ဖခင်ဖြစ်သူ ဒူတာတေးကို ကူညီရန်အတွက် ဖိလစ်ပိုင်ဒုသမ္မတ နယ်သာလန်သို့ သွားရောက်

News Image

  • ဖခင်ဖြစ်သူ ဒူတာတေးကို ကူညီရန်အတွက် ဖိလစ်ပိုင်ဒုသမ္မတ နယ်သာလန်သို့ သွားရောက်

အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှုခုံရုံး (ICC) ၏ ဝရမ်းဖြင့် မနီလာတွင် ဖမ်းဆီးခံရပြီးနောက် သည်ဟိဂ့်သို့ ပါသွားသည့် ဖခင်ဖြစ်သူ ရိုဒရီဂို ဒူတာတေးကို ကူညီရန်အတွက် သမီးဖြစ်သူ ဖိလစ်ပိုင်ဒုသမ္မတ ဆာရာ ဒူတာတေးသည် နယ်သာလန်သို့ လိုက်သွားခဲ့သည်ဟု သိရသည်။

ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးသည် မနီလာလေဆိပ်တွင် မတ်လ ၁၁ ရက်(အင်္ဂါ)နေ့က ဖမ်းဆီးခံရပြီး ၎င်းအား နာရီပိုင်းအကြာတွင် သည်ဟိဂ့်သို့ လေယာဉ်ဖြင့် ခေါ်ဆောင်သွားခြင်းဖြစ်ပြီး ဖိလစ်ပိုင် ဒုသမ္မတ ဆာရာ ဒူတာတေးသည် မတ်လ ၁၃ ရက်(ဗုဒ္ဓဟူး)နေ့ နံနက်ပိုင်း လေယာဥ်ဖြင့် အမ်စတာဒမ်သို့ လိုက်ပါသွားခဲ့ကြောင်း သူမ၏ရုံးက ထုတ်ပြန်ခဲ့သည်။

ဒုသမ္မတ ဆာရာက သူမ၏ဖခင်သည် “ဖိနှိပ်မှုနှင့်ညှဉ်းပန်းနှိပ်စက်မှု” တို့ဖြင့် ဟိဂ့်သို့အတင်းအကျပ် ခေါ်ဆောင်သွားခြင်းခံရကြောင်း အစောပိုင်း ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့ပြီး ထိုသို့ပြုမူခြင်းသည် ၎င်းတို့၏ အချုပ်အခြာအာဏာကို ပြောင်ပြောင်တင်းတင်း စော်ကားခြင်းဖြစ်ကာ နိုင်ငံ၏လွတ်လပ်ရေးကို ယုံကြည်သော ဖိလစ်ပိုင်ပြည်သူတိုင်းကို စော်ကားခြင်းလည်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

လက်ရှိ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကိုစ့်ဂျူနီယာက သမ္မတဟောင်းအား ဖမ်းဆီးခြင်းနှင့် ICC သို့ လွှဲပြောင်းပေးခြင်းတို့ကို ကူညီဆောင်ရွက်ပေးရန် ၎င်းအစိုးရ၏ ဆုံးဖြတ်ချက်ကို ခုခံကာကွယ်ခဲ့ပြီး နိုင်ငံတကာရဲဌာန “အင်တာပိုလ်၏ ကတိကဝတ်များကို လိုက်နာခြင်း” ဟု ပြောကြားခဲ့ကြောင်း Rappler သတင်းစာက ဖော်ပြသည်။

ဒူတာတေး၏ အငယ်ဆုံးသမီးဖြစ်သော ဗာရိုနီကာဒူတာတေးက ၎င်း၏ ဖခင်ကို ပြန်လည်ခေါ်ဆောင်ရန် အစိုးရအား အတင်းအကျပ် ဖိအားပေးရန်အတွက် တရားရုံးချုပ်ထံ အသနားခံစာတင်သွင်းရန် စီစဉ်နေကြောင်း ဒူတာတေး၏ ဥပဒေအကြံပေး အကြီးအကဲဟောင်း ဆယ်ဗေဒိုပန်နီလို ကပြောကြားခဲ့ပြီး ဒုသမ္မတ ဆာရာသည်လည်း နယ်သာလန်တွင် ဖခင်၏ တရားဝင်အဖွဲ့ကို ကူညီပေးရန်စီစဉ်နေကြောင်း Rappler သတင်းစာက ဖော်ပြခဲ့သည်။

ကိုးကား-MHT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂