ဂါဇာသို့ နောက်ထပ် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ဂျော်ဒန်၊ အီဂျစ်၊ ယူအေအီး ပေးပို့
ဂျော်ဒန်၊ အီဂျစ်နှင့် ယူအေအီးနိုင်ငံတို့က ဂါဇာကမ်းမြောင်သို့ လေကြောင်းမှ အကူအညီပစ်ချမှု မစ်ရှင် များနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ရေး ယာဉ်တန်းများမှတစ်ဆင့် ဂါဇာ ကမ်းမြောင်သို့ နောက်ထပ် အကူအညီများ ပေးအပ်လိုက်ပြီဖြစ်ကြောင်း သြဂုတ် ၃ ရက်တွင် ကြေညာ ခဲ့သည်။
ဂျော်ဒန်သည် ဂါဇာကမ်းမြောင်ဒေသအပေါ် လေကြောင်းမှအကူအညီပစ်ချပေးမှု ပူးတွဲမစ်ရှင် ခုနစ်ခုကို လုပ်ဆောင်ခဲ့ကြောင်း၊ ထိုကမ်းရိုးတန်းဒေသသို့ လူသားချင်းစာနာထောက်ထားမှုနှင့် စားနပ်ရိက္ခာ အကူအညီ စုစုပေါင်း ၆၁ တန်ကို နိုင်ငံတကာမိတ်ဖက်များနှင့် ပူးပေါင်းကူညီခဲ့ကြောင်း ဂျော်ဒန် စစ်တပ်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ပူးပေါင်းကူညီမှုတွင် ဂျာမနီ၊ ယူအေအီး၊ ပြင်သစ်နှင့် ဘယ်လ်ဂျီယမ်တို့က ပံ့ပိုးပေးသည့် လေယာဉ်များနှင့်အတူ တော်ဝင်ဂျော်ဒန်လေတပ်မှ လေယာဉ်နှစ်စင်း ပါဝင်ခဲ့သည်။
ထိုအတောအတွင်း ပါလက်စတိုင်းနယ်မြေအတွင်းသို့ မ၀င်ရောက်မီ ကီရမ်ရှာလုံနယ်စပ်ဂိတ်တွင် စစ်ဆေးကာ ရာဖာနယ်စပ်ဂိတ်ကိုဖြတ်၍ ဂါဇာကမ်းမြောင်သို့ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ထောက်ပံ့ရေးယာဉ်တန်းသစ်တစ်ခုကို သြဂုတ် ၃ ရက်တွင် စေလွှတ်ခဲ့ကြောင်း အီဂျစ် Al-Qaahera News ရုပ်သံလိုင်းက ဖော်ပြခဲ့သည်။
အီဂျစ်လခြမ်းနီအဖွဲ့မှ စီစဉ်ပေးသည့် ထောက်ပံ့ရေးယာဉ်တန်းတွင် အစားအသောက်များ၊ ဆေးဘက် ဆိုင်ရာ ကိရိယာများနှင့် လိုအပ်သော ဆေးဝါးများ တင်ဆောင်ထားသည့် ထရပ်ကား ဒါဇင်နှင့်ချီ ပါဝင်ပြီး ဆေးရုံနှင့်ရေပေးဝေရေးစက်ရုံများကဲ့သို့သော ဂါဇာရှိ အရေးကြီးသော အခြေခံအဆောက်အအုံ များကို ဓာတ်အားပေးရန် သတ်မှတ်ထားသော ဒီဇယ် ၁၀၇ တန် တင်ဆောင်ထားသည့် လောင်စာဆီ တင်ထရပ်ကား နှစ်စီးလည်း ပါဝင်သည်။
လွန်ခဲ့သော ၇၂ နာရီအတွင်း စစ်ဘက်သယ်ယူပို့ဆောင်ရေးလေယာဉ် ၉ စင်းသည် လေကြောင်းမှ အကူအညီပစ်ချမှုများ လုပ်ဆောင်ခဲ့ပြီး ကုန်းလမ်းဖြင့် သွားလာ၍မရသော ဂါဇာရှိ ဒေသများသို့ ရိက္ခာ တန်ချိန်ပေါင်းများစွာ ပေးပို့ခဲ့ကြောင်းလည်း အီဂျစ်စစ်တပ်က ထုတ်ပြန်ခဲ့သည်။
အမ်းမရိတ်သတင်းဌာန၏ သတင်းဖော်ပြချက်အရ ယူအေအီးသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် ပူးပေါင်း၍ ဂါဇာကမ်းမြောင်သို့ ဆေးဘက်ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်မှုအသစ် ပေးပို့ခဲ့ ကြောင်းသိရသည်။ သြဂုတ် ၃ ရက်တွင် ပေးပို့ပေးခဲ့သည့် ပို့ဆောင်မှု၌ မရှိမဖြစ်လိုအပ်သော ဆေးဝါးနှင့် ဆေးပစ္စည်း ၆၅ တန်ခန့် တင်ဆောင်လာသည့် ကုန်တင်ကား ၁၁ စီး ပါဝင်သည်။ ပိတ်ဆို့ ခံထားရဆဲအခြေအနေကြောင့် ကျန်းမာရေးစနစ် ဆိုးရွားစွာ ထိခိုက်ခံနေရသည့် ဂါဇာကမ်းမြောင် ဒေသရှိ ဆေးရုံများနှင့် ကျန်းမာရေးစောင့်ရှောက်မှု အဆောက်အအုံများသို့ ဖြန့်ဖြူးရန်အတွက် WHO ဂိုဒေါင်များသို့ ယင်းပစ္စည်းများကို ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။
တစ်ဖက်တွင် အစ္စရေးစစ်တပ်ကလည်း ပြီးခဲ့သော ၂၄ နာရီအတွင်း ဘယ်လ်ဂျီယမ်၊ ယူအေအီး၊ ဂျော်ဒန်၊ အီဂျစ်၊ ပြင်သစ်နှင့် ဂျာမနီတို့သည် ဂါဇာကမ်းမြောင်ဒေသတွင် စားနပ်ရိက္ခာအထုပ်ပေါင်း ၁၃၆ ထုပ်ကို လေကြောင်းမှပစ်ချခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
အစ္စရေးသည် လွန်ခဲ့သော သီတင်းပတ်တွင် ပြည်ပနိုင်ငံများ၏ လေကြောင်းမှအကူအညီပစ်ချမှုကို စတင်ခွင့်ပြုခဲ့ပြီး ပါလက်စတိုင်းနယ်မြေအတွင်းသို့ အကူအညီများ ပို၍ရောက်ရှိစေခဲ့သည်။ သို့သော် လည်း ကုလသမဂ္ဂ အကူအညီပေးရေးဆိုင်ရာ ကျွမ်းကျင်သူများကမူ အကူအညီများ မလုံလောက် သေးဟု ဆိုသည်။
သြဂုတ် ၃ ရက်တွင် ငတ်မွတ်မှုနှင့် အာဟာရချို့တဲ့မှုကြောင့် နောက်ထပ် လူခြောက်ဦး သေဆုံးခဲ့ပြီး ငတ်မွတ်မှုနှင့်ဆက်နွှယ်သော သေဆုံးသူဦးရေတွင် ကလေး ၉၃ ဦးအပါအဝင် စုစုပေါင်း ၁၇၅ ဦးအထိ ရှိလာခဲ့ကြောင်း ဂါဇာအခြေစိုက် ကျန်းမာရေးအာဏာပိုင်များက ကြေညာခဲ့သည်။
ကိုးကား - Xinhua