ဂါဇာ၌ စစ်ရေးရည်မှန်းချက်များ ခြွင်းချက်မရှိ အောင်မြင်အောင် လုပ်ဆောင်သွားမည်ဟု အစ္စရေးပြော
ဂါဇာဒေသသို့ အကူအညီပစ္စည်းများကို ရက်အတန်ကြာ ပေးပို့လျက်ရှိသော်လည်း အစာရေစာ ငတ်မွတ်မှုနှင့် အာဟာရချို့တဲ့မှုတို့ကြောင့် လူသေဆုံးမှုများ ထပ်မံဖြစ်ပွားနေစဉ် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာ ဟုက ၎င်းအနေဖြင့် ဂါဇာဒေသ၌ စစ်ရေးရည်မှန်းချက်သုံးရပ်အား ခြွင်းချက်မရှိ အောင်မြင်ရေးအတွက် ယခု သီတင်းပတ်နှောင်းပိုင်းတွင် အစ္စရေးစစ်တပ်အား ညွှန်ကြားသွားမည်ဟု ဩဂုတ် ၄ ရက်၌ ပြောကြားခဲ့ သည်။
နေတန်ယာဟုအနေဖြင့် ဂါဇာအား အလုံးစုံ ပြန်လည်သိမ်းယူရေးနှင့် စပ်လျဉ်း၍ စဉ်းစားသုံးသပ်ရန် ဩဂုတ် ၅ ရက်၌ လုံခြုံရေးဆိုင်ရာ ဆွေးနွေးမှုများပြုလုပ်မည့် အစည်းအဝေးကို ကျင်းပမည်ဟု ယူဆရကြောင်း အမည်မဖော်လိုသည့် အစ္စရေးတာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ပြောကြားခဲ့သည်။ ထိုအတောအတွင်း အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)၊ ဂျော်ဒန်၊ အီဂျစ်၊ ဂျာမနီ၊ ဘယ်လ်ဂျီယမ်နှင့် ကနေဒါတို့က စားနပ်ရိက္ခာများ ပါဝင်သည့် အကူအညီပစ္စည်းအထုပ်ပေါင်း ၁၂၀ အား ဂါဇာဒေသသို့ ဩဂုတ် ၄ ရက်က လေကြောင်းမှချပေးခဲ့သည်ဟု အစ္စရေးစစ်တပ်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ဩဂုတ် ၄ ရက်၌ လေကြောင်းမှ အကူအညီပစ္စည်းများချပေးသည့် အစီအစဉ်များတွင် ကနေဒါနိုင်ငံက ပထမဆုံးအကြိမ် ပါဝင် လာခြင်းဖြစ်ကြောင်း သိရသည်။ဂျော်ဒန်တော်ဝင်မိသားစုပရဟိတအဖွဲ့အစည်း (JHCO) က လူသားချင်း စာနာမှု အကူအညီများကို သယ်ဆောင်လာသည့် ထရပ်ကား ၃၈ စီး ပါဝင်သော နောက်ထပ်ယာဉ်တန်း တစ်ခုမှာ ဩဂုတ် ၄ ရက်က King Hussein တံတားကိုဖြတ်၍ ဂါဇာဒေသထဲသို့ ဖြတ်ကျော်ဝင်ရောက်ခဲ့ သည်ဟု ကြေညာချက်ထုတ်ပြန်ခဲ့သည်။အစ္စရေးဘက်က တရားဝင်အလုပ်ချိန်ကို အကြောင်းပြကာ နယ်စပ် ဂိတ်များ၌ ကန့်သတ်မှုများ ဆက်လက်လုပ်ဆောင်နေသည့်အတွက် ဂျော်ဒန်နိုင်ငံမှ အကူအညီပေးရေး ထရပ်ကား ၄၅၂ စီး ဂါဇာသို့ ရောက်ရှိနိုင်ရန် ကနဦးစီစဉ်ထားသော်လည်း လွန်ခဲ့သော သီတင်းနှစ်ပတ် အတွင်း ထရပ်ကား ၂၉၄ စီးသာ ရောက်ရှိခဲ့သည်ဟု JHCO အထွေထွေအတွင်းရေးမှူး ဟူစိန် အယ်လ်-ရှက်ဘလီက ဆင်ဟွာသို့ ပြောကြားခဲ့သည်။ ဆေးဘက်ဆိုင်ရာအသုံးအဆောင်ပစ္စည်းများနှင့် ကိရိယာများ ပေးပို့မှုအား ပိတ်ပင်ထားသကဲ့သို့ ရှာဖွေစစ်ဆေးရေးနှင့် ခွင့်ပြုရေးဆိုင်ရာ လုပ်ငန်းစဉ်များမှာလည်း ကြန့်ကြာလျက်ရှိကြောင်း၊ ယာဉ်တန်းတစ်ခု ဂါဇာသို့ရောက်ရှိရန် ၃၈ နာရီခန့် ကြာမြင့်ကြောင်း ၎င်းက ဆိုသည်။
ဟားမက်အဖွဲ့က ဖွင့်လှစ်ထားသော အစိုးရပြန်ကြားရေးရုံးကလည်း ဩဂုတ် ၃ ရက်တွင် ဂါဇာသို့ အကူအညီ ပေးရေး ထရပ်ကား အစီး ၈၀ သာ ရောက်ရှိခဲ့ပြီး အစ္စရေးက အကူအညီပစ္စည်းများ ဝင်ရောက်မှုကို ဇူလိုင် ၂၇ ရက်၌ စတင်ခွင့်ပြုခဲ့ပြီးနောက် ဂါဇာသို့ရောက်ရှိခဲ့သည့် စုစုပေါင်းထရပ်ကား အရေအတွက်မှာ ၆၇၄ စီး ရှိလာခဲ့ကြောင်း၊ ထိုပမာဏမှာ ယင်းကာလတူ၌ ဂါဇာသို့ရောက်ရှိရန် လိုအပ်နေ သည့် ထရပ်ကားအစီးရေ ၄,၈၀၀ ထက်များစွာနည်းပါးနေသည်ဟု ကြေညာချက်ထုတ်ပြန်ခဲ့သည်။ အသက်ရှင်ရပ်တည်နိုင်ရေး အနိမ့်ဆုံး လိုအပ်ချက်နှင့် ပြည့်မီရန်အတွက် ထရပ်ကားအစီးရေ ၆၀၀ ထက်မနည်း ဂါဇာသို့ နေ့စဉ်ရောက်ရှိနိုင်ရန် လိုအပ်ကြောင်း၊ အစ္စရေးအနေဖြင့် အစာရေစာ ငတ်မွတ်မှုနှင့် ဝရုန်းသုန်းကားအခြေအနေများ ဖြစ်စေသည့် မူဝါဒကို ဆက်လက်ဖော်ဆောင်နေကြောင်း ယင်းကြေညာချက်၌ စွပ်စွဲထားသည်ဟု သိရသည်။
ကိုးကား-Xinhua