ထရမ့်က ပူတင်အပေါ် အမျက်ထွက်နေပြီး ဒဏ်ခတ် အရေးယူမှုအသစ်များ လုပ်ဆောင်မည်ဟုဆို
သမ္မတ ဒေါ်နယ်ထရမ့်နှင့် ရုရှားခေါင်းဆောင် ဗလာဒီမာ ပူတင်တို့ လွန်ခဲ့သည့်သီတင်းပတ်က ဖုန်းဆက်ဆွေးနွေးခဲ့စဉ် ပူတင်က ယူကရိန်းနှင့် စစ်ပြေငြိမ်းရေး သဘောတူညီချက်ရရှိရန် ရုရှား၏ လိုလားချက်များကို ဖော်ပြထားသည့် “ငြိမ်းချမ်းရေး စာချွန်လွှာ” ကို ရက်ပိုင်းအတွင်း ရေးဆွဲပေးပို့မည်ဟု ကတိပြုခဲ့ကြောင်း အိမ်ဖြူတော် အရာရှိတစ်ဦးက ပြောသည်။
သို့သော် ထိုဖုန်းစကားပြောဆိုပြီး တစ်ပတ်ကျော်ကြာသော်လည်း အမေရိကန်သည် ရုရှားထံမှ ထိုစာချွန်လွှာကို မရရှိသေးကြောင်း အရင်းအမြစ်များက ဆိုသည်။ ယခုအခါ ထရမ့်သည် ရုရှားအပေါ် အမျက်ထွက် နေပြီး ရက်အနည်းငယ်အတွင်း မော်စကိုအပေါ် ဒဏ်ခတ် အရေးယူမှုအသစ်များ စတင်ရန် စဉ်းစားနေကြောင်း အဆိုပါကိစ္စနှင့်ပတ်သက်၍ နီးစပ်သူများက ပြောသည်။
မော်စကို ကို အရေးယူရန် အစီအမံအသစ်များကို ပြီးခဲ့သည့် ရက် သတ္တပတ် အနည်းငယ်အတွင်း ရေးဆွဲထားသော်လည်း ယခုအထိ ထရမ့် က အတည်မပြုရသေးပေ။ ဒုံးကျည်နှင့် ဒရုန်းတိုက်ခိုက်မှုများကြောင့်လူအများသေဆုံးပြီးနောက် တနင်္ဂနွေနေ့ (မေ ၂၅) တွင် သမ္မတက အမေရိကန်သည် အရေးယူမှုအသစ်များကို အမှန်တကယ် လုပ်ဆောင်ရန် စဉ်းစားမည်ဟု ပြောကြားခဲ့သည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂