အမေရိကန်လေယာဉ်သည် လမ်းကြောင်းမှား ပျံသန်းမှုကြောင့် လေထဲတွင် အခြားလေယာဉ်နှင့် တိုက်မိလုနီးပါးဖြစ်ခဲ့
အမေရိကန်အာဏာပိုင်များသည် ခွင့်ပြုချက်မရှိဘဲ လမ်းကြောင်းလွဲ ပျံသန်းခဲ့သည့် United Airlines လေယာဉ်တစ်စီးကို စုံစမ်းစစ်ဆေးနေပြီး ယင်းလေယာဉ်သည် အနီးမှပျံသန်းနေသော အခြားလေယာဉ် တစ်စီးနှင့် နီးကပ်စွာ တိုက်မိလုနီးပါးဖြစ်ခဲ့သည်။
ABC သတင်းဌာနက ဇွန်လ ၁ ရက်နေ့တွင် အမေရိကန် လေကြောင်းလိုင်းဌာန (FAA) ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ အဆိုပါဖြစ်စဉ်သည် မေလ ၁၃ ရက်နေ့ ညနေပိုင်းက San Francisco အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် United Airlines နှင့် SkyWest Airlines လေယာဉ် နှစ်စီး တစ်ပြိုင်နက်ပျံတက်စဉ် ဖြစ်ပွားခဲ့ကြောင်း ဖော်ပြခဲ့သည်။
သတင်းများအရ United Airlines ၏ Airbus A320 လေယာဉ်အား ညာဘက်သို့ ကွေ့ရန် ခွင့်ပြုချက်ရရှိထားပြီး SkyWest Airlines ၏ CRJ-200 လေယာဉ်မှာ နောက်မှပျံတက်ကာ ဘယ်ဘက်သို့ ကွေ့ရန် ညွှန်ကြားချက်ရရှိထားသည်။
FAA ၏အဆိုအရ United လေယာဉ်သည် ခွင့်ပြုချက်မရှိဘဲ ဘယ်ဘက်သို့ ရုတ်တရက်ကွေ့သွားကာ SkyWest လေယာဉ်၏ လမ်းကြောင်းထဲသို့ ဝင်ရောက်သွားခဲ့ပြီး SkyWest လေယာဉ်မှ အန္တရာယ်သတိပေးစနစ်များ အလိုအလျောက်အလုပ်လုပ်ကာ ထိခိုက်မှုမရှိစေရန် တိမ်းစောင်း ပျံသန်းမှုပြုလုပ်ခဲ့ရသည်။
FlightRadar24 ၏ အဆိုအရ လေယာဉ်နှစ်စီးသည် အနီးဆုံး အနေအထားတွင် အလျားလိုက် မီတာ ၅၉၅ (ပေ ၁,၉၅၀) နှင့် ဒေါင်လိုက် မီတာ ၈၄ (ပေ ၂၇၅) ခန့် ကွာဝေးခဲ့သည်။
အမျိုးသား သယ်ယူပို့ဆောင်ရေး ဘေးကင်းလုံခြုံရေး ဘုတ်အဖွဲ့ (NTSB) ၏ ယခင်စုံစမ်းရေးမှူး Greg Feith က စုံစမ်းစစ်ဆေးမှုတွင် အဆင့်များစွာ ပါဝင်မည်ဖြစ်ပြီး လေယာဉ်မှူးအဖွဲ့သည် လေဆိပ်ရပ်နားရာမှ ပျံတက် သည်အထိ အဆင့်တိုင်းတွင် မည်သို့တုံ့ပြန်ခဲ့သည်ကို စစ်ဆေးမည်ဟု ပြောကြားခဲ့သည်။
SkyWest Airlines က ၎င်းတို့၏ CRJ-200 လေယာဉ်သည် ကယ်လီ ဖိုးနီးယားရှိ Fresno သို့ ဘေးကင်းစွာဆင်းသက်နိုင်ခဲ့ကြောင်း ထုတ်ပြန် ခဲ့သည်။ United Airlines ကလည်း ယင်းဖြစ်စဉ်ကို စုံစမ်းစစ်ဆေး နေကြောင်း ပြောကြားခဲ့သည်။
Feith က “ကြီးမားသည့် ပျက်စီးဆုံးရှုံးမှုဖြစ်နိုင်ခြေရှိသော်လည်း သတိပေး စနစ်များ၊ ဆက်သွယ်ရေးကွန်ယက်စနစ်များနှင့် လေယာဉ်မှူးများ၏အရေးပေါ်တုံ့ပြန်မှုတို့ကြောင့် အဆိုးဆုံးအခြေအနေကို ရှောင်ရှားနိုင်ခဲ့သည်” ဟု ထပ်လောင်းရှင်းပြခဲ့သည်။
ကိုးကား- VN Express
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂