ဇီလန်စကီးသည် အမေရိကန်၏ သဘောတူညီချက်ကို လက်မှတ် ရေးထိုးမည်ဖြစ်သော်လည်း အိမ်ဖြူတော်အား ပြန်လည်တောင်းပန်ရန်ကိုမူ လစ်လျူရှု
ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇီလန်စကီးသည် လွန်ခဲ့သည့် သီတင်းပတ်က အိမ်ဖြူတော်တွင် ကျင်းပခဲ့သောဆွေးနွေးပွဲ အကျည်းတန်စွာ ပြီးဆုံးခဲ့ပြီးနောက် အမေရိကန်နှင့် ရှားပါးသတ္တုသဘောတူညီချက်ကို လက်မှတ်ရေးထိုးမည်ဟု ကမ်းလှမ်းခဲ့သော်လည်း အိမ်ဖြူတော်မှ လိုလားသည့် တောင်းပန်ရန်ကိစ္စကိုမူ လစ်လျူရှုခဲ့ကြောင်း သိရှိရ ပါသည်။
ဇီလန်စကီးနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့သည် ယူကရိန်း ပဋိပက္ခတွင် ယာယီပစ်ခတ်မှုရပ်စဲရေး၊ လုံခြုံရေးအာမခံချက်များနှင့် သတ္တု သဘောတူညီချက်များအတွက် ရက်သတ္တပတ်များစွာ အချေအတင် ဖြစ်နေခဲ့ပြီး ဖေဖော်ဝါရီ ၂၈ ရက်(သောကြာနေ့)က Oval Office တွင် ယူကရိန်းခေါင်းဆောင်၊ ထရမ့်နှင့် ဒုတိယသမ္မတ J.D. Vance တို့အကြား အော်ဟစ်ငြင်းခုံမှုများဖြင့် အဆုံးသတ်ခဲ့သည်။
ဇီလန်စကီးက ကိယက်သည် ပဋိပက္ခကို အမြန်ဆုံးအဆုံးသတ်နိုင်ရေး လုပ်ဆောင်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် အကျဉ်းသားများ အပြန်အလှန်လွှတ်ပေးခြင်းဖြင့် စတင်ပြီး ဒုံးပျံများ၊ ဒရုန်းများဖြင့် စွမ်းအင်နှင့် အခြားအများပြည်သူ အခြေခံအဆောက်အအုံများကို တိုက်ခိုက်ခြင်း ကို တားမြစ်ခြင်းဖြင့် ချက်ချင်းပစ်ခတ်မှုရပ်စဲရေး စတင်မည်ဟု ပြောကြား ခဲ့သည်။
ဇီလန်စကီးက ပြီးခဲ့သည့်အပတ်က ဖြစ်ပွားခဲ့သော အချေအတင် ငြင်းခုံမှုကို နောင်တရမိသည်ဟု ဖော်ပြခဲ့သော်လည်း တောင်းပန်ခြင်း မပြုခဲ့ပေ။
ယူကရိန်းခေါင်းဆောင်အနေဖြင့် တရားဝင်လူသိရှင်ကြား တောင်းပန်မှုမပြုမချင်း သတ္တုသဘောတူညီချက်ကို ဆက်လက်ဆွေးနွေးရန် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း Fox News က အမေရိကန်အရာရှိကြီးတစ်ဦး၏ ထုတ်ပြန်ချက်ကို ကိုးကား၍ မတ်လ ၃ ရက်(တနင်္လာ)နေ့တွင် ဖော်ပြခဲ့သည်။
ထိုအတောအတွင်း ဝါရှင်တန်သည် ယူကရိန်းသို့ စစ်ရေးအကူအညီအားလုံးကို ယာယီရပ်ဆိုင်းလိုက်ကြောင်း မီဒီယာများ၌ ဖော်ပြခဲ့ကြသည်။
ကိုးကား-RT
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ဒုတိယညွှန်ကြားရေးမှူး၊နစက-၂