လီချန်နှင့် အာရပ်အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးချုပ် Ahmed Aboul-Ghei တွေ့ဆုံ ဆွေးနွေး
တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ်လီချန်သည် အာရပ်အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးချုပ် Ahmed Aboul-Ghei နှင့် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့၌ ဒေသစံတော်ချိန် ဇူလိုင် ၉ ရက်က တွေ့ဆုံဆွေးနွေး ခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် လီချန်က တရုတ်နိုင်ငံနှင့် အာရပ်နိုင်ငံများသည် အပြန်အလှန် ယုံကြည် အားထားကြသည့် မိတ်ဆွေကောင်း၊ မိတ်ဖက်ကောင်းများဖြစ်ကြောင်း၊ လက်ရှိတွင် သမ္မတ ရှီကျင့်ဖျင် နှင့် အာရပ်နိုင်ငံ အကြီးအကဲများ၏ မဟာဗျူဟာ ဦးဆောင်မှုအောက်၌ တရုတ်-အာရပ် ဆက်ဆံရေးသည် သမိုင်း၏ အကောင်းဆုံးကာလသို့ ဝင်ရောက်ခဲ့ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် အာရပ်နိုင်ငံများနှင့်ဆက်ဆံရေးကို မြင့်မားသည့် မဟာဗျူဟာရှုထောင့်မှ အစဉ်အမြဲ ရှုမြင်ကာ တိုးတက်အောင် ဆောင်ရွက်လျက်ရှိပြီး အာရပ်နိုင်ငံများ၏ တရားမျှတရေး လုပ်ငန်းကို အခိုင်အမာထောက်ခံသလို အာရပ်နိုင်ငံများ မဟာဗျူဟာကိုယ်ပိုင်ရပ်တည်မှု အားဖြည့်ခြင်း၊ စည်းလုံး ညီညွတ်စွာ ကိုယ်ပိုင်အင်အားတောင့်တင်းအောင် ဆောင်ရွက်ခြင်း၊ မိမိနိုင်ငံ၏အခြေအနေနှင့် ကိုက်ညီသော ဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ် လျှောက်လှမ်းခြင်းကို ထောက်ခံကြောင်း၊ တရုတ်နိုင်ငံ အနေဖြင့် အာရပ်အဖွဲ့ချုပ်နှင့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို အားဖြည့်သွားလိုကြောင်း၊ အာရပ်နိုင်ငံများနှင့်အတူ မဟာဗျူဟာ အပြန်အလှန်ယုံကြည်မှုတိုးမြှင့်ရန်၊ ကဏ္ဍစုံပူးပေါင်း ဆောင်ရွက်မှု နက်ရှိုင်းစေရန်၊ ခေတ်မီအသွင်ပြောင်းရေး လက်တွဲအတူတွန်းအားပေးရန်၊ ပို၍ အဆင့်မြင့်သည့် တရုတ်-အာရပ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြား ခဲ့သည်။
နှစ်ဖက်အနေဖြင့် ယဉ်ကျေးမှုတွေ့ဆုံဆွေးနွေးခြင်းနှင့် လူမှုယဉ်ကျေးမှုဖလှယ်ရေးများကို အားဖြည့် ဆောင်ရွက်ရမည်ဖြစ်ရာ လူငယ်၊ တတ်သိပညာရှင်များအဖွဲ့ (think tank )၊ အဆင့်မြင့်ပညာရေး တက္ကသိုလ်ကျောင်းများ၊ ယဉ်ကျေးမှုခရီးသွားလာမှု စသည့်ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်း အောင်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ လူပုဂ္ဂိုလ်သွားလာမှုအား အဆင်ပြေလွယ်ကူ ချောမွေ့စေသည့် အစီအမံများကို ပိုမိုဖော်ဆောင်ရန် ဆွေးနွေးကာ ပြည်သူချင်းချစ်ကြည်ရင်းနှီးမှု၊ ပြည်သူချင်း စိတ်နှလုံးယှက်နွှယ်မှုကို မြှင့်တင်ရမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အာရပ်နိုင်ငံများနှင့်အတူ ကုလသမဂ္ဂ၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO)၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO)၊ G20 စသည့် ပလက်ဖောင်းများတွင် ဆွေးနွေးညှိနှိုင်းမှုများကို အားဖြည့်လျက် တူညီသော ဆန္ဒ၊ တူညီသောအသံကို ပြသကာ ပို၍ တရားမျှတပြီး ကျိုးကြောင်းဆီလျော်သည့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ်ကို တွန်းအားပေး တည်ဆောက်သွားလိုကြောင်း၊ တရုတ်-အာရပ် ဆက်ဆံမှု တိုးတက်ရေး တွန်းအားပေးရန် အတွက် အာရပ်အဖွဲ့ချုပ်အနေဖြင့် အရေးကြီးသည့်အခန်းကဏ္ဍမှ ဆက်လက်ပါဝင်ကာ လာမည့်နှစ် ဒုတိယအကြိမ်မြောက် တရုတ်-အာရပ် ထိပ်သီးအစည်းအဝေးကို အတူတကွ ကောင်းမွန်စွာ ကျင်းပသွားမည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
Ahmed Aboul-Ghei က တရုတ်နိုင်ငံသည် အာရပ်နိုင်ငံများ၏ မိတ်ဆွေကောင်း၊ မိတ်ဖက်ကောင်း ဖြစ်ကြောင်း၊ အာရပ်-တရုတ် ဆက်ဆံရေးတိုးတက်မှု အရှိန်အဟုန်ကောင်းမွန်ရာ လက်တွေ့ပူးပေါင်း ဆောင်ရွက်မှုသည် ကြွယ်ဝသောရလဒ်များ ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
အာရပ်ဘက်က တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အခိုင်အမာလက်ကိုင်ထားသလို သမ္မတ ရှီကျင့်ဖျင် အဆိုပြုသည့် “ရပ်ဝန်းနှင့် ပိုးလမ်းမ” အဆိုပြုချက်နှင့် ကမ္ဘာလုံးဆိုင်ရာ အဆိုပြုချက်ကြီးသုံးရပ်ကို ထောက်ခံအားပေးကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဧရာမဖွံ့ဖြိုးတိုးတက်ရေး အောင်မြင်မှုရရှိသည့် အပေါ် အာရပ်ဘက်က ဝမ်းမြောက်ဂုဏ်ပြုကြောင်း၊ အာရပ်နိုင်ငံများ လူမှုစီးပွားတိုးတက်ရေးအတွက် တရုတ်နိုင်ငံ၏ ပံ့ပိုးမှုအပေါ် ကျေးဇူးတင်ရှိကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ နိုင်ငံရေး အပြန်အလှန် ယုံကြည်မှု နက်ရှိုင်းရန်၊ အပြန်အလှန် ခိုင်မာစွာထောက်ခံအားပေးရန်၊ တရုတ်-အာရပ် ပူးပေါင်း ဆောင်ရွက်မှုဖိုရမ် မူဘောင်အောက်တွင် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ လူမှုယဉ်ကျေးမှု စသည့် ကဏ္ဍ ကူးလူးဖလှယ်ပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်းအောင် ဆောင်ရွက်ရန်ဆန္ဒရှိကြောင်း၊ အာရပ်ဘက်က တရုတ်နိုင်ငံနှင့်အတူ ပထမအကြိမ် တရုတ်-အာရပ် ထိပ်သီးအစည်းအဝေး ရလဒ်များကို ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်သွားပြီး လာမည့်နှစ် ဒုတိယအကြိမ် ထိပ်သီးအစည်းအဝေးကို အတူတကွ ကောင်းမွန်စွာကျင်းပသွားလိုကြောင်း၊ ကုလသမဂ္ဂ စသည့်ဘက်ပေါင်းစုံ ပလက်ဖောင်း တွင် အာရပ်နိုင်ငံများအပေါ် တရုတ်နိုင်ငံ၏ အစဉ်တစိုက် အားပေးထောက်ခံမှုအား အာရပ်ဘက်က အထူးတန်ဖိုးထားချီးကျူးပါကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ ဘက်ပေါင်းစုံ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု များကို အားဖြည့်ကာ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို အတူကာကွယ်၍ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကိုးကား- ဆင်ဟွာ