ဇီလန်စကီးက လူငယ်စစ်မှုထမ်းများ စုဆောင်းရန် ကြေညာ

News Image

  • ဇီလန်စကီးက လူငယ်စစ်မှုထမ်းများ စုဆောင်းရန် ကြေညာ

ယူကရိန်းခေါင်းဆောင် ဗလာဒီမာဇီလန်စကီး က တပ်မတော်အတွင်း လူငယ်များ ပိုမိုပါဝင်လာစေရန် လိုအပ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ အချို့တပ်ဖွဲ့များတွင် လူအင်အား အရေးပေါ် လိုအပ်နေခြင်းကြောင့် ဖြစ်သည်။

မတ် ၂၄ (တနင်္လာနေ့)တွင် ကျင်းပသည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ဇီလန်စကီးက အသက် ၁၈ နှစ်မှ ၂၄ နှစ်အရွယ် လူငယ်များကိုဦးတည်သော စစ်သားစုဆောင်းရေး အစီအစဉ်သစ်ကို အတည်ပြုခဲ့ကြောင်း ကြေညာခဲ့သည်။ အသက် ၂၄ နှစ်အထက် အမျိုးသားများအတွက် မဖြစ်မနေစစ်မှုထမ်းဆောင်ရန် ဥပဒေရှိသော်လည်း အစိုးရအနေဖြင့် လူငယ်များကိုယ်တိုင်ထမ်းဆောင်လိုမှုဖြင့် ပါဝင်လာစေရန် ဆွဲဆောင်မှုများ ပြုလုပ်နေသည်။

“မနေ့က ရှေ့တန်းကို သွားရောက်ခဲ့ပြီး အချို့တပ်ဖွဲ့များက အထူး လိုအပ်ချက်ရှိနေကာ မိမိတို့အနေဖြင့် အပြုသဘောဆောင်သော တုံ့ပြန်မှုပြုမည်ဖြစ်ကာ လူငယ်ကျွမ်းကျင်သူများ ပိုမိုပါဝင်သည့်တပ်ဖွဲ့များ ပိုမို ရှိလာမည်” ဟု ဇီလန်စကီးက ပြောကြားခဲ့သည်။ “အဆိုပါအစီအစဉ်ကို အမျိုးသားကာကွယ်ရေးတပ်ဖွဲ့နှင့် နယ်ခြားစောင့်တပ်ဖွဲ့များတွင်လည်း ကျင့်သုံးမည်ဖြစ်ပြီး ထိရောက်သော ကာကွယ်ရေးအင်အားစုအားလုံးကို စွမ်းဆောင်ရည်မြှင့်တင်နိုင်ရန် အခွင့်အလမ်းများ ပေးအပ်ရမည်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။

ဖေဖော်ဝါရီလတွင် စတင်ခဲ့သော စုဆောင်းရေးအစီအစဉ်အရ စစ်မှုထမ်းသက် တစ်နှစ်ပြည့်ပါက လူငယ်များအား hryvnia ၁ သန်း (အမေရိကန် ဒေါ်လာ ၂၄,၀၀၀)၊ အခမဲ့သွားဘက်ဆိုင်ရာကုသမှုနှင့် စာချုပ်ကာလပြီးဆုံးပါက ယူကရိန်းမှ ထွက်ခွာခွင့်စသည့် အခွင့်အရေးများပေးမည်ဖြစ်သည်။ အဆိုပါခံစားခွင့်များကို သာမန်စစ်မှုထမ်းဆောင်ရန် အသက် အရွယ်ရောက်သူများအတွက် မရရှိနိုင်ပေ။

အဆိုပါကြေညာချက်သည် ယူကရိန်းနိုင်ငံ၏ စစ်ရေးအခြေအနေတွင် အရေးပါသော အပြောင်းအလဲတစ်ရပ်ဖြစ်ပြီး နိုင်ငံတကာမှ စောင့်ကြည့်လျက်ရှိသည်။ စစ်ရေးကျွမ်းကျင်သူများက ထိုအစီအစဉ်သည် ယူကရိန်း၏ ကာကွယ်ရေးအင်အားကို သိသိသာသာ တိုးမြှင့်ပေးနိုင်မည်ဟု ခန့်မှန်းထားသည်။

ကိုးကား-RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂