ပန်းတိုင်ရောက်သူများနှင့် ပန်းတိုင်ပျောက်သူများ

မြန်မာနိုင်ငံရဲ့ တောင်တန်းပြည်မတိုင်းရင်းသားများ၏ ပကတိအရှိတရားများကို အများအပြောကိုနားမယောင်ဘဲ ကိုယ်တိုင်လက်တွေ့ကျကျ ရှုမြင် သုတေသနပြုကြည့်လျှင် သဘောရိုးနဲ့မြင်နိုင်စရာ သက်သေအချက်ပေါင်း မြောက်မြားစွာရှိပါတယ်။ ယင်းတို့ထဲမှ အရပ်သားပြည်သူများ နားလည်လွယ်နိုင် သောအချက်တချို့ကို ထုတ်နုတ်တင်ပြသွားပါမယ်။

၁။ အောင်မြင်သော တိုင်းရင်းသားများ၊ အခြား ဘာသာဝင်များနှင့် ၎င်းတို့၏ ပင်ကိုအစွမ်းအစ


မြန်မာနိုင်ငံမှာ တစ်နိုင်ငံလုံးသဘောကျရတဲ့ အနုပညာရှင်တွေ/အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဟာ ရန်ကုန်၊ မန္တလေးလို မြို့ကြီးပြကြီး တွေကမဟုတ်ဘဲ တိုင်းရင်းသားဒေသနဲ့ နယ်မြို့တွေ ကများပါတယ်။ အဲဒီလူတွေဟာ ပင်ကိုအရည်အချင်း နဲ့ ဇွဲ၊ လုံ့လ၊ ဝိရိယ စိုက်ထုတ်ပြီး အောက်ခြေကနေ အမှန်တကယ် တစ်ဆင့်ချင်း ကြိုးစားမှုစစ်မှန်တဲ့အချိန်မှာ မြန်မာတစ်နိုင်ငံလုံးက အဲဒီအရည်အချင်းကို အသိအမှတ်ပြုကြရပါတယ်။ ဥပမာ- ရှမ်းလူမျိုး နိုင်ငံကျော်အဆိုတော် စိုင်းထီးဆိုင်၊ စိုင်းဆိုင်မောဝ်၊ စိုင်း ခမ်းလိတ်၊ သရုပ်ဆောင်/အဆိုတော် အကယ်ဒမီ စိုင်းစိုင်းခမ်းလှိုင်၊ စိုင်းစည်တွမ်ခမ်း၊ စိုင်းအောင်တင့်၊ ပေါလ်၊ ဘီလီလမင်းအေး၊ ထင်ရှားတဲ့ ကမ္ဘောဇဘဏ် ဦးအောင်ကိုဝင်း၊ ဒေါ်နန်းသန်းထွေး မိသားစုအပါအဝင် ပြည်မအထိပေါက်ရောက်တဲ့များစွာသော ရှမ်းစီးပွားလုပ်ငန်းရှင်တွေ၊ ပညာရှင်တွေ၊ အစိုးရဌာနအကြီးအကဲတွေ၊ ချင်းလူမျိုးရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ သက်မွန်မြင့်၊ နိုင်ငံကျော် အဆိုတော် ခရစ်ယာန်ဘာသာဝင် ဆုန်သင်းပါရ်အပါအဝင် ချင်းတိုင်းရင်းသား တပ်မတော်သား ဗိုလ်ချုပ်၊ ဗိုလ်မှူးချုပ်တွေ၊ ချင်းတိုင်းရင်းသား နိုင်ငံတော်အကြံပေးအဆင့် ပုဂ္ဂိုလ်၊ ကချင်လူမျိုး ခရစ်ယာန်ဘာသာဝင် အနုပညာရှင် K ဂျာနူး၊ L ခွန်းရီ၊ L ဆိုင်းဇီ၊ L လွန်းဝါ၊ N ကိုင်ရာ၊ နာမည်ကျော် မော်ဒယ် M ဆိုင်းလု၊ အောန်ဆိုင်း၊ လုပ်ငန်းရှင်များ အစိုးရဌာနအကြီးအကဲများ၊ ဂီတလောကမှာ နာမည်ကြီးတဲ့ကရင်လူမျိုး စောဘွဲ့ မှူး၊ ချစ်စမ်းမောင်၊ လေးလေးဝါး၊ မီးမီးခဲ၊ ကဗျာဘွဲ့ မှူး၊ ငဲငယ်လေး၊ ကောင်းကောင်း အပါအဝင် များစွာသော ကရင်လူမျိုး ထင်ရှားကျော်ကြားသူများ၊ လီဆူးသူ အနုပညာရှင် ခင်လေးနွယ်၊ မွန်လူမျိုး ဂီတပညာရှင် ထူးအိမ်သင်၊ မွန်မလေး မိစန္ဒီ၊ မွန်လေး ဗညားဘုန်းပြည့်၊ ရခိုင် က ထင်ရှားတဲ့ အကယ်ဒမီမင်းသားကြီး အောင်လွင်၊ နေထက်လင်း၊ အကယ်ဒမီ နေတိုး၊ မင်းသွေး၊ ဘုန်းလျှံ၊ ရခိုင်ဂီတပညာရှင်တွေဖြစ်တဲ့ အဆိုတော် မိုင်၊ ရတနာမိုင်၊ ညီမင်းခိုင်အပါအဝင် ထင်ရှားတဲ့ ရခိုင်တိုင်းရင်းသားတွေ၊ မိုးကုတ်က ထက်ထက်မိုးဦး၊ ဖွေးဖွေး၊ ဝတ်မှုံရွှေရည်၊ လားဒင့်ထားရီ၊ တနင်္သာရီတိုင်းသူ နိုင်ငံကျော်သရုပ်ဆောင် အကယ်ဒမီ မေသန်းနု၊ အကယ်ဒမီ လွင်မိုး၊ ဒါရိုက်တာ မောင်သီ၊ ပိုင်တံခွန် အပါအဝင် ထင်ရှားကျော်ကြားတဲ့ လုပ်ငန်းရှင်တွေ၊ ဧရာဝတီတိုင်းသား ဘဏ်သူဌေးကြီး ဦးဇော်ဇော်၊ အဆိုတော် ဖြိုးမြတ်အောင်အပါအဝင် နယ်ကတက်လာပြီးအောင်မြင်တဲ့ အနုပညာရှင်ကြီး/ ငယ်များစွာရှိကြပါတယ်။ တရုတ်လူမျိုး အေးရှား ဝေါလ်ဥက္ကဋ္ဌ စတီဗင်လော ထွန်းမြင့်နိုင်၊ နီဗန်း ဒေါက်တာ အောင်သိန်း၊ ဒဂုံဦးဝင်းအောင်၊ ယံယံ ကိုဝေဖြိုး၊ မင်္ဂလာရုပ်ရှင်အုပ်စုအပါအဝင် ထင်ရှားတဲ့ မြန်မာ/ တရုတ်လူမျိုး လုပ်ငန်းရှင်တွေ၊ ချယ်ရီဦး နာရီလုပ်ငန်းရှင်၊ တိုရှီဘာကျော်ဝင်းအပါအဝင် ထင်ရှားတဲ့ မြန်မာ-မွတ်စလင် လုပ်ငန်းရှင်များစွာလည်းရှိပါတယ်။ အထက်ပါ မြန်မာနိုင်ငံရဲ့နယ်ပယ်အစုံက ထင်ရှားကျော်ကြားသူတွေထဲ စာရေးသူ လက်လှမ်းမမီသေးသူ များစွာကျန်ရှိနေသေးပြီး သူတို့ဟာ လက်ရှိ မြန်မာအခင်းအကျင်းမှာ ပင်ကိုအရည်အချင်းကိုယ်စီနဲ့ သက်ဆိုင်ရာနယ်ပယ်တွေမှာ နှစ်အတော်ကြာခက်ခဲစွာ ကြိုးစားရုန်းကန်ပြီး အထွတ် အထိပ်မှာ နေရာတစ်ခုစီယူထားသူတွေ(၉၅) ရာခိုင်နှုန်းအထက်များပြီး မိမိဇာတိဒေသ၊ လူမျိုးစုကို တစ်ဖက်တစ်လမ်းကအကျိုးပြုသူ ဂုဏ်တက်စေသူတွေ ဖြစ်ကြပါတယ်။

၂။ ပြည်နယ်လွတ်မြောက်ရေး၊ တန်းတူညီမျှရေး ခေါင်းစဉ်အောက်က လက်နက်ကိုင်တော်လှန်သူများ


လက်နက်ကိုင်တော်လှန်နေတဲ့ “ ဝ ”တပ် ဖွဲ့၊ MNDAA ၊ KIA ၊ KIO ၊ AA ၊ TNLA ၊ KNU ၊ KNLA ၊ DKBA ၊ CAN အပါအဝင် လက်နက်ကိုင်နည်းမျိုးစုံကို ဆယ်စုနှစ်များစွာကိုင်ဆောင်ပြီး တော်လှန်ရေးခေါင်းစဉ်အောက်ကနေ ရိုးသား၊ ပညာနိမ့်ပါးပြီး ဘဝပေးအဆင်မပြေတဲ့တိုင်းရင်းသားနဲ့ ဒေသခံတွေရဲ့ ထွက်ပေါက်မဲ့ဒေါသတွေကို လမ်းညွှန်လမ်းပြပြီး တိုးတက်ရာတိုးတက်ကြောင်း လက်တွဲခေါ်ရမယ့်အစား အနာဂတ်အကျိုးယုတ်အောင် အသုံးချကာ မိမိဒေသ အခြေခံအဆောက်အအုံတွေကို ဖျက်စီးတာတွေကို အမြော်အမြင်မဲ့စွာ ပြုလုပ်လာကြပါတယ်။ ပြည်သူတွေကို ခြိမ်းခြောက်ကန့်သတ်ကာ အဆုံးအသတ်မရှိ အချိန်ကန့်သတ်ချက်မပါဘဲ လက်တွေ့မကျတဲ့ ရည်မှန်းချက်တွေနဲ့ မိမိဒေသမှလူငယ်များစွာကို တပ်သားအဖြစ် စည်းရုံးသိမ်းသွင်းပြီး ကိုယ်ကျိုးစီးပွားရှာ လက်နက်ကိုင်ခေါင်းဆောင်တွေဟာ မြန်မာတစ်နိုင်ငံလုံးနဲ့လွှမ်းခြုံပါက မည်သူတစ်ဦးတစ်ယောက်အတွက်မှအကျိုးမပြုတဲ့ ပညာမဲ့သူ လူလည်၊ လူညစ်၊ လူလိမ် အဆင့်သာရှိပြီး အထက်ပါဒေသ ကိုယ်စားပြုအရည်အချင်းရှိ ကျော်ကြားသူတွေလိုမျိုး ဇွဲ၊ လုံ့လ၊ ဝီရိယ စိုက်ထုတ်နိုင်စွမ်းမရှိသူ လူပျင်းတွေ၊ အစွမ်းအစမဲ့သူတွေသာဖြစ်တယ်။ မအိုမချင်း လက်နက်ကိုင်ကိုယ်ကျိုးရှာပြီး အိုမင်းမစွမ်းတော့တဲ့အချိန်မှာ ယုံကြည်ရတဲ့ ဆက်ခံသူလူငယ်ကို တပ်ကို လက်လွှဲ ခွဲထွက်စေပြီး တပ်မတော်၊ အစိုးရတို့နဲ့ အပစ်ရပ်ငြိမ်းချမ်းရေးစာချုပ်ချုပ်ကာ ဘဝရဲ့နေဝင်ချိန်ကို အန္တရာယ်ကင်းစွာဖြတ်သန်းရင်း နေဝင်သွားသူတွေချည်းပဲဆိုတာ လက်တွေ့ပါပဲ။ ကိုယ်ပိုင်တပ်ဖွဲ့ ဖွဲ့ ဘိန်းစိုက်၊ ဘိန်းချက်ခွင့်၊ ဒေသထွက် သံယံဇာတတွေကို တစ်စုတစ်ဖွဲ့ ကိုယ်ကျိုးအတွက် အကြမ်းဖက်ကာ အသုံးပြုနိုင်ခွင့်ကို ရယူမောင်ပိုင်စီးပြီး ဒေသပြည်သူတွေအခွင့်အရေး အကြောင်းပြတိုက်ခိုက်ကာ ဒီနေ့အထိ သူတို့ဒေသခံတွေ ငတ်ပြတ်၊ အခွင့်အရေး ဆက်လက်မဲ့နေတာကိုမူ နိုင်ငံတော်နဲ့အစိုးရရဲ့ အားနည်းချက်တွေကြောင့်သာဖြစ်ကြောင်းနဲ့ သူတို့နဲ့မဆိုင်သလို မျက်နှာပြောင်တိုက် ထိုးချနေတာတွေကို အရှက်မဲ့စွာ လုပ်ကိုင်နေကြတာပဲဖြစ်ပါတယ်။ 

၃။ အသွင်ကူးပြောင်းစတပ်မတော်နှင့် လက်နက်ကိုင်များ၏ မရိုးသားချက်များ


အရပ်သားအစိုးရနှစ်ဆက် (၁၀)နှစ်တာကို ပြန်လည်သုံးသပ်ကြည့်ပါက တပ်မတော်ဟာ Academic Institution ကို ပိုအားသန်လာသည့်နည်းတူ တစ်ဖက်မှာလည်း တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့လျှာဖျားက အရပ်သားအစိုးရအုပ်ချုပ်မှုရရင် သူတို့ငြိမ်းချမ်းရေးကို လက်တွဲမယ်ဆိုတဲ့စကားကို အယုံကြည်များစွာပေးပြီး လက်နက်ကိုင်နယ်မြေတွေကို လုံခြုံရေးထောက်လှမ်းရေးဆိုင်ရာတွေမှာ များစွာ ပေါ့လျော့ခဲ့ကြပါတယ်။ “ ဝ ” တပ်ဖွဲ့အပါအဝင် လက်နက်ကိုင်တပ်ဖွဲ့ပေါင်းစုံဟာ သူတို့ဒေသမှ သူတို့ ယုံကြည်စိတ်ချရသူတွေရဲ့ သားသမီးတွေကိုအသုံးချကာ နိုင်ငံတကာကို စာသင်ကြားထွက်စေခြင်း၊ ပြည်တွင်းကိုပြန်လာကာ အဆိုပါ အရပ်သား (၁၀)နှစ် မှာ ပြည်တွင်းစီးပွားရေးအထိ လုပ်ငန်းရှင်တွေအဖြစ် ရှယ်ယာပါဝင်ခြင်းဖြင့်သော်လည်းကောင်း၊ ကိုယ်ပိုင်အဖြစ်သော်လည်းကောင်း သူတို့ တရားမဝင် ရရှိထားတဲ့ ငွေမည်းတွေကို ငွေဖြူလုပ်ရင်း ပြည်တွင်းပြည်ပ ဈေးကွက်၊ ဘဏ်လုပ်ငန်းတွေအထိ ခြေချခွင့်ကို ယူလာကြပါတယ်။ အရပ်သားအစိုးရတွေကိုမူ ငွေဖြင့်သော်လည်းကောင်း၊ ကရုဏာသက်စေမှုတွေနဲ့သော်လည်းကောင်း ချဉ်းကပ်မှုတွေလည်းရှိခဲ့ကြပါတယ်။ 

နည်းတူ ဘိန်း၊ စိတ်ကြွဆေးပြား၊ သဘာဝသံယံဇာတ၊ စစ်လက်နက်အစရှိတဲ့ တရားမဝင်လုပ်ငန်းတွေကို တိုးချဲ့လုပ်ကိုင်ရင်း တပ်ဖွဲ့အသီသီးဟာ စစ်ရေး၊ စည်းရုံးရေး၊ သွေးထိုး၊ သွေးခွဲ တိုက်ခိုက် နည်းမျိုးစုံဖြင့် မရိုးသားမှုများစွာကို အဲဒီအချိန်မှ ဒီနေ့အထိ ရှိခဲ့/ရှိနေဆဲဖြစ်ပြီး ဒီနေ့တိုင်းပြည်အခြေအနေဟာ တိုင်းရင်းသားလက်နက်ကိုင်ဆိုသူတွေက ဆိတ်ခေါင်းချိတ် ခွေးသားရောင်းခဲ့ကြပြီး ရောင်းနေကြဆဲလည်းဖြစ်ကြောင်း သက်သေပြထင်ရှားနေပါတယ်။

လက်တွေ့ကျသောမေးခွန်းများ


လက်နက်ကိုင်ခေါင်းဆောင်အများစုဟာ မြန်မာနိုင်ငံသားမဟုတ်တော့ဘဲ တပ်ဖွဲ့ထောင် စိတ်တိုင်းကျ အမိန့်နဲ့အုပ်ချုပ်ပြီး တိုင်းရင်းသားအရေး၊ လူထုအရေးခေါင်းစဉ်နဲ့ လွတ်လပ်ရေးရကတည်းက တစ်ယောက်ဆင်းတစ်ယောက်တက် အုပ်ချုပ်လုပ်စားရင်း အသက်မွေးဝမ်းကြောင်းဖြစ်နေတာ ရိုးသားရဲ့လား။ ဒေသခံတွေရော ပြည်မကလူတွေ မဆိုထားနဲ့။ အဲဒီလက်နက်ကိုင်ခေါင်းဆောင်တွေနဲ့ပင် အကန့်သတ်မဲ့တဲ့ တော်လှန်ရေးခေါင်းစဉ်အောက်မှာ ချမ်း သာလွတ်မြောက်သွားကြပြီလား။ လက်နက်ကိုင်ခေါင်းဆောင်တွေဟာ သူတို့လွတ်မြောက်မှာ၊ တော်လှန်ရေးအောင်မြင်မှာ ကျိန်းသေယုံကြည်ထားရင် ဘာကြောင့် မြန်မာနိုင်ငံသားဖြစ်ခွင့်ကို စွန့်လွှတ်ကြသလဲ။ ခေါင်းဆောင်မှုကို ဒေသထဲက အလားအလာ အစွမ်းအစရှိ လူငယ်တွေကိုယုံကြည်လက်လွှဲနိုင်တဲ့သတ္တိမျိုးကော ရှိကြသလား။ 

စားရေးသူ၏ လက်တွေ့ကျသော သုံးသပ်ချက်များ


လူတစ်ယောက် ခေါင်းဆောင်တစ်ယောက်ဟာ ရည်မှန်းချက်ရှိရတယ်။ အဲဒီရည်မှန်းချက်ကို အကောင်အထည်ဖော်ဖို့ အဆင့်တိုင်းအတွက် တိကျတဲ့ အချိန်ကန့်သတ်ချက်တွေရှိရပြီး ပန်းတိုင်ရောက်မယ့်အချိန်ကာလဆိုတာလည်း တိကျစွာရှိရတယ်။ ပန်းတိုင်ရောက်ဖို့အတွက် ဖြတ်သန်းရာလမ်းခရီးတစ် လျှောက်မှာလည်း ဖြတ်သန်းမှုသမိုင်းက သန့်ရှင်းရတယ်။ အများကိုဖော်ပြနိုင်လောက်အောင် တင့်တယ်ရတယ်။ ပြီးတော့ ပိုဆိုးတာက ပန်းတိုင်နဲ့ အောင်မြင်မှုဆိုတာ တစ်ခုတည်းလို့ထင်ရပေမယ့် တကယ်တော့ ကွာခြားပါတယ်။ ဥပမာ- ဗိုလ်ချုပ်တစ်ယောက်/နိုင်ငံ့ခေါင်းဆောင်တစ်ယောက်/ လုပ်ငန်းပိုင်ရှင်တစ်ယောက်/ အနုပညာရှင်တစ်ယောက် ဖြစ်လာတာ/ ရာထူးရလာတာဟာ ပန်းတိုင်ရောက်တာ မဟုတ်ဘူး။ ပန်းတိုင်ရောက်ဖို့ အခွင့်အလမ်းရတာသာဖြစ်ပါတယ်။ လုပ်သက်တစ်လျှောက်မှ ဒီတာဝန်က အနားယူတဲ့အထိ ရိုးဖြောင့်မှန်ကန်ရဲစွမ်းသတ္တိရှိခဲ့ပြီး အောင်မြင်စွာ တာဝန်ကအနားယူနိုင်ခဲ့မှ ပန်းတိုင်ရောက်တဲ့ ဗိုလ်ချုပ်ကောင်းတစ်ယောက်လို့ ဆိုနိုင်မှာဖြစ်ပါတယ်။ အလားတူ နိုင်ငံတော်သမ္မတရာထူးသက်တမ်းတစ်လျှောက် ကဏ္ဍအစုံမှာ မှတ်ကျောက်ကောင်းများစွာနဲ့ အောင်မြင်အနားယူခဲ့သော် နိုင်ငံရဲ့ သမ္မတကောင်းဆိုတဲ့ ပန်းတိုင်ကိုရောက်ပါတယ်။ လုပ်ငန်းရှင်တွေကတော့ သေသည်အထိ သမိုင်းကောင်းတွေရေးရပါတယ်။ အနုပညာရှင်ဆိုရင်လည်းပဲ အကယ်ဒမီဒေသတွင်းမှသည် နိုင်ငံတကာစသည်ဖြင့် ပန်းတိုင်များစွာကိုရောက်ရှိနိုင်ရပါတယ်။ ပန်းတိုင်ရောက်ဖို့အတွက် အရည်အချင်းရှိသူတွေဟာ ပန်းတိုက်ရောက်ဖို့ မဟာဗျူဟာကိုပဲ အစဉ်တစိုက် စဉ်းစားပြုပြင်အားထုတ်တတ်ပါတယ်။ မိမိပန်းတိုင် မရောက်နိုင်ခြင်းက တခြားလူမပေးလို့ဆိုတဲ့ဆင်ခြေပေးသူဟာ သူ့မှာ ပန်းတိုင်ရောက်နိုင်တဲ့ အရည်အချင်းမရှိကြောင်း ဝန်ခံရာရောက်ပါတယ်။

တိုင်းရင်းသား တန်းတူအခွင့်အရေး တကယ်မရတာလား


ပြည်မကပေါက်ဖွားသူ မဟုတ်သူများအချင်းချင်းကို နှိုင်းယှဉ်ပြရမယ်ဆိုပါက ဥပမာ- စိုင်းစိုင်းခမ်းလှိုင်၊ နေတိုး၊ ပိုင်တံခွန်၊ လွင်မိုးတို့ကို မြန်မာ ပြည်လူဦးရေ သန်းပေါင်းများစွာကသိသလို နိုင်ငံအချို့မှလူများစွာကလည်းသိပါတယ်။ သူတို့ နိုင်ငံတကာကိုချက်ချင်းထသွားလို့ရတယ်။ နှုတ်ဆက်မယ့်သူရှိတယ်။ ချစ်ခင်တဲ့သူတွေလည်းရှိပြီး ရောက်ရှိတဲ့အသက်အရွယ်မှာ လူအားဖြင့်၊ ငွေအားဖြင်၊ အောင်မြင်မှုအားဖြင့် ပြည်တွင်း ပြည်ပပေါက်ရောသူတွေ ဖြစ်ပါတယ်။ တစ်ဖက်မှာ “ ဝ ” ခေါင်းဆောင် ဂွမ်မော်၊ အင်ဘန်လှ၊ ထွန်းမြတ်နိုင်၊ ညိုထွန်းအောင်မှအစ လက်နက်ကိုင်ပေါင်းစုံရဲ့ခေါင်းဆောင်တွေကို မြန်မာ ပြည်ထဲမှာ သိတဲ့သူအတော်ကိုနည်းပါတယ်။ နည်းတူ အဲဒီလူတွေဟာ သက်လတ်ပိုင်းနည်းပြီး သက်လွန် ပိုင်းတွေများပါတယ်။ အခုထိ ပြည်ပနိုင်ငံတွေကိုလည်း တိုးပေါက်သူတွေမဟုတ်သလို မြန်မာပြည်ကိုလည်း ကိုယ်စား မပြု၊ ပြည်တွင်းရောပြည်ပပါ လွတ်လပ်စွာ သွားနိုင်သူတွေလည်းမဟုတ်ကြပါဘူး။ ဘယ်အချိန်ထိတော်လှန်နေပြီး ဘယ်အချိန် သူတို့ပြည်နယ်ကိုအုပ်ချုပ်ပြီး ဘယ်အချိန်မှာ ပြည်နယ်အတွက် အောင်မြင်တဲ့ခေါင်းဆောင်တွေ ဖြစ်မယ်ဆိုတာကိုလည်း သူတို့ကိုယ်သူတို့ပင် မရေရာနိုင်ကြပါဘူး။ ဒါကြောင့် စိုင်းစိုင်းခမ်းလှိုင်၊ နေတိုး၊ ပိုင်တံခွန်၊ လွင်မိုး၊ ဦးအောင်ကိုဝင်း၊ ဦးဇော်ဇော်တို့ဟာ ကိုယ်ပိုင်အစွမ်းအစရှိသော “ ပန်းတိုင်ရောက်သူ” မြန်မာပြည်ရဲ့ ဒေသအစုံက တိုင်းရင်းသားညီအစ်ကိုတွေဖြစ်ကြပြီး “ ဝ ” ခေါင်းဆောင် ဂွမ်မော်၊ အင်ဘန်လှ၊ ထွန်းမြတ်နိုင်၊ ညိုထွန်းအောင်မှအစ လက်နက်ကိုင်ပေါင်းစုံရဲ့ခေါင်းဆောင်တွေမှာမူ ရည်ရွယ်ချက်မဲ့ ကိုယ်ပိုင်အစွမ်းအစချို့တဲ့တဲ့ “ ပန်းတိုင်ပျောက်သူ” တွေ ဖြစ်ကြပါတယ်။ စာဖတ်သူတို့အနေနဲ့ စောဒကတက်စရာအဖြစ် ဥပမာ- အောင်မြင်သူနည်းနည်းကိုပဲ ပြောသွားပြီး တိုင်းရင်းသားဒေသတွေမှာ စာမသင်ရ၊ အခွင့်အရေး မရ၊ အိုးအိမ်မဲ့ တိုင်းရင်းသားတွေ သောင်း၊ သိန်းချီရှိတယ်ဆိုတာကိုလည်း နားလည်ပါတယ်။ အလားတူဖြစ်စဉ်မျိုး ပြည်မနဲ့ မြေပြန့်မှာ စာမသင်ရ၊ အခွင့်အရေးမရ၊ အိုးအိမ်မဲ့လူဦးရေ သန်းပေါင်းများစွာနဲ့ချီရှိကြောင်း နားလည်စေချင်ပါတယ်။ အဲဒီအရာဟာ လက်နက်ကိုင်တွေ အမုန်းမှိုင်းတိုက်ထားသလို တိုင်းရင်းသားဒေသတွေမှာပဲ ရှိနေတာမဟုတ်ဘဲ တစ်နိုင်ငံလုံးမှာရှိနေတဲ့ အားနည်းချက်ဖြစ်ပါတယ်။ နောက်တစ်ခုက မြန်မာတစ်နိုင်ငံလုံး နယ်ပယ်အစုံက အောင်မြင်ထင်ရှားကျော်ကြားသူတွေထဲက စာရေးသူအထက်မှာဖော်ပြထားတဲ့ ပြည်မကမဟုတ်တဲ့ အောင်မြင်ကျော်ကြားသူတွေကိုဖယ်လိုက်ရင် ပြည်မက အောင်မြင်သူဆိုတာ လူနည်းစုသာကျန်ရှိပါတယ်။ 

နည်းတူ အဲဒီသူတွေ မြန်မာပြည်ရဲ့ ဘယ်အရပ်ဒေသသွားသွား ပြည်သူ့မေတ္တာခံစားရမှုကိုကြည့်ရင် မြန်မာနိုင်ငံရဲ့ ပကတိအရှိတရားမှာ တိုင်းရင်းသားတွေကို ခွဲခြားဆက်ဆံမှုမရှိကြောင်း၊ မြန်မာနိုင်ငံမှာ ကံ၊ ဉာဏ်၊ ဝီရိယ စိုက်ထုတ်မှုနဲ့ ရိုးသားပြီး စဉ်ဆက်မပြတ်ကြိုးစားသူ နိုင်ငံသားတိုင်းဟာ အောင်မြင်နိုင်ကြောင်း အမုန်းမဖက်ဘဲတွေးပါက လက်တွေ့သာဓကများစွာရှိပါတယ်။ မိမိတို့ စည်းစည်းလုံးလုံးနဲ့ ပကတိအရှိတရားအမှန်ကိုလက်ခံပြီး ပညာဉာဏ်၊ မေတ္တာ၊ ချစ်ခြင်းတရားတွေနဲ့ မိမိမှသည် ဒေသ၊ ဒေသမှသည် တိုင်းပြည်အထိ တိုးတက်လာအောင် တစ်ဦးတစ်ယောက်ချင်းစီမှစပြီး တစ်နိုင်ငံလုံးက ကြိုး စားကြရမှာဖြစ်ပါတယ်။ မြေခံမြေသားမှမကောင်းရင် အုတ်မြစ်ကောင်းချဖို့ ခက်ပါလိမ့်မယ်။ နည်းတူ ခိုင်မာတဲ့အိမ်ကောင်းဆောက်နိုင်ဖို့ ဆက်လက်အလှမ်းဝေးနေမှာလည်း ဖြစ်ပါတယ်။ 

(မှတ်ချက်။ ။ စာရေးသူ သုတေသနပြု အချက်အလက်ရှာဖွေရာမှာ အကန့်အသတ်တွေရှိတဲ့အတွက် အောင်မြင်သူများစွာရဲ့နာမည်တွေ ကျန်ခဲ့နိုင်ပြီး ဒေသနဲ့လူမကိုက်မှုရှိပါက နားလည်ပေးနိုင်ပါရန် တောင်းပန်အပ်ပါသည်။)

Source: လင်းမြတ် (NP News) 

Subject-Image

  • ပန်းတိုင်ရောက်သူများနှင့် ပန်းတိုင်ပျောက်သူများ

Posted-Date