ကာကွယ်ရေးစွမ်းရည် တိုးမြှင့်ရေးရည်ရွယ်သည့် ပူးတွဲစစ်ရေး လေ့ကျင့်မှု တစ်ရပ် အီရန်နှင့်ရုရှား စတင်ကျင်းပ
အီရန်နှင့်ရုရှားနိုင်ငံတို့အကြား ကာကွယ်ရေးစွမ်းရည် တိုးမြှင့်ရေးအတွက် ရည်ရွယ်သည့် ပူးတွဲစစ်ရေးလေ့ကျင့်မှု တစ်ရပ်ကို နှစ်နိုင်ငံ ရေတပ်မတော်များက ဇူလိုင်လ ၂၁ ရက်တွင် စတင်ခဲ့ကြောင်း သိရသည်။
CASAREX 2025 ဟုအမည်ပေးထားသည့် နှစ်နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို အီရန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းဖြစ်ပြီး အဆိုပါစစ်ရေးလေ့ကျင့်မှုကို ကက်စပီယံပင်လယ် အတွင်း၌ သုံးရက်ကြာ ကျင်းပ သွားမည်ဖြစ်သည်။ အဆိုပါပူးတွဲ စစ်ရေးလေ့ကျင့်မှုတွင် အီရန်နှင့်ရုရှားနိုင်ငံတို့မှ ရေတပ်မတော်များ အပါအဝင် အစ္စလာမ်မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များလည်း ပါဝင်လျက်ရှိကြောင်း သိရသည်။
CASAREX 2025 ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် အဓိကအားဖြင့် ရေကြောင်းလုံခြုံရေးကို တိုးမြှင့်ရန်၊ ကမ်းလွန်ရေပြင်ပိုင်နက်များကို ကာကွယ်ရန်နှင့် ကယ်ဆယ်ရေး လုပ်ငန်းများကို ပူးတွဲလုပ်ဆောင်နိုင်ရန်အတွက် ရည်ရွယ်ထားခြင်းဖြစ်သည်။ အီရန်နှင့်ရုရှားနှစ်နိုင်ငံအကြား ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသည် ဆက်လက် မြင့်တက်လာမည်ဖြစ်ကြောင်း ရုရှားရေတပ်မတော်မှ တပ်မှူးတစ်ဦးက ပြောကြားသည်။
ယခုစတင် လုပ်ဆောင်ခဲ့သည့် ပူးတွဲစစ်ရေး လေ့ကျင့်မှုသည် အီရန်နှင့်ရုရှားနှစ်နိုင်ငံ ရေတပ်မတော်များ အနေဖြင့် ရေကြောင်းလုံခြုံရေးနှင့် ဒေသတွင်းအင်အား တိုးချဲ့ရေး လုပ်ဆောင်နိုင်စွမ်း ရှိကြောင်းကို ဖော်ပြသည့် ပူးတွဲလေ့ကျင့်မှု တစ်ရပ်အဖြစ် ကက်စပီယံဒေသတွင်း နိုင်ငံများက ရှုမြင်ထားကြောင်း သိရသည်။
MWD Web Portal