်းမန်က ပြောဆိုသည်။
၎င်းတို့သည် တံတားပေါ်တွင် ကုန်းပတ်တပ်ဆင်နေကြသူများဖြစ်ပြီး တံတားပြိုကျခဲ့ချိန်တွင် ကုန်းပတ်ပေါ်ရှိ ၁၀ ယောက်လုံးသည် နှစ်ဖက်စလုံးမှ ပြုတ်ကျခဲ့ကြကြောင်း ကို က ရုပ်သံ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
သေဆုံးခဲ့သူ လေးဦးတွင် အခြားနှစ်ဦးသည် တောင်ကိုရီးယားနိုင်ငံသားများဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီးဌာန အရာရှိတစ်ဦးက ပြောဆိုသည်။
နောက်ထပ်ပြိုကျမှုများ ထပ်မဖြစ်စေရေးနှင့် ပျောက်ဆုံးနေဖွယ်ရှိသူများကို ရှာဖွေရန်အတွက် ဝန်ထမ်းနှင့် အရင်းအမြစ်အားလုံးကို အသုံးပြုရန် ယာယီသမ္မတ Choi Sang-mok က တိုက်တွန်းခဲ့သည်။
ရှာဖွေ ကယ်ဆယ်မှုများလုပ်ဆောင်ရန်အတွက် ရဟတ်ယာဉ် သုံးစီးနှင့် မီးသတ်ဝန်ထမ်း ၁၅၀ နီးပါး ပေးပို့ထားကြောင်း နိုင်ငံတော်မီးသတ်ဌာနက ပြောကြားခဲ့သကဲ့သို့ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနကလည်း အခင်းဖြစ်နေရာသို့ အဖွဲ့တစ်ဖွဲ့ စေလွှတ်ထားကြောင်း ပြောကြားခဲ့သည်။
Source: Popular Myanmar