ကျောက်ကြမ်းပြတ်ရွေ့နှင့် ပတ်သက်၍အလွန်အမင်းစိုးရိမ်ဖွယ်မရှိ
အွန်လိုင်းတွင် ပျံ့နှံ့နေသော ကျောက်ကြမ်းပြတ်ရွေ့နှင့်ပတ်သက်၍ အလွန်အမင်းစိုးရိမ်ဖွယ်မရှိကြောင်း NP News က မိုးလေဝသနှင့် ဇလဗေဒ ပညာရှင် ဦးဝင်းနိုင်ကို မေးမြန်းထားချက်အရ သိရသည်။ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာထက်တွင် ကျောက်ကြမ်းပြတ်ရွေ့နှင့်ပတ်သက်၍ အလွန်အမင်းချဲ့ကားပြောဆိုမှုများရှိနေသည့်အပေါ် NP News က မေးမြန်းခဲ့ရာ ဦးဝင်းနိုင်က ပြန်လည်ရှင်းပြခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် စစ်ကိုင်း ပြတ်ရွေ့အပါအဝင် ကျောက်ကြမ်းပြတ်ရွေ့၊ ကဘော်ပြတ်ရွေ့၊ ရွှေတြိဂံ ပြတ်ရွေ့၊ မိုးမိတ်ပြတ်ရွေ့၊ ချင်းတွင်းပြတ်ရွေ့၊ ဒေးဒရဲပြတ်ရွေ့စသော ပြတ်ရွေ့များရှိကြောင်းသိရသည်။ အဆိုပါပြတ်ရွေ့ကို ကျောက်ကြမ်း ရွာကို အစွဲပြုကာ ခေါ်ဆိုခဲ့ခြင်းဖြစ်ပြီး ရှမ်းပြည်နယ်မှ ထိုင်းနိုင်ငံဘက် အထိ (၅၁၀) ကီလိုမီတာခန့်အရှည်တည်ရှိကြောင်း သိရသည်။ ကျောက်ကြမ်း ပြတ်ရွေ့ကြောင့် (၁၉၁၂) ခုနှစ်တွင် မြန်မာနိုင်ငံ၌ ရစ်ချ်တာစကေး ၈ ဖြင့် မေမြို့အနီး၌ အင်အားအပြင်းဆုံး မြေငလျင် လှုပ်ခတ်မှု ဖြစ်ပွားခဲ့သေးသည်။ “တကယ်အတိအကျ ကြိုတင်ပြီး ခန့်မှန်း၍ မရပါကြောင်း၊ မိမိ အနေဖြင့် ပြောမယ်ဆိုရင်ပါက စစ်ကိုင်းပြတ်ရွေ့ကြီး အပေါ်က ငလျင်ကြီး လှုပ်လိုက်သည့်အတွက် ကျောက်ကြမ်းပြတ်ရွေ့အပါအဝင် ကျန်သည့် ပြတ်ရွေ့ အသေးလေးများ အများကြီးရှိရာ ယင်းတို့ကို သက်ရောက်မှု ဖြစ်ပေါ်ကြောင်း၊ မြေပြင်အက် ကွဲမှုအပိုင်းလည်း ဖြစ်ပေါ်ခြင်းများ ရှိကြောင်း၊ ထို့အပြင် ငလျင်၏သက်ရောက်မှု၊ ငလျင်ကြီး၏သက်ရောက်မှုကြောင့် ပြတ်ရွေ့များလှုပ်ရှားသွားသည်မှာ မှန်ကြောင်း၊ သို့သော် ထိုသို့ လှုပ်ရှား သွားခြင်းကြောင့် ၎င်းတို့ဆီမှာ ငလျင်ငယ်များ လှုပ်သည်သာရှိမည် ဖြစ်ကြောင်း၊ ငလျင်ကြီးတော့ ယခုရက်ပိုင်းအတွင်း ၊ လပိုင်းအတွင်းမှာ လှုပ်လာစရာ အကြောင်းမရှိကြောင်း၊ အယူအဆဖြင့် တွေးပြီးတော့ ဖြစ်နိုင်ခြေရှိသည် ကို တွေးကြည့်သည့် သဘောဖြစ်ပါကြောင်း”ဟု ၎င်းကပြောသည်။ သို့သော် ငလျင်ကြောများပေါ်တွင် မြို့များတည်ရှိသည့်အတွက် ငလျင်နှင့် ပတ်သက် သောအန္တရာယ်ကို မည်သူမဆို အမြဲသတိထားနေသင့်ကြောင်း ၎င်းက ဆိုသည်။ “အဓိကကတော့ စိုးရိမ်ကြောင့်ကြမှု လွန်ကဲခြင်းမျိုး မဖြစ်ရန် အပြင် သိပ္ပံနည်းကျကျမှန်းဆပြီးတော့ ခန့်မှန်းသည့်နည်းလမ်းကလွဲ၍ ကျန်သည့်ကြိုတင်ခန့်မှန်းဟောကိန်းထုတ်ခြင်းကို ယုံကြည်မှု လွန်ကဲကာ ထိုခန့်မှန်းချက် နောက်ကို လိုက်မသွားရန် လိုကြောင်း၊ မဟုတ်ပါက စိတ်သောက တောက်လျှောက်ရနေပြီး အိမ်ထဲမနေရဲ အပြင်ပဲထွက်အိပ် ရသည်အဖြစ်မျိုး ဖြစ်နေလိမ့်မည်”ဟု ၎င်းက အကြံပြုပြောသည်။ လက်ရှိတွင် မြန်မာနိုင်ငံ၌ မတ်လ (၂၈) ရက်က အင်အား (၇ ဒသမ ၇) ဖြင့် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးအပါအဝင် ဧပြီ (၂၂)ရက် အထိ နောက်ဆက်တွဲငလျင်ငယ် စုစုပေါင်း (၁၅၃) ကြိမ်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒပြန်ကြားမှုဦးစီးဌာန၏ ဧပြီလ (၂၁)ရက်၊ ညနေ (၄)နာရီဝန်းကျင် ထုတ်ပြန်ချက်အရ သိရသည်။ ငလျင်သည် မည်သည့် အချိန်၊ မည်သည့်နေရာတွင်လှုပ်ရှားမည်ကို ယနေ့အချိန်ထိ ကမ္ဘာပေါ်တွင် မည်သည့်နိုင်ငံ၊ မည်သည့်ငလျင်ပညာရှင်မှ တိတိကျကျ ကြိုတင်မခန့် မှန်းနိုင်သော သဘာဝဘေးတစ်မျိုး ဖြစ်ကြောင်း ပညာရှင်များက ဆိုထား သည်။
ကိုးကား-NP News