အလိမ်ခံရမှုများကြောင့် ၂၀၂၄ ခုနှစ်အတွင်း စင်ကာပူနိုင်ငံသားများ ဒေါ်လာသန်း ၈၀၀ ကျော် ဆုံးရှုံးခဲ့ရ
စင်ကာပူ ဖေဖော်ဝါရီ ၂၇
၂၀၂၄ ခုနှစ်အတွင်း လိမ်လည်ခံရမှုများကြောင့် စင်ကာပူနိုင်ငံသားများဆုံးရှုံးခဲ့သော ငွေကြေးပမာဏမှာ စင်ကာပူဒေါ်လာ ၁ ဒသမ ၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၈၂၂ သန်း) ထိရှိခဲ့ကြောင်း စင်ကာပူရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၂၆ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
လိမ်လည်ခံရမှုကြောင့် ၂၀၂၄ ခုနှစ်အတွင်း စင်ကာပူနိုင်ငံသားများ ဆုံးရှုံးခဲ့သည့် ငွေကြေးပမာဏစုစုပေါင်း၏ လေးပုံတစ်ပုံခန့်မှာ ခရစ်တိုငွေကြေး လိမ်လည်မှုများကြောင့် ဆုံးရှုံးခဲ့ရသည့်ပမာဏဖြစ်ကြောင်း စင်ကာပူရဲတပ်ဖွဲ့တာဝန်ရှိသူများက ပြောကြားထားသည်။
အလိမ်ခံရမှုကြောင့် ၂၀၂၄ ခုနှစ်အတွင်း စင်ကာပူနိုင်ငံသားများ ဆုံးရှုံးခဲ့ရသော ငွေကြေးပမာဏသည် ၂၀၂၃ ခုနှစ်ကထက် ၇၀ ဒသမ ၆ ရာခိုင်နှုန်းမြင့်တက်လာကြောင်း သိရသည်။
နှိုင်းယှဉ်ကြည့်ပါက ၂၀၂၃ ခုနှစ်တွင် အလိမ်ခံရမှုကြောင့် စင်ကာပူနိုင်ငံသားများ ဆုံးရှုံးခဲ့ရသည့် ငွေကြေးပမာဏမှာ စင်ကာပူဒေါ်လာ ၆၅၁ ဒသမ ၈ သန်းထိ ရှိခဲ့သည်။
အလားတူ ၂၀၂၄ ခုနှစ်အတွင်း စင်ကာပူနိုင်ငံသားများ အလိမ်ခံရမှုများမှာလည်း ၂၀၂၃ ခုနှစ်ကထက် ၁၁ ရာခိုင်နှုန်းပိုများလာခဲ့ပြီး လိမ်လည်မှု ၈၁၅၀၁ မှုထိ ရှိခဲ့သည်။
အဆိုပါလိမ်လည်မှုများအနက် ၇၀ ရာခိုင်နှုန်းကျော်တို့မှာ စင်ကာပူဒေါ်လာ ၅၀၀၀ အောက် ဆုံးရှုံးခဲ့ရသည့် လိမ်လည်မှုများ ဖြစ်ကြကြောင်း သိရသည်။
Source: ရတနာပုံသတင်းစာ