ရှီကျင့်ဖျင်နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံဆွေးနွေး
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်သည် ဇူလိုင် ၁၅ ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်၌ ရုရှားနိုင်ငံခြားရေးဝန်ကြီးSergey Lavrov နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ရှီကျင့်ဖျင်က Sergey Lavrov မှတစ်ဆင့် သမ္မတ ပူတင်ထံသို့ ဆုမွန်ကောင်း တောင်းစကား ပြောကြားခဲ့သည်။
ရှီကျင့်ဖျင်က တရုတ်-ရုရှားနှစ်ဖက်သည် မိမိနှင့် သမ္မတ ပူတင်တို့ ရရှိထားသည့် အရေးကြီး သဘောတူညီချက်များအား ကောင်းမွန်စွာ အကောင်အထည်ဖော်၍ တရုတ်-ရုရှား ဘက်စုံ မဟာ ဗျူဟာမြောက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးအား နက်ရှိုင်းစွာ တွန်းအားပေး ဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံစုံပလက်ဖောင်းတွင် အပြန်အလှန် ထောက်ခံအားပေးမှုအား မြှင့်တင်ကာ နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုနှင့် လုံခြုံရေး အကျိုးစီးပွားအား ကောင်းမွန်စွာ ကာကွယ် ထိန်းသိမ်းရမည်ဖြစ်ကြောင်း၊ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ စည်းလုံးညီညွတ်အောင် လုပ်ဆောင်၍ နိုင်ငံတကာစည်းစနစ် ပိုမိုတရားမျှတ၍ လျော်ကန်သော ဦးတည်ချက်ဆီသို့ တိုးတက်လာစေရန် တွန်းအားပေးရမည်ဖြစ်ကြောင်း ထောက်ပြပြောကြားခဲ့သည်။
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) သည် တရုတ်-ရုရှား အတူတကွ ပါဝင်ဖန်တီးတည်ဆောက်သည့် ဘက်စုံဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ဖြစ်ပြီး ယူရေးရှားကုန်းမြေကြီး ငြိမ်းချမ်းမှု၊ တည်ငြိမ်မှု၊ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော အနက်အဓိပ္ပာယ်ရှိကြောင်း၊ နှစ်ဖက်အနေဖြင့် အပြန်အလှန် ထောက်ခံအားပေးကာ SCO အဖွဲ့၏ ဖွံ့ဖြိုးတိုးတက်မှု ဦးတည်ချက်အား ကောင်းမွန်စွာ လက်ကိုင်ထား၍ စွမ်းအားသစ်များ အဆက်မပြတ်ဖြည့်တင်းပြီး အဆိုပါ မဟာဗျူဟာ ပလက်ဖောင်း အင်အားတောင့်တင်း အားကောင်းလာအောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ သည်။
Sergey Lavrov က သမ္မတ ရှီကျင့်ဖျင်ထံသို့ သမ္မတ ပူတင်၏ ရင်းနှီးသော နှုတ်ခွန်းဆက်စကားကို ပြောကြားခဲ့ပြီး နှစ်နိုင်ငံခေါင်းဆောင်များ၏ မဟာဗျူဟာဦးဆောင်မှုအောက်တွင် ရုရှား-တရုတ် ဘက်စုံ မဟာဗျူဟာမြောက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးသည် နက်ရှိုင်းစွာ တိုးတက် လာလျက်ရှိကြောင်း ပြောကြားခဲ့သည်။
ရုရှားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်ဆက်ဆံရေးအား များစွာအလေးထားကြောင်း၊ ကမ္ဘာ့ဖက်ဆစ် တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း ၈၀ ပြည့်နှစ်ဟူသည့် အရေးကြီးသောနှစ်တွင် တရုတ်နိုင်ငံနှင့်အဆင့်မြင့်အလွှာ သွားလာဆက်ဆံမှုအား ထိန်းသိမ်းထားကာ ကဏ္ဍစုံ အပြန်အလှန် အကျိုးဖြစ် ထွန်းသော ပူးပေါင်းဆောင်ရွက်မှုအား မြင့်တင်သွားလိုကြောင်း၊ နိုင်ငံတကာနှင့် ဒေသတွင်းကိစ္စရပ် များတွင် ချိတ်ဆက်ညှိနှိုင်းမှုအား ထိန်းသိမ်းထားပြီး ကမ္ဘာကြီးနှင့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုအား မြှင့်တင်သွားလိုကြောင်း၊ ရုရှားနိုင်ငံက တရုတ်နိုင်ငံ၏ ဥက္ကဋ္ဌနိုင်ငံလုပ်ငန်းများအား တက်ကြွစွာ ပံ့ပိုးပေး၍ SCO အဖွဲ့ ထျန်းကျင်းထိပ်သီးအစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ရန် အတူတကွ တွန်းအားပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အထက်ပါတွေ့ဆုံဆွေးနွေးပွဲသို့ ဝမ်ယိလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။
ကိုးကား- ဆင်ဟွာ