စစ်ပွဲအတွင်း ပျက်စီးသွားသည့် လေကြောင်းရန်ကာကွယ်ရေး စနစ်များအား အီရန်ပြန်လည် အစားထိုး

News Image

  • စစ်ပွဲအတွင်း ပျက်စီးသွားသည့် လေကြောင်းရန်ကာကွယ်ရေး စနစ်များအား အီရန်ပြန်လည် အစားထိုး

အီရန်နိုင်ငံသည် အစ္စရေးနှင့်ဖြစ်ပွားသည့်  စစ်ပွဲအတွင်း ပျက်စီးသွားသည့် လေကြောင်းရန်ကာကွယ်ရေး စနစ်များအား ပြန်လည်အစားထိုး တပ်ဆင်လိုက်ပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် မီဒီယာတစ်ခုက ဖော်ပြသည်။

အီရန်နိုင်ငံ၏လေကြောင်းရန်ကာကွယ်ရေး စနစ်များသည် အစ္စရေးနိုင်ငံနှင့် ဇွန်လအတွင်းက ဖြစ်ပွားခဲ့သည့်စစ်ပွဲအတွင်း ပျက်စီးသွားခြင်းဖြစ်သည်။ အဆိုပါစစ်ပွဲအတွင်း အစ္စရေးလေတပ်မတော်သည် အီရန်၏ ဝေဟင် အတွင်း လွှမ်းမိုးထားနိုင်ခဲ့ပြီး အီရန်နိုင်ငံ၏ လေကြောင်းကာကွယ်ရေးစနစ်များအား အထိနာစေခဲ့ကြောင်း သိရသည်။

သို့သော် အစ္စရေးလေတပ်မတော်၏ တိုက်ခိုက်မှုအတွင်း လေကြောင်းကာကွယ်ရေး စနစ်အချို့ ပျက်စီးသွားခဲ့သော်လည်း အီရန်နိုင်ငံအနေဖြင့် ၎င်းတို့ကြိုတင်ပြင်ဆင်ထားသည့် လက်နက်စနစ်များဖြင့် ပြန်လည်အစားထိုး၍ နိုင်ငံ၏ဝေဟင် ကာကွယ်ရေးကို ပြန်လည်လုပ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။

အစ္စရေးနိုင်ငံနှင့်  စစ်မက်မဖြစ်ပွားမီ အီရန်နိုင်ငံတွင် ရုရှားနိုင်ငံလုပ် S-300 အမျိုးအစား လေကြောင်းကာကွယ်ရေးစနစ် အပြင် ပြည်တွင်းဖြစ် Bavar-373 ဒုံးခွင်းဒုံးစနစ်ကိုပါ ပိုင်ဆိုင်ထားခဲ့သည်။ ပြီးခဲ့သည့် လအတွင်းက ဖြစ်ပွားခဲ့သည့် စစ်ပွဲတွင် အစ္စရေးလေတပ်မတော်က အီရန်ပိုင်နက်တွင်းသို့  ထိုးဖောက်ဝင်ရောက်၍ တိုက်ခိုက်ခဲ့ပြီး အီရန်တပ်မတော်ကမူ ၎င်းတို့၏ ရာပေါင်းများစွာသော ဒုံးကျည်များဖြင့် အစ္စရေးပိုင်နက်အတွင်းသို့  ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 

MWD Web Portal