နယူးယောက်ရှိ ရွှေ့ပြောင်းအခြေချနေထိုင်သူများ ခိုလှုံရာနေရာအဖြစ် ဖွင့်လှစ်ထားသည့် အထင်ကရဟိုတယ်အား ပိတ်မည်

News Image

  • နယူးယောက်ရှိ ရွှေ့ပြောင်းအခြေချနေထိုင်သူများ ခိုလှုံရာနေရာအဖြစ် ဖွင့်လှစ်ထားသည့် အထင်ကရဟိုတယ်အား ပိတ်မည်

ရွှေ့ပြောင်းအခြေချနေထိုင်သူများ ခိုလှုံရာနေရာအဖြစ် Manhattan ဧရိယာ၏ အလယ်၌ ဖွင့်လှစ်ထားသည့် Roosevelt Hotel ဟိုတယ်ကို မကြာမီ ပိတ်သိမ်းသွားမည်ဖြစ်ကြောင်းနယူးယောက်မြို့တော်ဝန် Eric Adams က ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် ကြေညာခဲ့ပါသည်။

တောင်အမေရိကနှင့် အခြားဒေသများမှ ရောက်ရှိလာသည့် ရွှေ့ပြောင်းအခြေချနေထိုင်သူများ တိုးမြင့်လာခဲ့ရာ ၎င်းတို့အတွက် အဆိုပါ ဟိုတယ်ကို ၂၀၂၃ ခုနှစ်၊ မေလတွင် ပြန်လည်မွမ်းမံပြီး ခိုလှုံရာနေရာအဖြစ် ဘိုင်ဒင် အစိုးရက ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။

ဒုက္ခသည်အဖြစ် လျှောက်ထားသူအရေအတွက် များစွာတိုးမြင့်ခဲ့သည့် ကာလတွင် ပျမ်းမျှအားဖြင့် တစ်ပတ်လျှင် ရွှေ့ပြောင်းအခြေချနေထိုင်သူ ၄,၀၀၀ ခန့် ရှိခဲ့ကြောင်း Adams က ဆိုခဲ့ပြီး မကြာသေးမီလများအတွင်း တစ်ပတ်လျှင် ရွှေ့ပြောင်းအခြေချနေထိုင်သူ ၃၅၀ ခန့်အထိ အရေအတွက် ကျဆင်းသွားခဲ့သည်ဟု ၎င်းကဆိုပါသည်။

အမေရိကန်သမ္မတ Donald Trump ဒုတိယအကြိမ် တာဝန်ထမ်းဆောင်ပြီးနောက် တရားမဝင် ရွှေ့ပြောင်းအခြေချနေထိုင်မှုဆိုင်ရာ အစီအမံများကို တင်းကျပ်လာမှုနှင့်အတူ နယူးယောက်မြို့တွင်လည်း ယခုကဲ့သို့ ဆောင်ရွက်လာခြင်း ဖြစ်ပါသည်။

နယူးယောက်သည် လစ်ဘရယ်ဆန်သည့် လူဝင်မှုကြီးကြပ်ရေး မူဝါဒများကို ကိုင်ဆွဲထားလေ့ရှိပြီး ဒီမိုကရက်တစ်ပါတီဝင် မြို့တော်ဝန်သည် တရားမဝင် ရွှေ့ပြောင်းအခြေချနေထိုင်မှုဆိုင်ရာ ကိစ္စရပ်များ၌ Trump နှင့် ပူးပေါင်းဆောင်ရွက်သည့် ရပ်တည်ချက်ကို စတင် လုပ်ဆောင်လာခြင်း ဖြစ်သည်။

အဆိုပါလုပ်ဆောင်မှုအား Adams ၏ အကျင့်ပျက်ခြစားမှုဆိုင်ရာ စွဲချက်များအပေါ် အစိုးရရှေ့နေများက ရုပ်သိမ်းပေးရန် သမ္မတ Trump ၏ အစိုးရအဖွဲ့က အမိန့်ပေးခဲ့ခြင်းနှင့် ဆက်နွှယ်နေနိုင်ကြောင်း ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိပါသည်။

ကိုးကား-NHK World

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ဒုတိယညွှန်ကြားရေးမှူး၊နစက-၂