ဩစတြေးလျနိုင်ငံက ပါလက်စတိုင်းနိုင်ငံအဖြစ် အသိအမှတ်ပြုတော့မည်
ဩစတြေးလျဝန်ကြီးချုပ် Albanese က စက်တင်ဘာလတွင် ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် ပါလက်စတိုင်းနိုင်ငံအဖြစ် အသိအမှတ်ပြုရန် သဘောတူညီထားကြောင်း ပြောကြား လိုက်သည်။"ငြိမ်းချမ်းရေးသည် ယာယီသာဖြစ်ပြီး အစ္စရေးနိုင်ငံနှင့် ပါလက်စတိုင်းနိုင်ငံတို့ အမြဲတည်ရှိ မှသာ တည်တံ့နိုင်မည်။ ဩစတြေးလျနိုင်ငံသည် ပါလက်စတိုင်းလူမျိုးများ၏ နိုင်ငံတည်ထောင်ရေး အခွင့်အရေးကို အသိအမှတ်ပြုပါမည်" ဟု ဝန်ကြီးချုပ် Anthony Albanese က ယနေ့ (ဩဂုတ် ၁၁) တွင်ပြောကြားခဲ့သည်။ ပါလက်စတိုင်းအာဏာပိုင်များက ၎င်းအား ဟားမက်သည် အနာဂတ် ပါလက်စတိုင်း နိုင်ငံတွင် "အခန်းကဏ္ဍမရှိစေရ" ဟု အာမခံထားကြောင်း Albanese က ဖြည့်စွက် ပြောကြားခဲ့သည်။
"ဤသည်မှာ ကောင်းသောအခွင့်အရေးဖြစ်ပြီး ဩစတြေးလျနိုင်ငံသည် နိုင်ငံတကာအသိုင်း အဝိုင်းနှင့် ပူးပေါင်းကာ ထိုအခွင့်အရေးကို အသုံးချမည်" ဟု ၎င်းက ဆိုသည်။ "နိုင်ငံနှစ်နိုင်ငံ အဖြေရှာ ခြင်းသည် အရှေ့အလယ်ပိုင်းရှိ အကြမ်းဖက်မှုစက်ဝန်းကို ရပ်တန့်ရန်နှင့် ဂါဇာတွင် ပဋိပက္ခ၊ ဒုက္ခနှင့် အငတ်ဘေးများကို အဆုံးသတ်ရန် လူသားတို့၏ အကောင်းဆုံးမျှော်လင့်ချက်ဖြစ်သည်" ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
နယူးဇီလန်နိုင်ငံကလည်း ဩစတြေးလျနှင့်အတူ ပါလက်စတိုင်းနိုင်ငံအဖြစ် အသိအမှတ်ပြုရန် စဉ်းစားနေကြောင်း ယနေ့ (ဩဂုတ် ၁၁) ပင် ကြေညာလိုက်သည်။ နိုင်ငံခြားရေးဝန်ကြီး Winston Peters က စက်တင်ဘာလတွင် အစိုးရအဖွဲ့က ဆုံးဖြတ်ချက်ချမှတ်ကာ ကုလသမဂ္ဂ ခေါင်းဆောင်များ တွေ့ဆုံမည့် သီတင်းပတ်တွင် ပြည့်စုံခိုင်မာသော ချဉ်းကပ်မှုပုံစံကို တင်ပြမည်ဟု ပြောကြားခဲ့သည်။
နိုင်ငံနှစ်နိုင်ငံ အဖြေရှာခြင်းဆိုသည်မှာ အစ္စရေးနှင့် ပါလက်စတိုင်းတို့အတွက် သီးခြားနယ်မြေများ သတ်မှတ်ပေးရန် အတွေးအခေါ်တစ်ခုဖြစ်ပြီး၊ ၁၉၄၇ ခုနှစ်တွင် ကုလသမဂ္ဂက ဗြိတိသျှ အုပ်ချုပ်မှု အောက်ရှိ ပါလက်စတိုင်းဒေသကို ပါလက်စတိုင်းနှင့် ဂျူးလူမျိုးများအတွက် နှစ်ပိုင်းခွဲခြားပေးရန် စတင်ခဲ့သည်။
သို့သော် ၁၉၄၈ ခုနှစ်တွင် အစ္စရေးနိုင်ငံ ပေါ်ပေါက်ပြီးနောက် ဆယ်စုနှစ်များအတွင်း ပေါ်ပေါက်ခဲ့သောပဋိပက္ခများက ပါလက်စတိုင်းနိုင်ငံတည်ထောင်ရေးကြိုးပမ်းမှုများကို အဟန့်အတားဖြစ်စေခဲ့သည်။၁၉၉၃ ခုနှစ်တွင် အမေရိကန်ကြားဝင်ညှိနှိုင်းပေးခဲ့သော အော်စလိုသဘောတူညီချက်အရ အစ္စရေးနှင့် ပါလက်စတိုင်းအာဏာပိုင်များက အနောက်ဘက်ကမ်းဒေသ (West Bank) နှင့် ဂါဇာကို ပါလက်စတိုင်းက အုပ်ချုပ်ရန် သဘောတူခဲ့သော်လည်း အနောက်ဘက်ကမ်းရှိ ဂျူးအခြေချနေထိုင်မှုများ တိုးချဲ့လာ ခြင်းနှင့် အစ္စရေး၏ ပါလက်စတိုင်းနယ်မြေငြင်းဆိုမှုများက အဆိုပါအဖြေကို ဝေးကွာစေခဲ့သည်။
ဇူလိုင်လ ၂၄ ရက်တွင် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က "အရှေ့အလယ်ပိုင်းတွင် တရားမျှတပြီး ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးအတွက် သမိုင်းဝင်ကတိကို အလေးထားသည့်အနေဖြင့် " စက်တင်ဘာလတွင် ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုမည်ဟု ကြေညာခဲ့သည်။ ဗြိတိန် ဝန်ကြီးချုပ် ကီယာ စတာမာနှင့် ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနီတို့ကလည်း ဇူလိုင်လကုန်တွင် အလားတူ ရည်ရွယ်ချက်များ ထုတ်ဖော်ပြောကြားခဲ့သည်။
ပေါ်တူဂီနိုင်ငံကလည်း "လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေများနှင့် အစ္စရေး၏ ပါလက်စတိုင်း နယ်မြေများကို သိမ်းပိုက်ရန် အကြိမ်ကြိမ်ပြောဆိုမှုများကြောင့် စိုးရိမ်ဖွယ်ရာဖြစ်နေသော ပဋိပက္ခ” တို့အပေါ် တုံ့ပြန်သည့်အနေဖြင့် စက်တင်ဘာလတွင် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ၈၀ ကြိမ် မြောက်အစည်းအဝေးတွင် ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုရန် စီစဉ်ထားသည်။
ပြင်သစ်၊ ဗြိတိန်နှင့် ကနေဒါတို့၏ ထိုလှုပ်ရှားမှုမှာ အထူးသတိထားစရာဖြစ်သည်။ အဘယ့်ကြောင့် ဆိုသော် ယခင်က အနောက်နိုင်ငံများက နယ်နိမိတ်နှင့် ဂျေရုဆလင်အခြေအနေကဲ့သို့သော အချက် များတွင် သဘောတူညီမှုရပြီးမှသာ ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုမည်ဟု ယေဘုယျအားဖြင့် ရပ်တည်ခဲ့ကြသော်လည်း ယခုအခါ ၎င်းတို့၏ သဘောထားပြောင်းလဲလာမှုကို မြင်တွေ့ရသော ကြောင့် ဖြစ်သည်။
အစ္စရေးက ပါလက်စတိုင်းနိုင်ငံအဖြစ် အသိအမှတ်ပြုရန် ဆုံးဖြတ်ချက်ကို ဝေဖန်ခဲ့ပြီး ယင်းက ဂါဇာတွင် စစ်ပြေငြိမ်းရေးညှိနှိုင်းမှုနှင့် အကျဉ်းချထားခံရသူများ လွတ်မြောက်ရေးအားထုတ်မှုများကို အားနည်းစေသည်ဟု ဆိုသည်။
လေ့လာသူများက ပါလက်စတိုင်းနိုင်ငံအဖြစ် အသိအမှတ်ပြုခြင်းသည် အဓိကအားဖြင့် သင်္ကေတ သဘောသာဖြစ်သည်ဟု သုံးသပ်ကြသည်။ အဘယ့်ကြောင့်ဆိုသော် အစ္စရေးတပ်မတော်က အနောက် ဘက်ကမ်း၊ ဂါဇာကမ်းမြောင်နှင့် အရှေ့ဂျေရုဆလင်အပါအဝင် ပါလက်စတိုင်းနိုင်ငံ တည်ဆောက်ရေး အတွက် ရည်မှန်းထားသော နယ်မြေအများစုကို ထိန်းချုပ်ထားသောကြောင့်ဖြစ်သည်။ သို့သော်အနောက်နိုင်ငံကြီးများ၏ ထိုလှုပ်ရှားမှုက အစ္စရေးကို နိုင်ငံတကာမြင်ကွင်းတွင် တစ်စတစ်စ အထီးကျန် စေလိမ့်မည်ဟု ခန့်မှန်းကြသည်။
ကိုးကား- VN Express
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီးဌာန-၂