လူနေမှုစရိတ် ကြီးမြင့်လာခြင်းကြောင့် ဗြိတိန်ပြည်သူများ၏ တစ်ပတ်နွမ်းကုန်ပစ္စည်း အသုံးပြုမှုမှာ ၂၀၂၅ ခုနှစ်တွင် စတာလင်ပေါင် ၄ ဒသမ ၈ ဘီလီယံအထိ ရောက်ရှိလာနိုင်
ဗြိတိန်နိုင်ငံတွင် လူနေမှုစရိတ် ကြီးမြင့်လာခြင်းကြောင့် နိုင်ငံအတွင်းရှိ ပြည်သူများသည် အသုံးစရိတ်ချွေတာသည့် အနေဖြင့် အသုံးပြုပြီး တစ်ပတ်နွမ်းပစ္စည်းများကို တိုးမြှင့်ဝယ်ယူ အသုံးပြုလာခဲ့ရာ ထိုသို့ ဝယ်ယူအသုံးပြုမှု တန်ဖိုးသည် ၂၀၂၅ ခုနှစ်တွင် စတာလင်ပေါင် ၄ ဒသမ ၈ ဘီလီယံ (ဒေါ်လာ ၈ ဒသမ ၃ ဘီလီယံခန့်) အထိရောက်ရှိလာနိုင်ကြောင်း Amazon.com မှထုတ်ပြန်သည့် အချက်အလက်များတွင် ဖော်ပြထားသည်။
ဗြိတိန်ပြည်သူများသည် မြင့်တက်လာသည့် လူနေမှုစရိတ်နှင့် ကာမိစေရန်အတွက် တန်ဖိုးကြီးမားပြီး ပတ်ဝန်းကျင် ထိခိုက်မှုရှိစေသည့် ကုန်ပစ္စည်းများအစား အသုံးပြုပြီး တစ်ပတ်နွမ်းပစ္စည်းများကို အွန်လိုင်းမှတစ်ဆင့် ဝယ်ယူအသုံးပြုလာခဲ့ခြင်းဖြစ်သည်။ ဗြိတိန်ပြည်သူများ၏ တစ်ပတ်နွမ်းပစ္စည်းဝယ်ယူ အသုံးပြုမှုသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင် တန်ဖိုးအားဖြင့် စတာလင်ပေါင် ၄ ဒသမ ၃ ဘီလီယံရှိခဲ့သည်ဟု Amazon.com မှ တင်သွင်းသည့် စီးပွားရေးနှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာ သုတေသနစင်တာ အစီရင်ခံစာတွင်ဖော်ပြထားသည်။
ဗြိတိန်နိုင်ငံတွင် တစ်ပတ်နွမ်းကုန်ပစ္စည်း ဈေးကွက်သည် ဆက်လက်မြင့်တက်လာမည့် အလားအလာရှိသောကြောင့် ဥရောပ၏ အကြီးဆုံးသော တစ်ပတ်နွမ်းကုန်ပစ္စည်း ရောင်းချရေးကုမ္ပဏီကြီး တစ်ခုဖြစ်သည့် Vinted အနေဖြင့် ၎င်းတို့၏ ကုန်ပစ္စည်းများအတွက် ဈေးကွက်ကို တိုးချဲ့လျက်ရှိသည်။
Vinted ကုမ္ပဏီသည် ယခင်က အဝတ်အစားများကိုသာ အဓိကထား ရောင်းချခဲ့သော်လည်း ယခုအခါ ကလေးကစားစရာ အရုပ်များ၊ တယ်လီဖုန်းများ၊ ဂိမ်းများအပြင် တန်ဖိုးကြီးလက်ပတ်နာရီများကိုပါ ထည့်သွင်း ရောင်းချလျက် ရှိကြောင်း ၎င်းကုမ္ပဏီမှ အမှုဆောင် အရာရှိချုပ် သောမတ်စ်ပလန်တင်ဂါက ပြောကြားထားသည်။
MWD Web Portal