ပြင်သစ်နိုင်ငံက စက်တင်ဘာလတွင် ပါလက်စတိုင်းနိုင်ငံအား အသိအမှတ်ပြုမည်ဟု မက်ခရွန် ဆို
ပြင်သစ်နိုင်ငံအနေဖြင့် ယခုနှစ် စက်တင်ဘာလတွင် ကျင်းပမည့် ကုလသမဂ္ဂအထွေထွေညီလာခံ၌ ပါလက်စတိုင်းနိုင်ငံအား တရားဝင်အသိအမှတ်ပြုကြောင်း ကြေညာမည်ဟု ပြင်သစ်နိုင်ငံ သမ္မတ မက်ခရွန်က ဇူလိုင် ၂၄ ရက်တွင် လူမှုမီဒီယာ၌ ပို့စ်တင်၍ ပြောကြားခဲ့သည်။
လက်ရှိအရေးကြီးဆုံးမှာ ဂါဇာကမ်းမြောင်ဒေသစစ်ပွဲကို အဆုံးသတ်ရန်နှင့် အရပ်သားပြည်သူများ အား ကယ်တင်ရန်ဖြစ်ကြောင်း၊ ချက်ချင်းအပစ်ရပ်ခြင်း၊ ဖမ်းဆီးထိန်းသိမ်းထားသူအားလုံး ပြန်လွှတ် ပေးခြင်းနှင့် ဂါဇာဒေသပြည်သူများထံ လူသားချင်းစာနာမှုအကူအညီ ပမာဏ အများအပြားပံ့ပိုးခြင်း တို့ လုပ်ဆောင်ရမည်ဖြစ်ကြောင်း မက်ခရွန်က ပြောကြားခဲ့သည်။
ပါလက်စတိုင်း အစ္စလာမ်မစ် တော်လှန်ရေးလှုပ်ရှားမှုအဖွဲ့ (ဟားမက်) ၏ စစ်ရေးမဖော်ဆောင်မှုနှင့် ဂါဇာကမ်းမြောင်ဒေသ၏ ဘေးကင်းလုံခြုံမှုနှင့် ပြန်လည်တည်ဆောက်မှုကို မဖြစ်မနေ အာမခံရမည် ဖြစ်ကြောင်း၊ နောက်ဆုံးတွင် ပါလက်စတိုင်းနိုင်ငံ တည်ထောင်၍ ၎င်း၏ ရှင်သန်တည်ရှိနိုင်မှုစွမ်းရည် အား အာမခံရမည်ဖြစ်ကြောင်း၊ ထိုသို့အားဖြင့် ၎င်းတို့က စစ်ရေးမဖော်ဆောင်မှုအား လက်ခံ၍ အစ္စရေးအား ဘက်စုံအသိအမှတ်ပြုသည့် အခြေအနေတွင် အရှေ့အလယ်ပိုင်းဒေသ ဘုံလုံခြုံရေး ကိစ္စရပ်များတွင် ပါဝင်စေရမည်ဖြစ်ကြောင်း ၎င်းက တစ်ချိန်တည်းတွင် ယူဆကြောင်းဆိုသည်။
စပိန်နိုင်ငံ ဝန်ကြီးချုပ် Pedro Sánchez က ပြင်သစ်နိုင်ငံ၏ အဆိုပါလုပ်ရပ်အပေါ် ကြိုဆိုကြောင်း ဆိုခဲ့သည်။ ၎င်းက လူမှုမီဒီယာတွင် ပို့စ်တင်၍ “ပြင်သစ်နိုင်ငံက စပိန်နှင့် ပါလက်စတိုင်းနိုင်ငံအား အသိအမှတ်ပြုသည့် အခြားသော ဥရောပနိုင်ငံများစာရင်းမှာ ပါဝင်လာသည့်အတွက် ကြိုဆိုပါသည်” ဟု ဆိုခဲ့သည်။
“မိမိတို့က “အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု” ဖျက်ဆီးရန်ကြိုးပမ်းနေသည့် အရာအားလုံးကို အတူတကွ စောင့်ရှောက်ရပါမည်” “နှစ်နိုင်ငံ ဖြေရှင်းမှုနည်းလမ်း” သည် ပါလက်စတိုင်းပြဿနာအား ဖြေရှင်းသည့် တစ်ခုတည်းသော ထွက်ပေါက်ဖြစ်ကြောင်း Pedro Sánchez က ပြောကြားခဲ့သည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် ယခုအကြိမ် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခဖြစ်ပွားလာ ကတည်း က စပိန်၊ နော်ဝေး၊ အိုင်ယာလန်၊ ဆလိုဗေးနီးယားနှင့် ဥရောပနှင့် အာဖရိကနိုင်ငံများစွာက ပါလက်စတိုင်းနိုင်ငံအား အသိအမှတ်ပြုကြောင်း ကြေညာခဲ့သည်။
မက်ခရွန်က ယခုနှစ် ဧပြီလတွင် အီဂျစ်နိုင်ငံသို့ ခရီးစဉ်သွားရောက်ပြီးနောက် ပြင်သစ်နှင့် ဆော်ဒီ အာရေဗျတို့သည် ဇွန်လတွင် “နှစ်နိုင်ငံ ဖြေရှင်းမှုနည်းလမ်း” အကောင်အထည်ဖော်မှု တွန်းအား ပေးရေးအတွက် ကုလသမဂ္ဂ အစည်းအဝေးအား အတူတကွ ကြီးမှူးကျင်းပရန် စီစဉ်ထားကြောင်း ကြေညာခဲ့သည်။ ပြင်သစ်နိုင်ငံက ထိုအချိန်တွင် ပါလက်စတိုင်းနိုင်ငံအား အသိအမှတ်ပြုနိုင်ကြောင်း ပြင်သစ်မီဒီယာများ၏ သတင်းဖော်ပြချက်အရ သိရသည်။ သို့သော် အဆိုပါ အစည်းအဝေးသည် အစ္စရေးနှင့် အီရန်၏ ဇွန်လတွင် ဖြစ်ပွားသော စစ်ရေးပဋိပက္ခကြောင့် ရွှေ့ဆိုင်းခဲ့ရသည်။
ကိုးကား- ဆင်ဟွာ