ထိုင်းနှင့် ကမ္ဘောဒီးယား ပဋိပက္ခ၏ ဇစ်မြစ်

ထိုင်းနှင့် ကမ္ဘောဒီးယား ပြင်းထန်သည့် နယ်စပ်တိုက်ပွဲဖြစ်ရသည်အထိ ပဋိပက္ခ ဖြစ်ရသည့် အကြောင်း ရင်းသည် နှစ်နိုင်ငံ နယ်စပ်ရှိ Preah Vihear ရှေးဟောင်းဘုရားကျောင်းပိုင်ဆိုင်မှုနှင့်ပတ်သက်၍ ဆယ်စုနှစ်ပေါင်းများစွာအငြင်းပွားမှုများက အခြေခံပါသည်။

အဆိုပါအငြင်းပွားမှုသည် ၁၉ ရာစုနှောင်းပိုင်းတွင် ပြင်သစ်ကိုလိုနီက အင်ဒိုချိုင်းနားဒေသ၏ နယ်နိမိတ်များ စတင်သတ်မှတ်ခဲ့သည့်အချိန်ကတည်းက စတင်ခဲ့ခြင်းဖြစ်သည်။ ၁၉၀၄ ခုနှစ်တွင် ထိုင်းနှင့် ပြင်သစ်တို့သည် နယ်စပ်ကို သဘာဝရေဝေကြော (watershed line) အတိုင်း သတ်မှတ်ရန် သဘောတူညီခဲ့ကြပါသည်။ သို့သော် ၁၉၀၇ ခုနှစ်တွင် ပြင်သစ်ရေးဆွဲခဲ့သည့် မြေပုံ၌ Preah Vihear ဘုရားကျောင်းသည် ကမ္ဘောဒီးယားပိုင်နက်အတွင်း ပါဝင်နေသည်ကို တွေ့ရပြီး ရေဝေရေလဲအနေအထားအရ ထိုင်းပိုင်ဆိုင်ရမည့်အခြေအနေတွင်ရှိနေပါသည်။

ဘုရားကျောင်း၏ သဘာဝအနေအထားအရ ထိုင်းဘက်ခြမ်းကို ပို၍မျက်နှာမူ တည်ဆောက်ထား ခြင်းကြောင့် ထိုင်းနိုင်ငံက အဆိုပါသတ်မှတ်မှုကို ကျေနပ်ခဲ့ခြင်းမရှိပေ။ အဆိုပါအချိန်ကာလက ထိုင်းနိုင်ငံသည် ယင်းမြေပုံကို တရားဝင်လက်ခံခဲ့သည်ဟု ယူဆရသော်လည်း နောက်ပိုင်းတွင် မြေပုံသည် မှားယွင်းနေသည်ဟု ငြင်းဆိုခဲ့ပါသည်။ ၁၉၅၃ ခုနှစ်တွင် ကမ္ဘောဒီးယားက ပြင်သစ်တို့ ထံမှ လွတ်လပ်ရေးရပြီးနောက် ၁၉၅၄ ခုနှစ်တွင် ထိုင်းစစ်တပ်က အဆိုပါဘုရားကျောင်းကို သိမ်းပိုက် လိုက်သည်။

၁၉၅၉ ခုနှစ်တွင် ကမ္ဘောဒီးယားက ယင်းပြဿနာကို နယ်သာလန်နိုင်ငံ The Hague ရှိ အပြည်ပြည် ဆိုင်ရာတရားရုံး (International Court of Justice - ICJ) ကို တင်ပြခဲ့သည်။ ၁၉၆၂ ခုနှစ် ဇွန်လ ၁၅ ရက်နေ့တွင် ICJ က Preah Vihearဘုရားကျောင်းသည် ကမ္ဘောဒီးယားပိုင်နက် ဖြစ်ကြောင်း ၉ မဲ ၃ မဲနှင့် ဆုံးဖြတ်ချမှတ်ခဲ့သည်။ ထိုင်းကိုလည်း ဘုရားကျောင်းဧရိယာမှ စစ်တပ်များကို ရုပ်သိမ်းရန်နှင့် ၁၉၅၄ ခုနှစ်နောက်ပိုင်း သိမ်းဆည်းထားသည့် ရှေးဟောင်းပစ္စည်းများကို ပြန်လည်ပေးအပ်ရန် အမိန့်ချမှတ်ခဲ့သည်။

အဆိုပါဆုံးဖြတ်ချက်ကြောင့် ထိုင်းနိုင်ငံတွင် မကျေနပ်မှုများ ကြီးကြီးမားမား ဖြစ်ပေါ်ခဲ့ပြီး သံတမန် ရေးရာ တင်းမာမှုများ ဆက်လက်ဖြစ်ပွားခဲ့သည်။ ထိုင်းက အမိန့်ကို လိုက်နာခဲ့သော်လည်း ဘုရားကျောင်း ပတ်ဝန်းကျင်မှ ၄.၆ စတုရန်းကီလိုမီတာ နယ်မြေကို ဆက်လက်ပိုင်ဆိုင်ကြောင်း ပြောဆိုခဲ့သည်။

၂၀၀၈ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် Preah Vihear ဘုရားကျောင်းကို ကမ္ဘောဒီးယား၏ တစ်ဦးတည်း လျှောက်ထားမှုအရ UNESCO က ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် သတ်မှတ်ခဲ့သည်။ ယင်းဆုံးဖြတ်ချက်သည် ထိုင်းအမျိုးသားရေးသမားများကို အမျက်ထွက်စေခဲ့ပြီး နယ်စပ်တစ်လျှောက် စစ်ရေးတင်းမာမှုများ ပြန်လည်ဖြစ်ပွားစေခဲ့သည်။

၂၀၀၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ နှစ်ဖက်စစ်တပ်များအကြား ပုံမှန်တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး နှစ်ဖက် စလုံး အသေအပျောက်များ ရှိခဲ့သည်။ အထူးသဖြင့် ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီနှင့် ဧပြီလအတွင်း ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အရပ်သား ထောင်ပေါင်းများစွာ ထွက်ပြေးခဲ့ရသည်။

၂၀၁၁ ခုနှစ်တွင် ကမ္ဘောဒီးယားက ၁၉၆၂ ခုနှစ် ICJ ၏ စီရင်ချက်ကို အဓိပ္ပာယ်ပြန်ဖွင့်ပေးရန် ထပ်မံတောင်းဆိုခဲ့သည်။ ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ICJ က ၁၉၆၂ ခုနှစ် စီရင်ချက်ကို အဓိပ္ပာယ်ပြန်ဖွင့်ပေးခဲ့ပြီး ဘုရားကျောင်းတည်ရှိရာ ကုန်းမြင့်တစ်ခုလုံးကို ကမ္ဘောဒီးယား အချုပ် အခြာ အာဏာပိုင်ဖြစ်သည်ဟု တညီတညွတ်တည်း ဆုံးဖြတ်ခဲ့သည်။ ထိုင်းကိုလည်း အဆိုပါဒေသရှိ စစ်တပ်အင်အားများ၊ ရဲတပ်ဖွဲ့များအားလုံးကို ရုပ်သိမ်းရန် အမိန့်ပေးခဲ့သည်။ သို့သော် အငြင်းပွား နေသည့် ၄.၆ စတုရန်းကီလိုမီတာ ဧရိယာတစ်ခုလုံးကိစ္စကို အဆုံးအဖြတ် မပေးခဲ့ပေ။

အဆိုပါ ဆုံးဖြတ်ချက်ကြောင့် ယခုအချိန်အထိ Preah Vihear အပါအဝင် အခြားရှေးဟောင်း ဘုရား ကျောင်းအချို့တည်ရှိရာ နယ်စပ်ဒေသများတွင် ထိုင်းနှင့် ကမ္ဘောဒီးယားကြား နယ်မြေအငြင်းပွား မှုများ ဆက်လက်ဖြစ်ပွားနေပြီး မြေမြှုပ်မိုင်းပေါက်ကွဲမှုများ ၊ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွား ခဲ့ရာမှ ယခုကဲ့သို့ ဒုံးကျည်များ၊ တိုက်လေယာဉ်များ ပါဝင်လာသည်အထိ ပြင်းထန်ခဲ့ခြင်းဖြစ်သည်။

လက်နက်အင်အားနှင့် အရာရာတွင် ထိုင်းကိုမယှဉ်သာသော်လည်း ကမ္ဘောဒီးယားအတွက် Preah Vihear ဘုရားကျောင်းသည် အမျိုးသားရေးအရ ဂုဏ်ယူစရာ အမှတ်အသားတစ်ခုဖြစ်သကဲ့သို့ ထိုင်းအတွက်လည်း နယ်မြေပိုင်နက်နှင့် လုံခြုံရေးဆိုင်ရာ အရေးကြီးသည့် ကိစ္စရပ်တစ်ခုအဖြစ် ဆက်လက်တည်ရှိနေခြင်းကြောင့် အငြင်းပွားမှုများသည် ပြီးဆုံးရန်အချိန်ယူရဦးမည့် သမိုင်းဝင်ကိစ္စ တစ်ခု ဖြစ်ပါသည်။

ကိုးကား- The Economic Time

Subject-Image

  • ထိုင်းနှင့် ကမ္ဘောဒီးယား ပဋိပက္ခ၏ ဇစ်မြစ်
  • ထိုင်းနှင့် ကမ္ဘောဒီးယား ပဋိပက္ခ၏ ဇစ်မြစ်
  • ထိုင်းနှင့် ကမ္ဘောဒီးယား ပဋိပက္ခ၏ ဇစ်မြစ်

Posted-Date