မကြာမီတွင် ရုရှား-ယူကရိန်း ခေါင်းဆောင်တို့နှင့် တွေ့ဆုံဆွေးနွေးနိုင်ဖွယ်ရှိသည်ဟု ထရမ့်ဆို
အမေရိကန်သမ္မတ ထရမ့်က ဩဂုတ် ၆ ရက်တွင် ရုရှား-ယူကရိန်းပဋိပက္ခ အဆုံးသတ်ရေးနှင့် စပ်လျဉ်း၍ ၎င်းက မကြာမီ ရုရှားသမ္မတ ပူတင်၊ ယူကရိန်းသမ္မတ ဇီလန်စကီးတို့နှင့် တွေ့ဆုံ ဆွေးနွေးနိုင်ဖွယ်ရှိသည်ဟု အိမ်ဖြူတော်၌ မီဒီယာများ၏မေးမြန်မှုကို ဖြေကြားရာတွင် ပြောကြားခဲ့ သည်။
ဇီလန်စကီးက သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှုအပေါ် သဘောတူခြင်း ရှိ၊ မရှိကို မီဒီယာ သတင်းထောက်များက မေးမြန်းရာတွင် ထရမ့်က ရုရှား-ယူကရိန်း ပဋိပက္ခ အဆုံးသတ်ရေး လမ်းကြောင်းသည် “အလွန်ရှည်လျားလျက်ရှိ” ကြောင်း၊ “သို့သော် မကြာမီ တွေ့ဆုံဆွေးနွေးတစ်ခု ကျင်းပနိုင်ဖွယ်ရှိကြောင်း” ပြောကြားခဲ့သည်။
ထရမ့်က ၎င်းအနေဖြင့် အစောဆုံး လာမည့်သီတင်းပတ်တွင် ပူတင်နှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ် ထားပြီး ယင်းနောက် ၎င်းတို့နှစ်ဦးနှင့် ဇီလန်စကီးတို့ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲ ကျင်းပမည် ဖြစ်ကြောင်း အဆိုပါနေ့တွင် ဥရောပခေါင်းဆောင်နှင့် ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးစဉ် ပြောကြားခဲ့ သည်ဟု “The New York Times” နှင့် CNN က အိမ်ဖြူတော်အရာရှိများအား သတင်းအရင်းအမြစ်အဖြစ် သတ်မှတ်၍ ထုတ်ပြန်ထားသောသတင်းအရ သိရသည်။ တွေ့ဆုံဆွေးနွေးမှု စီစဉ်ထားသည့်အတိုင်း ကျင်းပနိုင်ခြင်း ရှိ၊ မရှိမှာ ရုရှား-ယူကရိန်း ပဋိပက္ခ အခြေအနေတိုးတက်မှု မည်ကဲ့သို့ရှိခြင်း၊ အမေရိကန်၊ ရုရှားနှင့် ယူကရိန်းတို့ ကိုယ်စီ၏ ရပ်တည်ချက်များ “လုံလောက်စွာ တူညီနီးစပ်မှု” ရှိ၊ မရှိခြင်းအပေါ်မူတည်ကြောင်း အမေရိကန်နိုင်ငံနိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံ အရှေ့အလယ်ပိုင်းရေးရာ အထူးသံတမန် စတိဗ်ဝစ်ကော့ဖ်နှင့် ပူတင်တို့၏ ဩဂုတ် ၆ ရက် တွေ့ဆုံဆွေးနွေးမှုသည် “ရလဒ်များ ကြွယ်ဝ” ကြောင်း ထရမ့်က ထိုနေ့အစောပိုင်းတွင် လူမှုမီဒီယာ၌ ရေးသားဖော်ပြခဲ့သည်။ သို့သော်လည်း ယင်းနောက် မီဒီယာများ၏ မေးမြန်းမှုတွင် ၎င်းက စတိဗ်ဝစ်ကော့ဖ်၏ ယခုအကြိမ် ခရီးစဉ်သည် “ထိုးဖောက်မှု” တစ်ကြိမ် ဖြစ်သည်ဟု ပြောရန် ခက်ခဲကြောင်း ပြောကြားခဲ့သည်။
ပူတင်နှင့် စတိဗ်ဝစ်ကော့ဖ်၏ ဩဂုတ် ၆ ရက် တွေ့ဆုံဆွေးနွေးမှုသည် “အလွန်အကျိုးရှိပြီး များစွာ အပြုသဘောဆောင်ကြောင်း”၊ နှစ်ဖက်သည် ယူကရိန်းအကျပ်အတည်းနှင့် ရုရှား-အမေရိကန် မဟာဗျူဟာပူးပေါင်းဆောင်ရွက်ရေး၏အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအလားအလာ စသည့် အကြောင်း အရာများကို ဆွေးနွေးခဲ့ကြောင်း ရုရှားသမ္မတ လက်ထောက် Yuri Ushakov က ထိုနေ့တွင် ပြောကြားခဲ့သည်။ ပူတင်နှင့် စတိဗ်ဝစ်ကော့ဖ်၏ တွေ့ဆုံဆွေးနွေးမှုသည် ၃ နာရီခန့် ကြာမြင့် ကြောင်း ရုရှားမီဒီယာများ၏ သတင်းဖော်ပြမှုအရ သိရသည်။
အမေရိကန်၏ ရုရှားအပေါ် ဖိအားပေးမှုသည် ရလဒ်များပေါ်ထွက်လာပြီး လက်ရှိတွင် ရုရှားဘက်က အပစ်ရပ်ရန် ပို၍အားသာကြောင်း ဇီလန်စကီးက ထိုနေ့တွင် လူမှုမီဒီယာ၌ ရေးသားဖော်ပြခဲ့သည်။ “အဓိကကတော့ အသေးစိတ် အချက်အလက်တွေမှာ သူတို့က (ရုရှား-အမေရိကန်) ကျွန်တော်တို့ကို မလိမ်လည်ဖို့ပါပဲ” ဟု ၎င်းက အလေးထားပြောကြားခဲ့သည်။ ၎င်းက စတိဗ်ဝစ်ကော့ဖ် ရုရှား ခရီးစဉ်နှင့်စပ်လျဉ်း၍ ထရမ့်နှင့်ဆွေးနွေးခဲ့ဖူးပြီး ယူကရိန်းသည် “တရားမျှတမှုရှိသော ငြိမ်းချမ်းရေး” ကို အဆိုပြုကြောင်း အလေးထားပြောကြားခဲ့သည်။
ရုရှားအနေဖြင့် ဩဂုတ် ၈ ရက်မတိုင်မိ ရုရှား-ယူကရိန်း ပဋိပက္ခကို အဆုံးသတ်ရမည်ဖြစ်ပြီး သို့မဟုတ်ပါက အမေရိကန်၏ တစ်ဆင့်တိုး ပိတ်ဆို့အရေးယူမှုများနှင့် ရင်ဆိုင်ရမည်ဟု ထရမ့် အစိုးရက လတ်တလောတွင် သတိပေးခဲ့သည်။ ရုရှားဘက်က ယူကရိန်းနှင့် ပဋိပက္ခဖြစ်ပွားမှုကို ရပ်တန့်လာစေရန် ထရမ့်က ၎င်းအနေဖြင့် “ဒုတိယအဆင့် ပိတ်ဆို့အရေးယူမှုများ” ကို မကြာမီ ကြေညာနိုင်ကြောင်း ဩဂုတ် ၆ ရက်တွင် ပြောကြားခဲ့သည်။
ကိုးကား- Xinhua