ဆန်ဖရန်စစ္စကိုတွင် ICE ဝင်ရောက်စီးနင်းမှုများကို ဆန့်ကျင်သည့် ဆန္ဒပြပွဲကြီး ကျင်းပ
ဆန်ဖရန်စစ္စကိုရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ၊ တနင်္လာနေ့ (ဇွန် ၁၀) ညပိုင်းတွင် ထောင်နှင့်ချီသောလူများသည် Civic Center နှင့် Mission ရပ်ကွက်များအနီး၌ အလွန်အေးချမ်းစွာ ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်။ CNN ၏ အဖွဲ့အစည်းဖြစ်သော KGO သတင်းဌာန၏ ဖော်ပြချက်အရ ဆန္ဒပြသူများသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ICE (လူဝင်မှု ကြီးကြပ်ရေး) ၏ ဝင်ရောက်စီးနင်းမှုများကို ကန့်ကွက်ရန်နှင့် ရွှေ့ပြောင်း အခြေချနေထိုင်သူ အသိုင်းအဝိုင်းများ၏ စည်းလုံးညီညွတ်မှုကို ပြသခဲ့ ကြသည်။
ဆန်ဖရန်စစ္စကိုရဲတပ်ဖွဲ့က “ညနေခင်းနှောင်းပိုင်းတွင် အုပ်စုငယ် နှစ်စု ကွဲထွက်ကာ ပစ္စည်းဖျက်ဆီးမှုနှင့် အခြားရာဇဝတ်မှုများ ကျူးလွန်ခဲ့သည်” ဟု ထုတ်ပြန်ခဲ့သည်။ ရဲများက အမိန့်နာခံရန် ငြင်းဆန်သူများကို ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီး လက်ရှိတွင် ပြဿနာတစ်ခုကို ဖြေရှင်းနေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။
“MELT ICE” ဟူသော ဆိုင်းဘုတ်ကိုင်ဆောင်ထားသည့် Holly Minch က “လော့စ်အိန်ဂျယ်လ်စ်နှင့် တစ်နိုင်ငံလုံးမှာ ဖြစ်နေတာတွေကို ကျွန်မ အရမ်းစိုးရိမ်နေပါတယ်။ ကယ်လီဖိုးနီးယားဟာ မတူကွဲပြားမှုကြောင့် ပိုကောင်းတဲ့နေရာဖြစ်ပြီး၊ ကျောင်းဘွဲ့နှင်းသဘင်တွေကနေ မိသားစု တွေနဲ့ ခွဲခွာရတာ၊ ကလေးတွေနဲ့ ကွဲကွာရတာတွေဟာ မှားယွင်းပါတယ်။ ဒါကို လူတွေသိအောင် ကျွန်မတို့ ဒီမှာထွက်ပြီးပြောဖို့လိုပါသည်” ဟု KGO သို့ ပြောကြားခဲ့သည်။
ဆန်ဖရန်စစ္စကို မြို့တော်ဝန် Daniel Lurie ၏ ဦးဆောင်မှုဖြင့် ရဲတပ်ဖွဲ့ သည် ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းများနှင့် ညှိနှိုင်းကာ ထိခိုက်နိုင်သည့် ရပ်ကွက်များတွင် “ဖွဲ့စည်းပုံပြင်ဆင်ချက်ပထမအပိုဒ် (လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်) လုပ်ဆောင်ချက်များကို ကာကွယ်ရန်” ကြိုးပမ်း ခဲ့သည်။
တနင်္ဂနွေနေ့က၊ အသက် ၁၈ နှစ်အောက် အချို့ပါဝင်သည့် လူ ၁၅၀ ခန့် ကို လူဝင်မှုကြီးကြပ်ရေးအဆောက်အဦအနီးတွင် ဖမ်းဆီးခဲ့သည်။ ဆန္ဒပြ သူများသည် ဖျက်သိမ်းရန် အမိန့်ကို လျစ်လျူရှုကာ အကြမ်းဖက်မှုနှင့် ပစ္စည်းဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။
ICE ဆန့်ကျင်ရေး ဆန္ဒပြမှုများသည် နယူးယောက်၊ အတ္တလန်တာ၊ ဆီယက်တယ်၊ ဒါးလက်စ်နှင့် လူဝီဗီးလ်စ်မြို့များအပါအဝင် တစ်နိုင်ငံလုံးတွင် ပေါ်ပေါက်လျက်ရှိသည်။
ကိုးကား- CNN
Photo: Los Angeles Times
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂