နယူးယောက် နိုက်ကလပ် ပစ်ခတ်မှုတွင် လူ ၁၁ ဦး သေနတ်ပစ်ခံရ ၊ ၃ ဦးသေဆုံး
နယူးယောက်မြို့ ဘရွတ်ကလင်းအရပ်ရှိ နိုက်ကလပ်တစ်ခုတွင် ညအချိန် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူသုံးဦး သေဆုံးပြီး ရှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သြဂုတ် ၁၇ ရက်က မြို့တော်ရဲတပ်ဖွဲ့ကို ကိုးကား၍ NBC သတင်း၌ ဖော်ပြခဲ့သည်။ Crown Heights အနီးရှိ Taste of The City Lounge ကလပ်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း နယူးယောက် ရဲတပ်ဖွဲ့ ရဲမင်းကြီး Jessica Tisch က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
အရှေ့တိုင်းစံတော်ချိန် နံနက် ၃း၃၀ နာရီ (ဂရင်းနစ်စံတော်ချိန် ၀၈၃၀) မတိုင်မီ တာဝန်ရှိသူများက ပစ်ခတ်မှုဖြစ်ပွားကြောင်း ဖုန်းခေါ်ဆိုမှုများ ကို တုံ့ပြန် ဆောင်ရွက်ခဲ့ကြောင်း ထပ်မံပြောဆိုခဲ့သည်. သေဆုံးသူ သုံးဦး မှာ အမျိုးသားများဖြစ်ကြောင်းနှင့် အခင်းဖြစ်ရာနေရာတွင်ပင် သေဆုံး ခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
လူအုပ်အတွင်း အငြင်းပွားမှုကြောင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အခင်းဖြစ်ရာ နေရာတွင် အနည်းဆုံးကျည်ခွံ ၃၆ ခု တွေ့ရှိခဲ့သည်။ အဆိုပါဖြစ်ရပ်တွင် ပစ်ခတ်သူများစွာ ပါဝင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးလျက်ရှိကြောင်းနှင့် တစ်ဦးတစ်ယောက်ကိုမျှ ဖမ်းဆီးထားခြင်းမရှိကြောင်း Tisch က ထပ်မံပြောဆိုခဲ့သည်။
အမျိုးသား ငါးဦးနှင့် အမျိုးသမီး သုံးဦး ဆေးရုံတွင် ကုသမှုခံယူလျက်ရှိပြီး အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေတွင် မရှိကြောင်း ၎င်းက ပြောဆိုခဲ့သည်။ “ယင်းသည် နယူးယောက်မြို့တွင် ဖြစ်ပွားခဲ့သည် ကြောက်မက်ဖွယ် ပစ်ခတ်မှုတစ်ခုဖြစ်ပါသည်” ဟု Tisch က ပြောဆို ခဲ့သည်။
ကိုးကား- Xinhua
Photo Crd to tasnimnews