၂၀၁၄ ခုနှစ်အတွင်း ပျောက်ဆုံးသွားခဲ့သည့် Malaysia Airlines လေယာဉ်ကို ရှာဖွေမှု ပြန်လည်စတင်
လွန်ခဲ့သော ၁၁ နှစ်က ပျောက်ဆုံးသွားခဲ့သော လူ ၂၃၉ ဦး လိုက်ပါလာသည့် Malaysia Airlines မှ လေယာဉ်တစ်စင်းကို ရှာဖွေမှု ပြန်လည် စတင်ခဲ့သည်ဟု မလေးရှား သတင်းဌာနတစ်ခု၌ ဖော်ပြခဲ့သည်။
အဆိုပါလေယာဉ်သည် ၂၀၁၄ ခုနှစ်၊ မတ်လတွင် မလေးရှားမှ တရုတ် နိုင်ငံသို့ ပျံသန်းနေသည့် MH370 ခရီးစဉ်အတွင်း တောင်တရုတ် ပင်လယ်ပေါ်၌ ရေဒါမှ ပျောက်ကွယ်သွားခဲ့ခြင်းဖြစ်သည်။
မလေးရှားနှင့် အခြားနိုင်ငံများက ၎င်းလေယာဉ်၏ အစိတ်အပိုင်း အချို့ ကို ရှာဖွေတွေ့ရှိခဲ့သော်လည်း လေယာဉ်၏ နောက်ဆုံးအခြေအနေကို မည်သူမျှမဖော်ထုတ်နိုင်သေးဘဲ အဆိုပါဖြစ်ရပ်ကို လေကြောင်းပျံသန်းရေး သမိုင်း၌ အကြီးမားဆုံး လျှို့ဝှက်ဆန်းကြယ်မှုအဖြစ် ရှုမြင်လျက်ရှိကြသည်။
ပင်လယ်အတွင်း စူးစမ်းရှာဖွေရေးကုမ္ပဏီ Ocean Infinity က အိန္ဒိယသမုဒ္ဒရာအတွင်း ယခင်က မအောင်မြင်ခဲ့သော ရှာဖွေရေးကြိုးပမ်းမှုများကို တကျော့ပြန်စတင်ခဲ့ကြောင်း မလေးရှား သယ်ယူပို့ဆောင်ရေးဝန်ကြီး Anthony Loke Siew Fook က ဖေဖော်ဝါရီ ၂၅ ရက်နေ့၌ ပြောကြားခဲ့ပါတယ်။
မလေးရှားအစိုးရသည် ဒီဇင်ဘာလတွင် ၎င်းကုမ္ပဏီနှင့် ချုပ်ဆိုခဲ့သည့် အခြေခံသဘောတူညီချက်အရ ရှာဖွေရေးလုပ်ငန်းစဉ်ကို အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းအတွင်း စတုရန်းကီလိုမီတာ ၁၅,၀၀၀ ခန့် ဧရိယာ သတ်မှတ်ကာ ဆောင်ရွက်မည်ဟု ဆိုသည်။
အဆိုပါရှာဖွေရေးလုပ်ငန်းစဉ်သည် ခရီးစဉ်၌လိုက်ပါခဲ့သည့် ခရီးသည်များ၏ မိသားစုများအတွက်သာမက လေကြောင်းပျံသန်းရေး လုပ်ငန်းတစ်ခုလုံးအတွက်ပါ အဖြေအချို့ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း မလေးရှား သယ်ယူပို့ဆောင်ရေးဝန်ကြီး Anthony Loke Siew Fook က ပြောပါသည်။
ကိုးကား-NHK World
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂