အပစ်အခတ်ရပ်စဲရေးကို ရုရှားက မူအားဖြင့် သဘောတူပြီး ရေရှည်တည်တံ့မည့် ငြိမ်းချမ်းရေး ထွက်ပေါ်လာစေရန် ကြိုးပမ်းရမည်ဟု ပူတင်ပြော
အမေရိကန်ကအဆိုပြုသည့် ယူကရိန်းတွင် ရက်ပေါင်း ၃၀ ကြာ အပစ်အခတ်ရပ်စဲရေးကို ရုရှားနိုင်ငံက မူအားဖြင့်သဘောတူပြီး ထိုသို့သောသဘောတူညီချက်မှတစ်ဆင့် ရေရှည်တည်တံ့မည့် ငြိမ်းချမ်းရေး ထွက်ပေါ်လာစေရန် ကြိုးပမ်းလုပ်ဆောင်ရမည် ဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားလိုက်ကြောင်း သိရသည်။
အမေရိကန်အစိုးရ၏ အပစ်အခတ် ရပ်စဲရေးစိတ်ကူးသည် မှန်ကန်သော ဆောင်ရွက်ချက်တစ်ရပ်ဖြစ်သည်ဟု ရုရှားနိုင်ငံက ယုံကြည်လျက်ရှိပြီး ယင်းစိတ်ကူးကို အပြည့်အဝထောက်ခံကြောင်း သမ္မတ ပူတင်က မတ်လ ၁၃ ရက်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတစ်ခု၌ သတင်းထောက်များကိုပြောသည်။
ရုရှားနိုင်ငံအနေဖြင့်လည်း အပစ်အခတ်ရပ်စဲရန် အသင့်ရှိကြောင်း ၎င်းကဆက်ပြောသည်။
ထို့ပြင် ယူကရိန်းပဋိပက္ခကို ငြိမ်းချမ်းသော နည်းလမ်းများဖြင့် ဖြေရှင်းခြင်းကို ရုရှားနိုင်ငံက သဘောတူသော်လည်း ရုရှားနှင့်ယူကရိန်းတို့ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မချမှတ်မီ အချို့ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးဖြေရှင်းရန် လိုအပ်နေဆဲဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
အထူးသဖြင့် ရုရှားနိုင်ငံအနေဖြင့် အဆိုပါကိစ္စရပ်များအား အမေရိကန်အစိုးရနှင့် ဆွေးနွေးရန် လိုအပ်လျက်ရှိသည်ဟု ပူတင်က ဆက်လက်ပြောကြားသည်။
အလားတူပင် ရုရှားနှင့် အမေရိကန်တို့ကြား ဆွေးနွေးရာတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ပုဂ္ဂိုလ်ရေးအရ ဆွေးနွေးရန်လိုအပ်သည်ဟု ပူတင်ကထပ်လောင်း ပြောကြားခဲ့ကြောင်း သိရသည်။
ရုရှားအစိုးရက ဆွေးနွေးရန်လိုအပ်နေသည့် ကိစ္စရပ်များတွင် ရုရှားနှင့် ယူကရိန်းတို့ကြား ချမှတ်မည့်အပစ်အခတ် ရပ်စဲရေးသဘောတူညီချက်ကို စောင့်ကြည့်ထိန်းချုပ်နိုင်မည့် စနစ်များ၊ ယူကရိန်းအစိုးရက အပစ်အခတ်ရပ်စဲရေးကို အသုံးချ၍ ရှေ့တန်းစစ်မျက်နှာရှိ ၎င်းတို့၏ စစ်သည်များအား လက်နက်နှင့်စစ်အင်အား ပြန်လည်ဖြည့်တင်းခြင်းတို့ကို လုပ်ဆောင်ရန် ကြိုးပမ်းလာနိုင်မှုတို့ ပါဝင်ကြောင်း သိရသည်။
တစ်ချိန်တည်းမှာပင် သမ္မတပူတင်သည် ထရမ့်၏ အထူးသံတမန် စတိဝှစ်ကော့နှင့် တွေ့ဆုံ၍ ဆွေးနွေးရန် လိုအပ်ချက်များကို ထရမ့်ထံသို့ ပေးပို့ခဲ့သည်ဟု မီဒီယာတစ်ခုတွင် ဖော်ပြသည်။
Source: https://myawady.net.mm/