ကလေးငယ်ပေါင်း ၂.၄ သန်းကို ကယ်တင်ခဲ့သော သြစတြေးလျ နိုင်ငံသား ကွယ်လွန်

News Image

  • ကလေးငယ်ပေါင်း ၂.၄ သန်းကို ကယ်တင်ခဲ့သော သြစတြေးလျ နိုင်ငံသား ကွယ်လွန်

ကမ္ဘာ့အထင်ရှားဆုံး သွေးလှူရှင်များထဲမှ တစ်ဦးဖြစ်သူ James Harrison သည် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ၎င်း၏ မိသားစုများနှင့်အတူ သြစတြေးလျနိုင်ငံ New South Wales ရှိ နေအိမ်တွင် အိပ်ပျော်နေစဉ်ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်၌ အသက် ၈၈ နှစ်အရွယ် ရှိပြီဟု သိရှိရပါသည်။

သြစတြေးလျနိုင်ငံတွင် “ရွှေလက်မောင်းရှင်လူသား” အဖြစ် လူသိများခဲ့သော Harrison ၏ သွေးတွင် Anti-D ဟုခေါ်သော ရှားပါး ပဋိပစ္စည်း တစ်မျိုးပါဝင်ပြီး၊ ယင်းပဋိပစ္စည်းကို မိမိ၏ကိုယ်ဝန်ဆောင် ကလေးငယ်များကို ပြန်လည်တိုက်ခိုက်နိုင်သည့် သွေးရှိသော ကိုယ်ဝန်ဆောင်မိခင် များအား ထိုးနှံပေးသည့် ဆေးဝါးများပြုလုပ်ရာတွင် အသုံးပြုခဲ့သည်။

သြစတြေးလျ ကြက်ခြေနီသွေးဝန်ဆောင်မှုအဖွဲ့က Harrison သည် အသက် ၁၄ နှစ်အရွယ်တွင် ရင်ဘတ်၌ ခွဲစိတ်မှုအကြီးစားတစ်ခု ခံယူရစဉ်က သွေးသွင်းကုသမှုများ ခံယူခဲ့ရပြီးနောက် သွေးလှူရှင်ဖြစ်လာရန် ကတိပြုခဲ့ကြောင်း ပြောကြားခဲ့သည်။

Harrison သည် အသက် ၁၈ နှစ်အရွယ်တွင် သွေးလှူဒါန်းခြင်းကို စတင်ခဲ့ပြီး အသက် ၈၁ နှစ်အရွယ်အထိ နှစ်ပတ်တစ်ကြိမ် ဆက်လက်လှူဒါန်းခဲ့သည်။

၂၀၀၅ ခုနှစ်တွင် ၎င်းသည် အများဆုံးသွေးလှူဒါန်းသူအဖြစ် ကမ္ဘာ့စံချိန်တင်ခဲ့ပြီး၊ ၂၀၂၂ ခုနှစ်တွင် အမေရိကန်နိုင်ငံမှ ပုဂ္ဂိုလ်တစ်ဦးက ၎င်း၏ စံချိန်ထက်သာလွန်သွားချိန်အထိ ထိုဂုဏ်ပုဒ်ကို ပိုင်ဆိုင်ခဲ့သည်။

Harrison ၏သမီး Tracey Mellowship က သူမ၏ဖခင်သည် “မည်သည့် နာကျင်မှုမျှ မခံစားရဘဲ လူပေါင်းများစွာကို ကယ်တင်နိုင်ခဲ့သည်ကို ဂုဏ်ယူကြောင်း” ပြောကြားခဲ့သည်။

Mellowship နှင့် Harrison ၏မြေးနှစ်ဦးသည်လည်း Anti-D ကာကွယ် ဆေးထိုးနှံခံထားရသူများ ဖြစ်ကြသည်။

Anti-D ထိုးဆေးများသည် သန္ဓေသားနှင့် မွေးကင်းစကလေးငယ်များအား သွေးနီဥဆဲလ်များ ပျက်စီးခြင်းရောဂါ (HDFN) မှ ကာကွယ်ပေးပြီး ကိုယ်ဝန်ဆောင်စဉ်တွင် မိခင်နှင့်ကလေး၏ သွေးနီဥဆဲလ်များ မတည့် သည့်အခါ ထိုအခြေအနေဖြစ်ပေါ်လာသည်။

မိခင်၏ကိုယ်ခံအားစနစ်က ကလေး၏သွေးနီဥဆဲလ်များကို အန္တရာယ်တစ်ခုအဖြစ် မှတ်ယူပြီး ၎င်းတို့ကို တိုက်ခိုက်ရန် ပဋိပစ္စည်းများ ထုတ်လုပ်ခြင်းကြောင့် ကလေးငယ်အား ပြင်းထန်သော သွေးအားနည်းရောဂါ၊ နှလုံးပျက်စီးခြင်း သို့မဟုတ် သေဆုံးခြင်းအထိ ဖြစ်စေနိုင်သည် ဟု သိရှိရပါသည်။

ကိုးကား-BBC