ပျောက်ဆုံးနေသည့် လူရည်ချွန်သမီးငယ်ကိုတွေ့ပါက ငွေကျပ် သိန်းနှစ်ရာဆု ချီးမြှင့်မည်ဟု မိခင်ဖြစ်သူပြော
ရန်ကုန်တိုင်း၊ လှည်းကူးမြို့၌ ကျောင်းလာတက်ရင်း လနှင့်ချီကြာ ပျောက်ဆုံးနေသည့်လူရည်ချွန် နှစ်ထပ်ကွမ်းဆုရှင်သမီးငယ်ကိုတွေ့ပါက သိန်းနှစ်ရာ ဆုချီးမြှင့်မည်ဟု မိခင်ဖြစ်သူက ဆုကြေးထုတ်ထားသည်။
ပျောက်ဆုံးနေသော မိန်းကလေးငယ် မဆုရတနာအောင်သည် အသက် (၁၇) နှစ်ကျော်အရွယ်ဖြစ်ကာ G12 တက်ရောက်နေသူဖြစ်ပြီး ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်မှ မငြိမ်သက်သည့်နိုင်ငံရေးအခြေအနေကြောင့် ရန်ကုန်မြို့သို့ ပြောင်းရွှေ့ကျောင်းတက်နေခြင်း ဖြစ်သည်။
“ကျွန်မအသဲနှလုံး အရှင်လတ်လတ်ဆွဲထုတ်ခံထားရတဲ့ မိခင်တစ်ယောက်ပါ။ ကျွန်မသမီးဘယ်ရောက်သွားလဲ။ ကျွန်မအသက်ရှင်နေသရွေ့သမီးငယ်လေးဆုရတနာအောင်ကိုရှာနေမှာပါ။ အခုတော့ ဘယ်တွေများရောက်နေပြီလဲ၊ သမီးငယ်လေးရယ်။ မေမေ့ကို သေဒဏ်ထက်ပိုဆိုးတဲ့ပြစ်ဒဏ်ကို ချပေးခဲ့တာလား သမီးငယ်လေးရယ်” ဟု မိခင်ဖြစ်သူ ဒေါ်စမ်းစမ်းအေး က လူမှုကွန်ရက်၌ ရေးသားထားသည်။
မဆုရတနာအောင်သည် သူမ ပညာသင်နေသည့် လှည်းကူးမြို့ဘော်ဒါဆောင်မှ ဧပြီ (၂၄) ရက်တွင် မုန့်ထွက်ဝယ်စားရင်း ပျောက်သွားခဲ့ကာ ရှာမတွေ့သေးသောကြောင့် ထိုကဲ့သို့ဆုကြေးထုတ်ရခြင်း ဖြစ်ကြောင်းလည်း ရေးသားထားသည်။
ဖြစ်စဉ်နှင့်ပက်သက်၍ အသေးစိတ်သိရှိနိုင်ရန် သက်ဆိုင်သူများနှင့် နယ်မြေရဲစခန်းဆီ ဆက်သွယ်မေးမြန်းနိုင်ရန် ကြိုးစားနေဆဲဖြစ်သည်။
Popular Myanmar