ကင်ညာနိုင်ငံတွင် စားရေရိက္ခာ ဖူလုံမှုမရှိသူ အရေအတွက် ၂ ဒသမ ၁၅ သန်းအထိမြင့်တက်
အာဖရိကဒေသရှိ နိုင်ငံတစ်နိုင်ငံဖြစ်သည့် ကင်ညာနိုင်ငံတွင် စားရေရိက္ခာဖူလုံမှု မရှိသူအရေအတွက်သည် ယခုအခါ ၂ ဒသမ ၁၅ သန်းအထိမြင့်တက်လာပြီဖြစ်ကြောင်း အမျိုးသားမိုးခေါင်ရေရှားမှု စီမံခန့်ခွဲရေးအဖွဲ့ (NDMA) က ထုတ်ပြန်ထားသည်။
နိုင်ငံအတွင်း၌ သာမန်ထက်မိုးရွာသွန်းမှု နည်းပါးခြင်း၊ ပြီးခဲ့သည့် စိုက်ပျိုးရာသီမှ ထိန်းသိမ်းထားသည့် သီးနှံမျိုးစေ့များ နည်းပါးခြင်းတို့ကြောင့် စားရေရိက္ခာဖူလုံမှုတွင် ကွာဟချက်များဖြစ်ပွားခဲ့ရပြီး အာဟာရချို့တဲ့မှုများကို ဖြစ်ပေါ်လာစေကြောင်း NDMA က ဖေဖော်ဝါရီလ ၂၈ ရက်တွင် ပြောသည်။
စားရေရိက္ခာဖူလုံမှုမရှိသည့် အခြေအနေများသည် ယခုနှစ် မတ်လနှင့် မေလတို့တွင် ပိုမိုဆိုးရွားလာနိုင်သည်ဟု ခန့်မှန်းရပြီး နိုင်ငံအတွင်းရှိ ခန့်မှန်းခြေအရ လူဦးရေ ၂ ဒသမ ၈ သန်းခန့်သည်ဆိုးရွားသည့် အစားအစာလိုအပ်မှုနှင့် ကြုံတွေ့လာနိုင်သည်ဟု NDMA က ထုတ်ပြန်သည့် အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။
ထို့ပြင် နိုင်ငံအတွင်း၌ မိုးရွာသွန်းမှုလျော့ကျခြင်းကြောင့် တိရစ္ဆာန်များအတွက် စားကျက်မြေရှားပါးခြင်းနှင့် စားကျက်မြေအတွက် ပိုမိုဝေးကွာသည့် ဒေသများသို့ တိရစ္ဆာန်များကိုခေါ်ဆောင် သွားရခြင်းတို့ကြောင့် အသားထုတ်လုပ်မှုကိုပါ လျော့ကျလာစေလျက်ရှိသည်။
အလားတူပင် ကင်ညာနိုင်ငံ၏ နွားနို့ထုတ်လုပ်မှုမှာ ၂၅ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ လျော့ကျလာခြင်းကြောင့် နိုင်ငံအနောက်မြောက်ပိုင်း ဒေသများတွင် နွားနို့ဈေးနှုန်းမှာ ပိုမိုမြင့်တက်လာလျက် ရှိသည်။
Source: Myawady Web Portal