ဟင်္သာတမြို့နယ်တွင် သခွားသီးများ အရောင်းအဝယ်ကောင်းမွန်နေ

News Image

  • ဟင်္သာတမြို့နယ်တွင် သခွားသီးများ အရောင်းအဝယ်ကောင်းမွန်နေ

ဟင်္သာတ  ဇွန် ၂၃

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်တွင် ဒေသထွက် သခွားသီးများ အရောင်းအဝယ်ကောင်းမွန်နေကြောင်း ဟင်္သာတမြို့နယ် ကုန်စိမ်းရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်ဝင်းမော် က ပြောပြသည်။

ဟင်္သာတမြို့နယ်၌ ဒေသထွက်သခွားသီးများကို ဈေးကွက်တွင် ယခုနှစ် ဇွန်လ ဒုတိယပတ်မှ ယနေ့ထိ အရောင်းအဝယ်ပြုလုပ်လျက်ရှိပြီး တစ်ရက်လျှင် သခွားသီးအလုံးရေ ၄၅၀၀၀ မှ ၅၅၀၀၀ ထိ ဝယ်ယူမှုအားကောင်းလာပြီး အရောင်းအဝယ်ကောင်းမွန်နေကြောင်း၊ အဆိုပါ သခွားသီး အလုံးရေ ၁၀၀ လျှင် ငွေကျပ် ၁၂၀၀၀ ထိ ပေါက်ဈေးရှိကြောင်း သိရသည်။

“ဒီဘက်ကထွက်တဲ့ သခွားသီးတွေကို အခြားမြို့နယ်တွေက ဝယ်ယူမှုများနေပါတယ်။ လက်ရှိ သခွားသီးအလုံးရေအများအပြား အရောင်းအဝယ်ဖြစ်နေပါတယ်။ အခု အရောင်းအဝယ်ကောင်းနေတဲ့ သခွားသီးတွေက အရည်အသွေးကောင်းပြီး လတ်ဆတ်ပါတယ်။ ဒေသထွက်ကုန်ဖြစ်တော့ သက်သာပြီး သန့်ရှင်းလတ်ဆတ်တဲ့ စားသောက်ကုန်တွေကို စားသုံးနိုင်မှာဖြစ်ပါတယ်။ အခုလိုဒေသထွက်ကုန် သခွားသီးတွေ ရောင်းအားကောင်းလာတော့ စိုက်ပျိုးတဲ့ တောင်သူတွေ အလုပ်အကိုင် အဆင်ပြေလာပါတယ်” ဟု ဟင်္သာတမြို့နယ် ကုန်စိမ်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဝင်းမော် က ပြောပြသည်။

ဟင်္သာတမြို့နယ်တွင် လက်ရှိသခွားသီးများအပါအဝင် ဒေသထွက် ကုန်စိမ်းသီးနှံများပေါ်နေသည့်အချိန်ဖြစ်ကြောင်း၊ အဆိုပါ ဒေသထွက် သခွားသီးများသည် လတ်ဆတ်မှုနှင့် အရွယ်အစားပေါ်မူတည်ပြီး ဈေးနှုန်းပြောင်းလဲမှုရှိကြောင်း သိရသည်။

ကျော်ကျော်လင်း

Source: ရတနာပုံသတင်းစာ