ကိယက်ဗ်က ရုရှားနိုင်ငံ ဒေသ (၅) ခုရှိ စစ်ဘက်ဆိုင်ရာ လေယာဉ်ကွင်းများကို တိုက်ခိုက်ခဲ့

News Image

  • ကိယက်ဗ်က ရုရှားနိုင်ငံ ဒေသ (၅) ခုရှိ စစ်ဘက်ဆိုင်ရာ လေယာဉ်ကွင်းများကို တိုက်ခိုက်ခဲ့

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့ (ဇွန် ၁) တွင် ထုတ်ပြန်ချက် အရ ကိယက်ဗ်မှ တာဝန်ရှိသည်ဟု စွပ်စွဲထားသော ကမီကာဇေ ဒရုန်း တိုက်ခိုက်မှုများဖြင့် ရုရှားနိုင်ငံတစ်ဝှမ်းရှိ စစ်ဘက်ဆိုင်ရာ လေယာဉ်ကွင်း များကို တိုက်ခိုက်ခံခဲ့ရကြောင်းသိရှိရသည်။ အများစုမှာ အောင်မြင်စွာ ကာကွယ်နိုင်ခဲ့သော်လည်း အချို့တွင် ပစ္စည်းထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ် ခဲ့ကြောင်း ဝန်ကြီးဌာနက ဖြည့်စွက်ပြောကြားခဲ့သည်။

ထိုတိုက်ခိုက်မှုများတွင် မြောက်ဘက်ရှိ Murmansk ဒေသ၊ ဗဟိုရုရှားရှိ Ivanovo နှင့် Ryazan ဒေသများ၊ ဆိုက်ဘေးရီးယားရှိ Irkutsk ဒေသနှင့် အရှေ့ဖျားရှိ Amur ဒေသတို့မှ လေယာဉ်ကွင်းများ ပစ်မှတ်ထား တိုက်ခိုက် ခံခဲ့ရသည်ဟု ဝန်ကြီးဌာနက ဆိုသည်။ တိုက်ခိုက်မှုအားလုံးတွင် FPV (First-Person View) ကမီကာဇေဒရုန်းများ အသုံးပြုထားပြီး အချို့မှာ လေယာဉ်ကွင်းအနီးရှိ နယ်မြေများမှ လွှတ်တင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြ ခဲ့သည်။

တိုက်ခိုက်မှုများနှင့်သက်ဆိုင်သည့် အချို့ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးထားပြီးဖြစ်သော်လည်း ဖမ်းဆီးခံရသူအရေအတွက်နှင့် ၎င်းတို့၏ အထောက်အထားများကိုမူ မဖော်ပြခဲ့ပေ။ ရုရှားစစ်တပ်က ကိယက်ဗ် အစိုးရသည် အဆိုပါအကြမ်းဖက်တိုက်ခိုက်မှုများအတွက် တာဝန်ရှိကြောင်း ပြောကြားခဲ့သည်။

Ivanovo ၊ Ryazan နှင့် Amur ဒေသများတွင် တိုက်ခိုက်မှုများကို ကာကွယ်နိုင်ခဲ့ပြီး ပစ္စည်းနှင့် လူသေဆုံးမှုမရှိခဲ့ကြောင်း၊ Murmansk နှင့် Irkutsk ဒေသများတွင်မူ လေယာဉ်အချို့မီးလောင်ပျက်စီးမှုများ ဖြစ်ပေါ် ခဲ့ကြောင်း စစ်တပ်က ပြောကြားခဲ့ပြီး တိုက်ခိုက်ခံရမှု ဖြစ်စဉ်အားလုံး၌ လူသေဆုံးမှုမရှိကြောင်း ဝန်ကြီးဌာန၏ အချက်အလက်များအရ သိရ သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂