လွန်ခဲ့သည့် ၁၀ စုနှစ်တစ်ခုကျော်က ပျောက်ဆုံးသွားသည့် ခရီးသည်တင် လေယာဉ်အား ဗြိတိန်ကုမ္ပဏီ တစ်ခုက ပြန်လည်ရှာဖွေမည်
ဗြိတိန်နိုင်ငံမှ ရှာဖွေရေး ကုမ္ပဏီတစ်ခုသည် လွန်ခဲ့သည့် ၁၀ စုနှစ်တစ်ခုကျော်က ပျောက်ဆုံးသွားသည့် မလေးရှားလေကြောင်းလိုင်းပိုင် လေယာဉ်တစ်စင်းအား ပြန်လည်ရှာဖွေခြင်း လုပ်ငန်းကို စတင်ခဲ့ပြီဖြစ်ကြောင်း မလေးရှား သယ်ယူပို့ဆောင်ရေးဝန်ကြီး အန်တိုနီလုတ်က ဖေဖော်ဝါရီလ ၂၅ ရက်တွင် ပြောသည်။
ခရီးသည် ၂၃၉ ဦးကို တင်ဆောင်လာသည့် အဆိုပါ MH370 ခရီးသည်တင် လေယာဉ်သည် ၂၀၁၄ ခုနှစ် မတ်လ ၈ ရက်တွင် ကွာလာလမ်ပူမြို့မှ တရုတ်နိုင်ငံ ပေကျင်းမြို့သို့ ပျံသန်းလာစဉ် ပျောက်ဆုံးသွားခြင်းဖြစ်ပြီး ၎င်းလေယာဉ်အား ဗြိတိန်နိုင်ငံမှ Ocean Infinity ကုမ္ပဏီက အိန္ဒိယသမုဒ္ဒရာအတွင်း ပြန်လည်ရှာဖွေခဲ့ခြင်းဖြစ်သည်။
သို့သော် အဆိုပါကုမ္ပဏီက မည်သည့်အချိန်မှစ၍ လေယာဉ်ရှာဖွေမှုကိုပြန်လည် လုပ်ဆောင်ခဲ့သည်ကို အန်တိုနီလုတ်က အတိအကျထုတ်ပြန်ခဲ့ခြင်းမရှိပေ။ လက်ရှိတွင် Ocean Infinity ကုမ္ပဏီသည် ဩစတြေးလျနိုင်ငံ ပါ့ကမ်းလွန်မှ ကီလိုမီတာ ၁၅၀၀ အကွာရှိ အိန္ဒိယသမုဒ္ဒရာ အတွင်း၌ ရှာဖွေမှုကို ပြန်လည်လုပ်ဆောင် နေပြီဖြစ်ကြောင်း သိရသည်။
ယခုတစ်ကြိမ်ပြန်လည် လုပ်ဆောင်သည့် ရှာဖွေမှုတွင် လေကြောင်းကျွမ်းကျင်သူများက ရှာဖွေဖော်ထုတ်ထားသည့် အဓိကနေရာလေးခုတွင် ရေနက်ပိုင်း ထောက်ပံ့ရေးသင်္ဘောနှင့် ရေအောက်သွား မောင်းသူမဲ့ယာဉ်များကို အသုံးပြု၍ ဦးစားပေး ရှာဖွေသွားမည်ဖြစ်ကြောင်း သိရသည်။
MH370 ခရီးသည်တင်လေယာဉ်သည် မလေးရှားမှ တရုတ်နိုင်ငံသို့ ပျံသန်းလာစဉ် ထူးဆန်းစွာ ပျောက်ဆုံးသွားခြင်းဖြစ်သော်လည်း နောက်ဆုံးတွင် လေကြောင်း ထိန်းချုပ်မှု ချွတ်ယွင်းချက်ကြောင့်ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။
ပျောက်ဆုံးနေသည့် ခရီးသည်တင် လေယာဉ်အား ပြန်လည်တွေ့ရှိပါက Ocean Infinity ကုမ္ပဏီအနေဖြင့် ဒေါ်လာသန်း ၇၀ လက်ခံရရှိမည်ဖြစ်ပြီး လေယာဉ်အား ပြန်လည်ရှာဖွေနိုင်ခြင်း မရှိပါက မလေးရှားနိုင်ငံက မည်သည့် ငွေကြေးပေးချေမှုကိုမျှ လုပ်ဆောင်ရန် မလိုအပ်ကြောင်း သိရသည်။
Source: Myawady Web Portal