တောင်ကိုရီးယား၌ ဗီယက်နမ်ခရီးသွား ၃၈ ဦး ပျောက်ဆုံးနေ
တောင်ကိုရီးယားနိုင်ငံတောင်ပိုင်းရှိ ဂျယ်ဂျူ အပန်းဖြေကျွန်းတွင် ဗီယက်နမ်ခရီးသွား ၃၈ ဦး ပျောက်ဆုံးနေကြောင်း ယွန်ဟပ်သတင်းဌာနက အဆိုပါကျွန်း၏ ခရီးသွားလုပ်ငန်းအဖွဲ့၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ပြောကြားခဲ့သည်။
ဗီယက်နမ်ခရီးသည်အယောက် ၉၀ ခန့်သည် စင်းလုံးငှား Viet Jet Air လေယာဉ်ဖြင့် နိုဝင်ဘာ ၁၄ ရက်က ကျွန်းပေါ်သို့ရောက်ရှိခဲ့ကြောင်း သိရှိရသည်။
၎င်းတို့အနက်မှ ခရီးသွား ၃၈ ဦးသည် အဆက်အသွယ် ပြတ်တောက်နေပြီး ခရီးစဉ်နောက်ဆုံး ရပ်နားရာနေရာ တွင် ပျောက်ဆုံးသွားကာ အပြန်လေယာဉ်ပေါ်တက်ရန် ရောက်မလာကြခြင်းဖြစ်သည်။
နိုင်ငံခြားသားများကို ဗီဇာမလိုဘဲ အဆိုပါကျွန်းပေါ်တွင် ရက် ၃၀ အထိ နေထိုင်ခွင့်ပြုထားသဖြင့် အဆိုပါ ဗီယက်နမ် ဧည့်သည်များသည် ဒီဇင်ဘာ ၁၄ ရက် နောက်ပိုင်းတွင် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများ အဖြစ်သို့ရောက်ရှိ သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဂျယ်ဂျူကျွန်း၏ လူဝင်မှုကြီးကြပ်ရေးရုံးသည် ၎င်းတို့၏ တည်နေရာကိုသိရှိရန် စီစီတီဗွီကင်မရာများကို စစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။
ကိုးကား : ရှင်းဟွာ