တရုတ်ခရီးသည်များကို ဗီဇာကင်းလွတ်ခွင့်ပေးရန် တောင်ကိုရီးယားအစိုးရ စီစဉ်ထား
ဆိုးလ် မတ် ၂၀
ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် ယခုနှစ် တတိယသုံးလပတ်အတွင်း တရုတ်ခရီးသွားဧည့်သည်များကို ဗီဇာကင်းလွတ်ခွင့်ပေးရန် တောင်ကိုရီးယားနိုင်ငံက စီစဉ်ထားကြောင်း ယနေ့သတင်းများတွင် ဖော်ပြထားသည်။
တောင်ကိုရီးယားနိုင်ငံခြားခရီးသွားဧည့်သည်များကို ဗီဇာမဲ့ပြည်ဝင်ခွင့်ပေးထားမှုကို တရုတ်အစိုးရက သက်တမ်းထပ်တိုးပေးခဲ့ပြီးနောက် တရုတ်ခရီးသွားဧည့်သည်များကို ဗီဇာကင်းလွတ်ခွင့်ပေးရန် တောင်ကိုရီးယားအစိုးရက စီစဉ်ထားခြင်းဖြစ်သည်။
တောင်ကိုရီးယားနိုင်ငံသို့ တရုတ်ခရီးသွားဧည့်သည်များ ဝင်ရောက်မှုကို မြှင့်တင်ရေးအတွက် တရုတ်ခရီးသွားဧည်သည်များကို ယခုနှစ် တတိယသုံးလပတ်ကာလအတွင်း ဗီဇာကင်းလွတ်ခွင့်ပေးမည်ဖြစ်ကြောင်း တောင်ကိုရီးယား ယာယီသမ္မတ ချွိုင်ဆန်မော့ခ် က ပြောကြားထားသည်။
တောင်ကိုရီးယားနိုင်ငံသည် ယခုနှစ် စတုတ္ထ သုံးလပတ်အတွင်း အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (အေပက်) ထိပ်သီးညီလာခံကို လက်ခံကျင်းပရန် စီစဉ်ထားသည်။
အဆိုပါ အေပက်ထိပ်သီးညီလာခံကို ယဉ်ကျေးမှုအမွေအနှစ်ခရီးသွားမြို့တော်အဖြစ် ထင်ရှားသော ဂျောင်ဂျူမြို့၌ ကျင်းပရန် စီစဉ်ထားသည်။
ပြီးခဲ့သည့်နှစ်အတွင်း တောင်ကိုရီးယားနိုင်ငံသို့ ခရီးသွားဧည့်သည် ၁၆ ဒသမ ၄ သန်း ဝင်ရောက်ခဲ့ရာ ၂၈ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံသားများဖြစ်ကြောင်း သိရသည်။
Source: ရတနာပုံသတင်းစာ