အာဏာသိမ်းမှု ထပ်မံမဖြစ်ပွားဟု မည်သူမှအာမ မခံနိုင်ကြောင်း ထိုင်း ကာကွယ်ရေးဝန်ကြီးပြော

News Image

  • အာဏာသိမ်းမှု ထပ်မံမဖြစ်ပွားဟု မည်သူမှအာမ မခံနိုင်ကြောင်း ထိုင်း ကာကွယ်ရေးဝန်ကြီးပြော

ထိုင်းနိုင်ငံ၌ အနာဂတ်တွင် အာဏာသိမ်းမှုဖြစ်ပွားလာနိုင်ဖွယ် ရှိနေသည် ဆိုသောအချက်နှင့်ပတ်သက်ပြီး ပြောဆိုချက်များကို ထိုင်း ကာကွယ်ရေး ဝန်ကြီး ဝီချာရာချိုင်းက ငြင်းဆန်ခြင်းမျိုးမရှိခဲ့ကြောင်း သိရသည်။ ထိုင်း နိုင်ငံသည် အာဏာသိမ်းမှုများထပ်မံ ဖြစ်လာနိုင်သော အလားအလာများ ရှိနေသည်ဟု ပြီးခဲ့သောရက်ပိုင်းတွင် သတင်းများလည်း ထွက်ပေါ် ခဲ့သည်။ 

ထိုင်းကာကွယ်ရေးဝန်ကြီးက သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးအနေဖြင့် ဒီမိုကရေစီအင်စတီကျူးရှင်းပိုင်း ပိုမိုကောင်းမွန်စေရန် အတိတ်သမိုင်းကို သင်ခန်းစာယူရမည်ဖြစ်ကြောင်းတိုက်တွန်းပြောခဲ့သည်။ ထိုင်းနိုင်ငံအနေဖြင့် ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက်နစ်နာဖွယ် ရှိသည့်အရာများကို မလုပ်ဆောင်ရန် သတိထားရမည်ဖြစ်သလို ဒီမို ကရေစီလုပ်ငန်းများကို လိုက်နာခြင်း၊ သည်းခံခြင်းများ ရှိရန် အဓိက အရေးကြီးကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီး ဝီချာရာချိုင်းက ပြောသည်။

ထိုင်းနိုင်ငံသည် ပြီးခဲ့သော (၂၀၁၄) ခုနှစ်တွင် စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့ရာ အဆိုပါအာဏာသိမ်းမှုမျိုး ထပ်မံ မဖြစ်ပွားဟု မည်သူမှ အာမမခံ နိုင်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးက ပြောသည်။ လက်ရှိ စစ်ခေါင်းဆောင်များနှင့်အတူ အလုပ်လုပ်ရသည့်အတွေ့ကြုံများအရ လက်ရှိ စစ်ခေါင်းဆောင်များသည် ခေတ်မီတိုးတက်သော အမြင်ရှိသူများ ဖြစ်ကြောင်း၊ စစ်ခေါင်းဆောင်များသည် ကမ္ဘာ့အပြောင်းအလဲအခြေအနေများကို နားလည်မှုရှိသူများဖြစ်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးက ထပ်မံ ပြောဆိုခဲ့သည်။ 

ထိုင်းကာကွယ်ရေးဝန်ကြီးက “နိုင်ငံသားများသည် ၎င်းတို့၏အခွင့်အရေး နှင့် လွတ်လပ်ခွင့်များကို ပိုတန်ဖိုးထားပြီး စစ်တပ်အာဏာသိမ်းမှုမဖြစ်အောင် ထိုင်းလူ့အဖွဲ့အစည်းက တဖြည်းဖြည်း ပိုကြီးသည့် ဒီမိုကရေစီဆီ ဦးတည်ရွေ့လျားရန် လိုအပ်ပါသည်။ ပြဿနာများကို ငြိမ်းချမ်းစွာနှင့် ရေရှည်တည်တံ့ခိုင်မြဲစွာဖြေရှင်းနိုင်ပါသည်။ ကဏ္ဍ အားလုံးမှာအမြဲသတိနှင့် နားလည်မှုရှိရန် လိုအပ်ပါသည်။ အာဏာသိမ်းမှု များသည် လူမှုပြဿနာများအတွက် အဖြေမရှိသလို ဒီမိုကရေစီ ဖွံ့ဖြိုး တိုးတက်မှုနှင့်လည်း မကိုက်ညီပါ။ ဒီမိုကရေစီ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် အချိန်ယူလုပ်ကိုင်ရမှာဖြစ်ပါသည်။ သက်ဆိုင်ရာအဖွဲ့စည်း အားလုံးသည် ပြဿနာများကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်အောင် ဒီမိုကရေစီ အခြေခံများကို လိုက်နာကျင့်သုံးရမှာလည်းဖြစ်ပါသည်” ဟု ပြောသည်။ 

ထိုင်းနိုင်ငံသည် အာဆီယံဒေသအတွင်းနိုင်ငံများအနက် စစ်အာဏာသိမ်းမှု အကြိမ်ရေအတွက် အများဆုံးဖြစ်ပွားခဲ့ဖူးသော နိုင်ငံများစာရင်း၌ ထိပ်ဆုံးတွင်ရပ်တည်နေကြောင်း သိရသည်။

ကိုးကား- NP News