တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန Artificial Intelligence (AI) (ဉာဏ်ရည်တု) နည်းပညာ အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားကျင်းပ
နေပြည်တော် ဇွန် ၂၀
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ Artificial Intelligence (AI) (ဉာဏ်ရည်တု) နည်းပညာ အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူး၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ မြန်မာစာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ဒါရိုက်တာ ဒေါက်တာတင်ဘုန်းကျော်နှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် ညွှန်ကြားရေးမှူးရုံးများမှ အရာထမ်း၊ အမှုထမ်းများက Online စနစ်ဖြင့် တက်ရောက်ကြပါသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် AI နည်းပညာသည် လူသားများ၏ လုပ်ဆောင်နိုင်စွမ်းကို အတုယူပြီး ပြဿနာများကို ဖြေရှင်းရန်နှင့် ဆုံးဖြတ်ချက်များ ချမှတ်ရန်အတွက် ကွန်ပျူတာများနှင့် စက်များကို အသုံးပြုထားသည့် နည်းပညာဖြစ်ပါကြောင်း၊ အထူးသဖြင့် ကွန်ပျူတာများ၊ စက်များက လူသားတို့၏ အသိဉာဏ်ကဲ့သို့ မျှတစွာတွေးခေါ် နိုင်စွမ်း၊ သင်ယူနိုင်စွမ်း၊ ဆုံးဖြတ်နိုင်စွမ်း၊ ပြဿနာများကို ဖြေရှင်းနိုင်စွမ်းရှိသည့် ဉာဏ်ရည်တု နည်းပညာတစ်ခုပင်ဖြစ်ပါကြောင်း၊ AI နည်းပညာကို တာဝန်ယူမှုရှိစွာနဲ့ တီထွင်အသုံးချမည် ဆိုပါက လူသားများအတွက် အကျိုးများနိုင်သလို တာဝန်မဲ့စွာ အသုံးချပါက အန္တရာယ်ဖြစ်စေနိုင်သည်ကိုလည်း သတိပြုရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း e-Government စနစ်မှသည် Digital Government သို့ ဦးတည်၍ ဆက်လက်အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်လျက်ရှိပြီး ဝန်ထမ်းများအနေဖြင့်လည်း AI နှင့်ပတ်သက်၍ စိတ်ပါဝင်စားစွာ လေ့လာမှတ်သားကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ယနေ့ ကျင်းပပြုလုပ်သည့် AI ဆွေးနွေးပွဲမှ တစ်ဆင့် နည်းပညာဆိုင်ရာ အသိပညာဗဟုသုတများစွာရရှိပြီး မိမိဌာနနှင့် နိုင်ငံတော်အတွက် အကျိုးပြုသော နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်လာစေရေးအတွက် ကြိုးပမ်းဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားပါသည်။
ဆက်လက်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ မြန်မာစာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ဒါရိုက်တာ ဒေါက်တာတင်ဘုန်းကျော်က AI နည်းပညာနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားရာ တက်ရောက်လာသည့် အရာထမ်း၊ အမှုထမ်းများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြပါသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က လာရောက်ဟောပြောပေးသော ဒေါက်တာတင်ဘုန်းကျော်နှင့်အဖွဲ့အား ကျေးဇူးတင်စကားပြောကြားပါသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ဒေါက်တာ တင်ဘုန်းကျော်အား အမှတ်တရ လက်ဆောင်ပစ္စည်းပေးအပ်ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
MNP