အီရန်နိုင်ငံသည် နျူကလီးယားဆွေးနွေးပွဲများ ပြန်လည်စတင်ရန် သတ်မှတ်ချက်များကို ထုတ်ပြန်
အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi က ပြောကြားရာတွင် အစ္စရေးနှင့် အမေရိကန်တို့က ၎င်း၏နျူကလီးယားစက်ရုံများကို တိုက်ခိုက်မှု များအပြီးတွင် အီရန်သည် အမေရိကန်နှင့် ဆွေးနွေးမှုများ ပြန်လည် စတင်ရန် အဆင်သင့်ဖြစ်သော်လည်း အီရန်၏ တင်းကျပ်သော သတ်မှတ်ချက်များနှင့်သာ ဖြစ်ရမည်ဟု ဆိုသည်။
ဇွန်လ ၁၅ ရက်နေ့တွင် အိုမန်နိုင်ငံ၌ ကျင်းပရန်စီစဉ်ထားသော ဆွေးနွေးပွဲ (ဆဋ္ဌမအကြိမ်) ကို အစ္စရေးက အီရန်၏နျူကလီးယားစက်ရုံများနှင့် အကြီးတန်းစစ်ခေါင်းဆောင်များကို လေကြောင်းတိုက်ခိုက်မှုအပြီး နှစ်ရက်အလိုတွင် ဖျက်သိမ်းခဲ့သည်။ အီရန်က အဆိုပါအခြေအနေကို စစ်ကြေညာခြင်း ဟု သတ်မှတ်ခဲ့သည်။
ယခုနှစ်အစောပိုင်းတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြန်လည် စတင်ခဲ့သော ဆွေးနွေးပွဲသည် တိုက်ခိုက်မှုများကြောင့် ပျက်ပြားသွား ခဲ့သည်။ ဝါရှင်တန်သည် ဇွန် ၂၂ တွင် အဓိကနျူကလီးယားစက်ရုံများကို B2 ဗုံးကြဲလေယာဉ်ကြီးများဖြင့် တိုက်ခိုက်ခဲ့သည်။ ထရမ့်က နောက်ပိုင်း တွင် ထိုနေရာများကို “လုံးဝဖျက်ဆီးပစ်နိုင်ခဲ့သည်” ဟု ပြောကြားခဲ့ သော်လည်း မီဒီယာအချို့က ထိုအချက်ကို ငြင်းဆိုခဲ့သည်။
ကြာသပတေးနေ့ (ဇူလိုင် ၁၀) တွင် Le Monde သတင်းစာတွင် ဖော်ပြ ခဲ့သော မေးမြန်းခန်းတစ်ခုတွင် အာရက်ချီက အဆိုပါတိုက်ခိုက်မှုများကို အပြည်ပြည်ဆိုင်ရာဥပဒေချိုးဖောက်မှုအဖြစ် ရှုတ်ချခဲ့ပြီး ဆွေးနွေးပွဲကို ဖျက်သိမ်းကာ စစ်ရေးလုပ်ရပ်သို့ ကူးပြောင်းခဲ့သည်မှာ အမေရိကန် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၎င်းက တီဟီရန်သည် သံတမန်ရေး နည်းလမ်းကို ဆက်လက်ထိန်းသိမ်းထားသော်လည်း မည်သည့် ဆက်လက် ပူးပေါင်းဆောင်ရွက်မှုမဆို တာဝန်ယူမှု၊ အပြန်အလှန်လေးစားမှုနှင့် မည်သည့်တိုက်ခိုက်မှုကိုမဆို ကာကွယ်ရန် အာမခံချက်များအပေါ် အခြေခံရမည်ဟု ထပ်လောင်းအလေးပေးပြောကြားခဲ့သည်။
အာရက်ချီက ပြင်းထန်သောတင်းမာမှုများကြားတွင် ကြားခံပုဂ္ဂိုလ်များမှ တစ်ဆင့် သံတမန်ရေးအရ အပြန်အလှန်ဆက်သွယ်မှုများ ဆက်လက် ရှိနေကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံခြားရေးဌာနက ယခုသီတင်းပတ်အတွင်း ထရမ့်အစိုးရ သည် အီရန်နှင့် ငြိမ်းချမ်းရေးအတွက် ကတိကဝတ်ပြုထားကြောင်း ပြောကြားခဲ့သည်။
ဝါရှင်တန်သည် ကြာမြင့်စွာကတည်းက အီရန်အား ယူရေနီယမ် ထပ်တိုး သန့်စင်ခြင်းအားလုံးကို ရပ်တန့်ရန် တောင်းဆိုခဲ့ပြီး အီရန်က အဆိုပါ သဘောထားကို သဘောတူညီမှုပျက်ပြားစေနိုင်သည့် အချက်အဖြစ် မှတ်ယူ ထားသည်။ အာရက်ချီက အီရန်နိုင်ငံ၏ နျူကလီးယားအစီအစဉ်သည် ငြိမ်းချမ်းစွာ၊ တရားဝင်စွာနှင့် IAEA ၏ အဆက်မပြတ် ကြီးကြပ်မှု အောက်တွင် ရှိနေဆဲဖြစ်ကြောင်း ထပ်လောင်းအတည်ပြုခဲ့သည်။
ထပ်တိုးသန့်စင်မှုအဆင့်ကို အီရန်၏လိုအပ်ချက်များအရ သတ်မှတ်သည် ဟု အာရက်ချီက ပြောကြားခဲ့ပြီး ခြိမ်းခြောက်မှုနှင့် ဖိအားပေးမှုများသည် အဖြေမဟုတ်ကြောင်း ပြသရန်အတွက် လက်ရှိအဆင့်ကို ရည်ရွယ် ထားကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
ထို့အပြင် ၎င်းက အီရန်၏ဒုံးပျံအစီအစဉ်နှင့်ပတ်သက်သော မည်သည့် ဆွေးနွေးမှုကိုမဆို ငြင်းပယ်ခဲ့ပြီး ၎င်းကို ကာကွယ်ရေးနှင့် တိုက်ခိုက် လာနိုင်မှုများကိုတားဆီးရေးအတွက်သာ ဖြစ်သည်ဟု ရည်ညွှန်းကာ “လက်ရှိအခြေအနေများအောက်တွင် အီရန်အနေဖြင့် မိမိတို့၏ ကာကွယ်ရေး စွမ်းရည်များကို စွန့်လွှတ်ရန်မျှော်လင့်ခြင်းသည် မဖြစ်နိုင်ပါ” ဟု ပြောကြား ခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂