Nord Stream ကို ပြန်လည် လည်ပတ်ရန် အမေရိကန်က လျှို့ဝှက် ဆွေးနွေးနေ
အမေရိကန်သမ္မတ Donald Trump ၏ အထူးကိုယ်စားလှယ် Richard Grenell သည် Nord Stream 2 ဓာတ်ငွေ့ပိုက်လိုင်းကို ပြန်လည် တည်ဆောက်ရန်နှင့် ပြန်လည်လည်ပတ်ရန် ညှိနှိုင်းဆွေးနွေးရန် ဆွစ်ဇာလန်သို့ အကြိမ်ကြိမ်သွားရောက်ခဲ့ကြောင်း Bild သတင်းစာက မတ်လ ၂ ရက်(တနင်္ဂနွေနေ့)တွင် ဖော်ပြခဲ့သည်။
Nord Stream 2 သည် လည်ပတ်နှင့်ပြီးဖြစ်သော Nord Stream 1 ကို ဖြည့်စွက်ရန် ရည်ရွယ်ခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် ပြီးစီးခဲ့သော်လည်း လည်ပတ်ခြင်း မရှိခဲ့ပေ။ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတွင် ပိုက်လိုင်းများကို ဖောက်ခွဲခံခဲ့ရပြီး ဓာတ်ငွေ့ယိုစိမ့်မှုအများအပြား ဖြစ်ပေါ်စေ ခဲ့သည်။ လွန်ခဲ့သည့်နှစ် ဩဂုတ်လတွင် Wall Street Journal က အဆိုပါဖောက်ခွဲမှုကို ယူကရိန်းအဖွဲ့တစ်ဖွဲ့က လုပ်ဆောင်ခဲ့သည်ဟု ဖော်ပြခဲ့သည်။
Trump ၏ ပထမသက်တမ်းအတွင်း ဘာလင်တွင် သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော Grenell သည် ယခုအခါ “အထူးတာဝန်များ” အတွက် Trump ၏ ကိုယ်စားလှယ်ဖြစ်ပြီး Bild ၏ အဆိုအရ ၎င်းသည် Nord Stream ၏ လုပ်ငန်းပြန်လည် လည်ပတ်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးရန် ဆွစ်ဇာလန်နိုင်ငံသို့ တရားဝင်မဟုတ်သော ခရီးစဉ်များစွာ သွားရောက်ခဲ့သည်ဟု ဆိုသည်။
Trump သည် ၎င်း၏ပထမသက်တမ်းအတွင်း Nord Stream 2 ကို ဝေဖန်ခဲ့ပြီး ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ခဲ့ကာ ယခု ဒုတိယသက်တမ်း စတင်ပြီးနောက်ပိုင်းတွင် အမေရိကန်-ရုရှား ဆက်ဆံရေးကို ပိုမိုနီးကပ်စေရန် တွန်းအားပေးခဲ့ကာ ကုန်သွယ်ရေးကန့်သတ်ချက်များကို ဖြေလျှော့နိုင်ကြောင်း အရိပ်အမြွက်ပြခဲ့သည်။
ကိုးကား-RT
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂