တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရ (“တရုတ်”) နှင့် အမေရိကန် ပြည်ထောင်စု အစိုးရ (“အမေရိကန်”) တို့သည် နှစ်နိုင်ငံ ကုန်သွယ်စီးပွားကဏ္ဍ ဆက်ဆံရေးက နှစ်နိုင်ငံနှင့် ကမ္ဘာ့စီးပွားရေးအပေါ် အရေးပါမှုကို နားလည်သိရှိ၍ လည်းကောင်း၊ စဉ်ဆက်မပြတ်တည်တံ့သော၊ ရေရှည်ဖြစ်သော၊ အပြန်အလှန် အကျိုးပြုသော နှစ်နိုင်ငံ ကုန်သွယ်စီးပွားကဏ္ဍ ဆက်ဆံရေး၏ အရေးပါမှုကို နားလည်သိရှိ၍လည်းကောင်း၊ နှစ်ဖက်အကြား လတ်တလော ဆွေးနွေးမှုများအား ထည့်သွင်းစဉ်းစားသောအားဖြင့် စဉ်ဆက်မပြတ် ညှိနှိုင်းဆွေးနွေးမှုများသည် ကုန်သွယ်စီးပွားကဏ္ဍ နှစ်ဖက်စလုံးက စိုးရိမ်သောကိစ္စများကို ဖြေရှင်းရာ၌ အထောက်အကူပြုသည်ကို ယုံကြည်၍လည်းကောင်း၊ အပြန်အလှန် တံခါးဖွင့်မှု၊ စဉ်ဆက်မပြတ် ညှိနှိုင်းဆွေးနွေးမှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် အပြန်အလှန်လေးစားမှုရှိသော စိတ်ဓာတ်ကို အခြေခံကာ သက်ဆိုင်ရာလုပ်ငန်းများကို ဆက်လက်တွန်းအားပေးသည့် အနေဖြင့်လည်းကောင်း နှစ်ဖက်အနေဖြင့် အောက်ပါအစီအမံများကို ၂၀၂၅ ခုနှစ်၊ မေ ၁၄ ရက်မတိုင်မီ ချမှတ်ဖော်ဆောင်ရန် ကတိပြုသည်။အမေရိကန်နိုင်ငံအနေဖြင့် – (က) ၂၀၂၅ ခုနှစ်၊ ဧပြီ ၂ ရက်က ထုတ်ပြန်သော အမှတ်စဉ် ၁၄၂၅၇ အမိန့် ကြေညာချက်တွင် ပြဋ္ဌာန်းထားသည့် တရုတ်ထုတ်ကုန် (ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသနှင့် မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသမှ ထုတ်ကုန် များ အပါအဝင်) အပေါ် တိုးမြှင့်ကောက်ခံသော တန်ဖိုးအလိုက် စည်းကြပ်ခွန် များကို ပြင်ဆင်မည်ဖြစ်ရာ ၎င်းတို့အနက် ၂၄ ရာခိုင်နှုန်းရှိသော စည်းကြပ်ခွန် ကို ပထမ ၉၀ ရက်အတွင်း ဖော်ဆောင်ခြင်းကို ယာယီဆိုင်းငံ့ထားမည့် တစ်ချိန်တည်းမှာပင် ယင်းအမိန့်ကြေညာချက်၌ ပြဋ္ဌာန်းထားသည့်အတိုင်း ထိုထုတ်ကုန်များအပေါ် ကျန် ၁၀ ရာခိုင်နှုန်း စည်းကြပ်ခွန် တိုးမြှင့် ကောက်ခံခြင်းအား ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်သည်။(ခ) ၂၀၂၅ ခုနှစ်၊ ဧပြီ ၈ ရက်က ထုတ်ပြန်သော အမှတ်စဉ် ၁၄၂၅၉ အမိန့် ကြေညာချက်နှင့် ၂၀၂၅ ခုနှစ်၊ ဧပြီ ၉ ရက်က ထုတ်ပြန်သော အမှတ် ၁၄၂၆၆ အမိန့်ကြေညာချက်၌ ပြဋ္ဌာန်းထားသော ထိုထုတ်ကုန်များအပေါ် စည်းကြပ်ခွန်တိုးမြှင့်ကောက်ခံခြင်းကို ပယ်ဖျက်သည်။တရုတ်နိုင်ငံအနေဖြင့်- (က) အလားတူပြင်ဆင်သည့်အနေဖြင့် အခွန်ကော်မတီ၏ ၂၀၂၅ ခုနှစ် အမှတ်စဉ် ၄ ကြေညာချက်တွင် ပြဋ္ဌာန်းထားသော အမေရိကန်ထုတ်ကုန် များအပေါ် ကောက်ခံသည့် တန်ဖိုးအလိုက် စည်းကြပ်ခွန်များကို ပြင်ဆင်သည်။ ၎င်းတို့အနက် ၂၄ ရာခိုင်နှုန်းရှိသော စည်းကြပ်ခွန်ကို ပထမ ၉၀ ရက်အတွင်း ဖော်ဆောင်ခြင်းကို ယာယီဆိုင်းငံ့ထားမည့် တစ်ချိန်တည်းမှာပင် ထိုထုတ်ကုန်များအပေါ် ကျန် ၁၀ ရာခိုင်နှုန်း စည်းကြပ်ခွန်တိုးမြှင့် ကောက်ခံခြင်းအား ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ပြီး အခွန်ကော်မတီ ၏ ၂၀၂၅ ခုနှစ် အမှတ်စဉ် ၅ နှင့် ၆ ကြေညာချက်များအရ ထိုထုတ်ကုန်များအပေါ် စည်းကြပ်ခွန်တိုးမြှင့်ကောက်ခံခြင်းကို ပယ်ဖျက်သည်။(ခ) လိုအပ်သော အစီအမံများ ချမျတ်သွား၍ ၂၀၂၅ ခုနှစ်၊ ဧပြီ ၂ ရက်မှစ၍ အမေရိကန်အပေါ် အခွန်စည်းကြပ်မှုမဟုတ်သော တန်ပြန်အစီအမံများကို ဆိုင်းငံ့ သို့မဟုတ် ပယ်ဖျက်သည်။ အထက်ဖော်ပြပါ အစီအမံများ ချမှတ်ပြီးနောက် နှစ်ဖက်သည် ယန္တရားထူထောင်ပြီး ကုန်သွယ်စီးပွားကဏ္ဍ ဆက်ဆံရေးနှင့် စပ်လျဉ်း၍ ဆက်လက်ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်သည်။ တရုတ်ကိုယ်စားလှယ်မှာ တရုတ်နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် ဟယ်လိဖုန်းဖြစ်ပြီး အမေရိကန်ကိုယ်စားလှယ်မှာ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်နှင့် အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ်မှာ Jamieson Greer ဖြစ်သည်။ ညှိနှိုင်းဆွေးနွေးမှုကို တရုတ်၊ အမေရိကန် သို့မဟုတ် နှစ်ဖက်က သဘောတူထားသည့် တတိယနိုင်ငံတွင် ပြုလုပ်နိုင်သည်။ လိုအပ်ချက်အရ နှစ်ဖက်သည် သက်ဆိုင်ရာ ကုန်သွယ်စီးပွားကဏ္ဍဆွေးနွေးရန် အကြောင်းအရာများနှင့်စပ်လျဉ်း၍ လုပ်ငန်းအဆင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နိုင်သည်။ ကိုးကား- XinhuaPhoto: Erie News Now
Mon, 12-မေလ-2025