Oreshnik တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်အကြောင်း တစေ့တစောင်း

News Image

  • Oreshnik တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်အကြောင်း တစေ့တစောင်း

ရုရှားအနေဖြင့် ယူကရိန်းက မိမိနိုင်ငံအတွင်းကို အမေရိကန်နိုင်ငံထုတ်လက်နက်များ၊ ဗြိတိန်နိုင်ငံထုတ် လက်နက်များနှင့် ပစ်ခတ်တိုက်ခိုက်မှုကို တုံ့ပြန်သည့် အနေဖြင့် ယူကရိန်းရှိ Dnipro မြို့ကို Oreshnik အမည်ရှိ တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်သစ်တစ်မျိုးဖြင့် ပစ်လွှတ်လိုက်ပါသည်။ ထိုလက်နက်မျိုး ရုရှားဖက်က ထွက်ပေါ်လာခြင်းသည် ကမ္ဘာတစ်ဝှမ်းကို တုန်လှုပ်ချောက်ခြားစေပါသည်။ ရုရှားက အမေရိကန်နှင့် အနောက်နိုင်ငံများကို သတိပေးလိုက်ခြင်းလည်း ဖြစ်ပါသည်။ 

ရုရှားက ယင်းဒုံးကျည်ကို Oreshnik ဟု အမည်ပေး ထားပါသည်။ စမ်းသပ်ဆဲ တာလတ်ပစ်ပဲ့ထိန်းဒုံးကျည် တစ်မျိုးဖြစ်ပါသည်။ Oreshnik ဆိုသည်မှာ ရုရှားနိုင်ငံတွင် ပေါက်ရောက်သော သစ်အယ်ပင်၏ နာမည်ဖြစ်ပါသည်။ ရုရှားအနေဖြင့် ယင်းလက်နက်ကို တစ်ခါမျှ ချပြဖူးခြင်းမရှိသေးကြောင်း သိရှိရသည်။ 

ပင်တဂွန်ဖက်ကမူ Oreshnik သည် RS-26 Rubezh ဟုခေါ်သည့် တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် (intercontinental ballistic missile – ICBM )ကို အခြေခံထားခြင်း ဖြစ်ကြောင်း ပြောထားပါသည်။ ၎င်းဟိုက်ပါဆိုးနစ် ဒုံးကျည်သည် အသံထက် အနည်းဆုံး ၅ ဆမြန်ကြောင်း၊ စနစ်တကျ ပျံသန်းတိုက်ခိုက်ခြင်းကို ကြားဖြတ်ပစ်ချဖို့ တော်တော်ခက်ခဲကြောင်း၊  ယင်းဒုံးကျည်တွင် ဒုံးကျည် ထိပ်ဖူး ၃ ခု (သို့မဟုတ်) ၆ ခု ပါရှိနိုင်ကြောင်း အမေရိကန် စစ်ဖက်ဆိုင်ရာကျွမ်းကျင်ပညာရှင် Viktor Baranets က ရေးသားထားပါသည်။

မော်စကိုအခြေစိုက် အမျိုးသားကာကွယ်ရေးဂျာနယ်က လွှတ်တင်သည့် ဗီဒီယိုများအရ Oreshnik တွင် ဒုံးကျည်ထိပ်ဖူး မြောက်မြားစွာ ပါရှိသည်ဟု ရေးသား ဖော်ပြထားပါသည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်က ကြာသပတေးနေ့က တီဗီအစီအစဉ်တစ်ခုမှာ ရုတ်တရက်ပေါ်ပေါက်လာပြီး “Dnipro မြို့ကို Oreshnik တာလတ်ပစ်ပဲ့ထိန်းဒုံးကျည် အသစ်ဖြင့် ပစ်လွှတ်ခြင်းသည် ရုရှားလူမျိုးများ တီထွင်ထားသည့် တာလတ်ပစ်ဒုံးကျည်စနစ်အသစ်များထဲက တစ်ခုဖြစ်ပြီး  ယခုကဲ့သို့ စစ်ရေးတင်းမာလာချိန်တွင် စမ်းသပ်ပစ်လွှတ်လိုက်ခြင်းဖြစ်ကြောင်း၊ နျူကလီးယားထိပ်ဖူး တပ်ဆင်မထားသည့် ဟိုက်ပါ ဆိုးနစ် ဖွဲ့စည်းပုံစနစ်တစ်ခုဖြင့် တည်ဆောက်ထားကြောင်း၊ မည်သည့် ခေတ်မီလေကြောင်းကာကွယ်ရေး လက်နက်ကိရိယာများကမျှ ယင်းကို ကြားဖြတ်ပစ်ချနိုင်ခြင်းမရှိကြောင်း၊ ယနေ့အထိ ယင်းလက်နက်မျိုးကို တိုက်ဖျက်နိုင်သည့် နည်းလမ်းလည်း ကမ္ဘာမှာမပေါ် သေးကြောင်း” ၎င်းက ပြောကြားပါသည်။ 

ယူကရိန်းနိုင်ငံအနေဖြင့် Oreshnik သည် ရုရှားတွေ၏ စတုတ္တမြောက် ဒုံးကျည်စမ်းသပ် ပစ်လွှတ်မှုတစ်ခုဖြစ်ကြောင်း  ပြောကြားထားပါသည်။  ရုရှား၏ Astrakhan ဒေသကနေ Oreshnik ကို မတိုက်မီ ၁၅ မိနစ်ကြာ ပျံသန်းခဲ့ကြောင်း၊ ဒုံးကျည်ထိပ်ဖူး ၆ ခုပါရှိပြီး ထိပ်ဖူး တစ်ခုစီမှာ လက်နက် ၆ တွဲစီ သယ်ဆောင်လာခြင်း ဖြစ်ကြောင်း၊ ယင်း၏ အမြင့်ဆုံးအမြန်နှုန်းက  အသံထက် ၁၁ ဆ မြန်ဆန်ကြောင်း ပြောကြားပါသည်။ 

နေတိုးကတော့ ရုရှား၏ Oreshnik ဒုံးကျည် စမ်းသပ်အသုံးပြုလိုက်မှုကြောင့် လာမည့်အင်္ဂါနေ့တွင် နေတိုး ဌာနချုပ်ရှိရာ ဘရပ်ဆဲလ်မြို့တွင် အရေးပေါ်အစည်း အဝေးတစ်ခုခေါ်ယူထားကြောင်း၊ မည်သည့်အကြောင်း အရာ ဆွေးနွေးကြမည်အား မသိရသေးကြောင်း နေတိုး ဖက်က ပြောထားပါသည်။ မည်သို့ပင်ဆိုစေကာမူ  ရုရှား ၏ နောက်ဆုံးပေါ်  ဟိုက်ပါဆိုးနစ်တာလတ်ပဲ့ထိန်း ဒုံးကျည် Oreshnik ကို စမ်းသပ်ပစ်လွှတ်ပြလိုက်ခြင်း ကြောင့် ယခုအခါတွင် ရုရှား-ယူကရိန်းစစ်ပွဲသည် တစ်ကမ္ဘာလုံးက အထူးအာရုံစိုက် စောင့်ကြည့်ရမည့် အခြေအနေတစ်ခုဖြစ်လာခဲ့ကြောင်း ပြောရမည်ဖြစ်ပါသည်။ 

ကိုးကား - ALJAZEERA