ထိုင်းနိုင်ငံမှ မလေးရှားခရီးသွားများ မီးရှို့တိုက်ခိုက်ခံရမှုဖြစ်စဉ် အပြီး ခရီးသွားလာရေး လုံခြုံမှု မြှင့်တင်ရန် ကတိပြု

News Image

  • ထိုင်းနိုင်ငံမှ မလေးရှားခရီးသွားများ မီးရှို့တိုက်ခိုက်ခံရမှုဖြစ်စဉ် အပြီး ခရီးသွားလာရေး လုံခြုံမှု မြှင့်တင်ရန် ကတိပြု

ထိုင်းနိုင်ငံ၏ ခရီးသွားလာရေးနှင့် အားကစားဝန်ကြီးဌာနသည် ဗန်ကောက် မြို့လယ်တွင် အလုပ်လက်မဲ့တစ်ဦးမှ မလေးရှားနိုင်ငံသား စုံတွဲတစ်တွဲ အား မီးရှို့တိုက်ခိုက်မှုဖြစ်စဉ်အပြီး ခရီးသွား ဧည့်သည်များ၏ လုံခြုံရေး အား မြှင့်တင်ရန်ကတိပြုခဲ့သည်။

ဝန်ကြီးဌာနမှ ခရီးသွားများနှင့် ဒေသခံများ၏ ယုံကြည်မှုကို ပြန်လည် ရရှိစေရန် လုံခြုံရေးအစီအမံများ ပိုမိုကောင်းမွန်လာမည်ဟု ကြေညာ ခဲ့သည်။ ခရီးသွားရဲတပ်ဖွဲ့မှူး ဒုတိယဗိုလ်မှူးကြီး Saksira Phuak-um မှလည်း အလားတူ ကတိကဝတ်ပြုခဲ့သည်။

အဆိုပါဖြစ်စဉ်တွင် မလေးရှားနိုင်ငံသား One Yik Leong (၂၆ နှစ်) နှင့် ၎င်း၏ချစ်သူ Gan Xiao Zhen (၂၇ နှစ်) တို့အား Varakorn Pubthaisong (၃၀ နှစ်) မှ မီးရှို့တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ၎င်းသည် ဗန်ကောက် မြို့လယ် ရှိ Big C စတိုးဆိုင်အနီးတွင် စုံတွဲအား ဓာတုပစ္စည်းဖြင့် လောင်းချပြီး မီးရှို့ခဲ့သည်။

ဒဏ်ရာပြင်းထန်စွာရရှိခဲ့သော ယင်းစုံတွဲကို ဆေးရုံသို့ အမြန်ပို့ဆောင် ခဲ့သည်။ တိုက်ခိုက်သူအား ဖမ်းဆီးမိပြီး ရဲတပ်ဖွဲ့သို့ လွှဲအပ်ခဲ့ပြီး ၎င်းသည် အလုပ်လက်မဲ့ဖြစ်နေမှုကြောင့် စိတ်ဖိစီးမှုဖြင့် ထိုကဲ့သို့ လုပ်ဆောင်ခဲ့သည်ဟု ဖော်ပြခဲ့သည်။

ဒဏ်ရာရခရီးသွားများအတွက် ထိုင်းအစိုးရမှ လျော်ကြေးငွေပေးအပ်ရန် ကတိပြုထားပြီး မလေးရှားအစိုးရကလည်း ထိုင်းအာဏာပိုင်များ၏ စုံစမ်းစစ်ဆေးမှုကို ယုံကြည်ကြောင်း ထုတ်ပြန်ခဲ့သည်။

အဆိုပါဖြစ်ရပ်သည် ထိုင်း၏ ခရီးသွားလုပ်ငန်းကို COVID-19 မတိုင်မီ အဆင့်သို့ ပြန်လည်ရောက်ရှိရန် ကြိုးပမ်းမှုများအတွက် အဟန့်အတား ဖြစ်စေခဲ့သည်။ သို့သော် ထိုင်းနိုင်ငံသည် အာရှတွင် ပြည်ပခရီးသွားများ အများဆုံးလာရောက်လည်ပတ်လေ့ရှိသော ခရီးသွားနေရာအဖြစ် ဆက်လက် ရပ်တည်နေဆဲဖြစ်သည်။

ကိုးကား- Bangkok Post

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂