ပွင့်ဖြူမြို့နယ်၌ မိုးသီးနှံရာသီက စိုက်ပျိုးခဲ့သည့် ချည်မျှင်ရှည်ဝါသီးနှံ ၅၈၁၄ ဧက ရာနှုန်းပြည့် သိမ်းဆည်းပြီးစီး
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ၌ မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သည့် ချည်မျှင်ရှည်ဝါသီးနှံ ၅၈၁၄ ဧက ရာနှုန်း ပြည့်သိမ်းဆည်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်၌ ၂၀၂၄ ခုနှစ် မိုးသီးနှံ စိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများက သီးနှံဝင်ငွေ တိုးပွားစေရန်နှင့် သီးနှံစိုက်ပျိုး စွမ်းအား တိုးတက်မြင့်မားစေရန် ရည်ရွယ် ပြီး ချည်မျှင်ရှည်ဝါသီးနှံ ၅၈၁၄ ဧက စိုက်ပျိုး နိုင်ခဲ့ကာ အဆိုပါ ဝါသီးနှံစိုက်ခင်းများကို ဒေသခံတောင်သူများက ၂၀၂၄ ခုနှစ် ဒီဇင် ဘာလမှ စတင်သိမ်းဆည်းခဲ့ရာ ယနေ့တွင် ရာနှုန်းပြည့်သိမ်းဆည်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
“မိုးသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ် အတွင်း ချည်မျှင်ရှည်ဝါသီးနှံ ၅၈၁၄ ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။ ဝါသီးနှံစိုက်ခင်းများ ကို ဒေသခံတောင်သူတွေက အထွက်နှုန်း လျော့နည်းမှုမဖြစ်စေရေးအတွက် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာ စတင်သိမ်းဆည်းခဲ့ပြီး ဖေဖော်ဝါရီလတွင် ရာနှုန်းပြည့် သိမ်းဆည်း ပြီးစီးပြီ ဖြစ်ပါတယ်။ ဝါသီးနှံသိမ်းဆည်းခြင်း နဲ့ပတ်သက်ပြီး တောင်သူတွေကို အချိန်မီ ရိတ်သိမ်းနည်းပညာနဲ့ သိမ်းဆည်းပြီးတဲ့ ဝါ သီးနှံတွေ အရည်အသွေးကောင်းမွန်အောင် စနစ်တကျထားသို ထိန်းသိမ်းတတ်စေဖို့ အသိပညာပေးတာတွေ ကွင်းဆင်းဆောင် ရွက်ပေးပါတယ်။ ချည်မျှင်ရှည် ဝါသီးနှံက ဈေးကွက်ရှိတာကြောင့် ဒေသခံတောင်သူတွေက မိုးဦးနဲ့ မိုးနှောင်းမှာ အားထား စိုက်ပျိုးကြပါတယ်။ ယခုနှစ်မှာ ဝါသီးနှံ စိုက်ခင်းတွေက ပိုးမွှားအန္တရာယ်ကင်းပြီး အောင်မြင်ဖြစ်ထွန်းမှုရှိကာ ယခင်နှစ်က ထက် အထွက်နှုန်းများကောင်းမွန် ခဲ့ပါတယ်။ တစ်ဧကကို ၅၃၁ ပိဿာ ထွက်ရှိပါတယ်” ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ သည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ချည်မျှင်ရှည် ဝါသီးနှံ စိုက်ပျိုးတောင်သူများကို သီးနှံ ဝင်ငွေတိုးပွားစေရန်နှင့် အရည်အသွေး ကောင်းသော ဝါသီးနှံများထွက်ရှိစေရန် စိုက်ပျိုးရေးဦးစီးဌာနက ဒေသနှင့်ကိုက်ညီ သော မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင် ရေး၊ စိုက်နည်းစနစ်များမှန်ကန်စေရေး ၊ သီးနှံပိုးမွှားရောဂါ ကင်းရှင်းရေး ကာကွယ်နှိမ် နည်းလမ်းများ စသည့် တောင်သူပညာပေး လုပ်ငန်းများကို ပံ့ပိုးကူညီဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ပွင့်ဖြူ မြို့နယ်အတွင်း ချည်မျှင်ရှည်ဝါသီးနှံ စိုက်ပျိုး ခြင်းကို ကန်ပြည့်ကျေးရွာ၊ ကျွဲတိကျေးရွာ၊ မဒဲကျေးရွာ၊ ကျောင်းကုန်းကြီးကျေးရွာ၊ ကျစ်ကိုင်းကျေးရွာ၊ ရေပုတ်ကြီးကျေးရွာ ၊ ချောင်းဆုံကျေးရွာ၊ မဲဇလီကျေးရွာ၊ ဇီးတောကျေးရွာ၊ ကျွဲတံခါးကျေးရွာ၊ ကုလား ဟောင်းကျေးရွာ၊ မုန်းမြင့်ကျေးရွာနဲ့ ရေပုတ် လေးကျေးရွာရှိ ဒေသခံတောင်သူများက သီးနှံဝင်ငွေတိုးပွားစေရေး ချည်မျှင်ရှည်ဝါ ရွှေတောင်(၈)၊ ရွှေတောင်(၁၀) စသည့်ဝါသီးနှံ မျိုးများကို အားထားစိုက်ပျိုးကြပြီး မိုးရွာသွန်းမှု ကောင်းမွန်ခဲ့သဖြင့် ချည်မျှင်ရှည်ဝါသီးနှံ စိုက်ခင်းများမှာ အောင်မြင် ဖြစ်ထွန်းမှုရှိပြီး သီးနှံအထွက်နှုန်းများ ကောင်းမွန်ခဲ့ကြောင်း သိရသည်။
Source: https://myawady.net.mm/eco