အိန္ဒိယနိုင်ငံ၌ကျင်းပမည့် နိုင်ငံတကာကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်ပြသရန်ဖိတ်ခေါ်

News Image

  • အိန္ဒိယနိုင်ငံ၌ကျင်းပမည့် နိုင်ငံတကာကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်ပြသရန်ဖိတ်ခေါ်

ရန်ကုန် ဇွန် ၂၃

အိန္ဒိယနိုင်ငံ ဥတ္တာပရာဒေ့ရှ် ပြည်နယ်၌  စက်တင်ဘာလ အတွင်းကျင်းပမည့် တတိယအကြိမ်မြောက် ဥတ္တာပရာဒေ့ရှ် ပြည်နယ် နိုင်ငံတကာကုန်စည်ပြုပွဲ(3rd  Edition UP International Trade Show)တွင် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်ပြသရန် ဖိတ်ခေါ်ထားကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲမှ သိရသည်။

အဆိုပါနိုင်ငံတကာကုန်စည်ပြပွဲကို အိန္ဒိယနိုင်ငံ ဥတ္တာပရာဒေ့ရှ် ပြည်နယ်အစိုးရမှ ကြီးမှူးပြီး စက်တင်ဘာလ ၂၅ ရက်မှ ၂၉ ရက်အထိ ဥတ္တာပရာဒေ့ရှ်ပြည်နယ် Greater Noida မြို့ရှိအပြည်ပြည်ဆိုင်ရာကုန်စည်ပြပွဲစင်တာ၌ ကျင်းပမည်ဖြစ်သည်။

ယင်းပြပွဲတွင်မော်တော်ယာဉ်များနှင့် ယာဉ်အစိတ်အပိုင်းများ၊ အီလက်ထရွန်နစ်ပစ္စည်းများ၊ အိုင်တီနည်းပညာနှင့် ဆော့ဖ်ဝဲလ် များ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာနည်းပညာများ၊ အဝတ်အထည်နှင့် အထည်အလိပ်များ၊ သားရေထွက်ကုန်ပစ္စည်းများ၊လူသုံးကုန်ပစ္စည်းများ၊ အစားအစာနှင့် အဖျော်ယမကာများ၊ ဆေးဝါးများနှင့် နှင့် ဆေးရုံသုံးပစ္စည်းများ၊ အားကစားပစ္စည်းများ၊ သစ်သီးဝလံ၊ ပန်းမန်များနှင့် တိုင်းရင်းဆေးဝါးများ စသော ကုန်ပစ္စည်းမျိုးစုံကို ပြသမည်ဖြစ်ကြောင်း သိရသည်။

ပြပွဲသို့လာရောက်မည့် ကုန်သည်၊ ဝယ်လက်များအတွက် ကုမ္ပဏီတစ်ခုလျှင် လူတစ်ဦးစာအတွက် လေယာဉ်စရိတ်၊ ဟိုတယ်တည်းခိုနေထိုင်စရိတ်၊ လေဆိပ်နှင့် ဟိုတယ်ကြား ပို့ဆောင်ပေးခြင်းနှင့် လုပ်ငန်းရှင်များကြား တွေ့ဆုံဆွေးနွေးခြင်းတို့ကို ပြပွဲကျင်းပသူက စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်သည်။

ပြပွဲတွင်ပါဝင်ပြသလိုသော မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ ဖုန်း-၀၆၇-၄၀၈၆၂၃ နှင့် E-mail event.td.myantrade@gmail.com  တို့သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

ဆောင်းဦး

MWD Daily Newspaper