ဆောင်းပါးများ

(ဤကဏ္ဍတွင် ပါဝင်သော ဆောင်းပါးများသည် ဆောင်းပါး ရေးသားသူ၏ အာဘော်သာ ဖြစ်ပါသည်။)

ရုရှားနိုင်ငံသည် ၎င်းတို့၏အစွမ်းထက်လက်နက်စနစ်များကို ဗီယက်နမ်နိုင်ငံတွင် ကျင်းပခဲ့သည့် ၂၀၂၄  ခုနှစ် နိုင်ငံတကာကာကွယ်ရေး ပစ္စည်းပြပွဲတွင်  ထုတ်ဖော်ပြသခဲ့ရာ   ကမ္ဘာ့နိုင်ငံအများအပြား၏ စိတ်ဝင်စားမှုနှင့် အာရုံစိုက်မှုကိုခံခဲ့ရကြောင်း ပြပွဲစီစဉ်သူများကပြောသည်။

ရုရှားနိုင်ငံသည် ၎င်းတို့ထုတ်လုပ်ထားသည့် BMP-3 အမျိုးအစားခြေလျင်တိုက်ယာဉ်နှင့် RB-504P-E မောင်းသူမဲ့ယာဉ်တိုက်ဖျက်ရေး လက်နက်စနစ်တို့ကို ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ ဂီယာလမ်း လေဆိပ်တွင် ဒီဇင်ဘာလ ၁၉ ရက်မှ ၂၂ ရက်အထိ  ကျင်းပခဲ့သည့် နိုင်ငံတကာ ကာကွယ်ရေးပစ္စည်းပြပွဲတွင် လူသိရှင်ကြားထုတ်ဖော်ပြသခဲ့ခြင်းဖြစ်သည်။

BMP-3 အမျိုးအစား တိုက်ယာဉ်အား ရုရှားနိုင်ငံက စမ်းသပ်ထားပြီးဖြစ်ရာ  လက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် ၎င်းတိုက်ယာဉ်အား တင့်ဖျက်တိုက်ယာဉ်၊ ကုန်းရေနှစ်သွယ်သွား သယ်ယူပို့ဆောင်ရေးယာဉ်နှင့် ပစ်ကူပေးတိုက်ယာဉ်အဖြစ်လည်း အသုံးပြုနိုင်မည်ဖြစ်သည်။

BMP-3 တိုက်ယာဉ်တွင်  တင့်ဖျက်ဒုံးများကိုပါ ပစ်ခတ်နိုင်သည့် ၁၀၀ မမ ဗုံးပစ်လောင်ချာ တစ်လက်၊   ၃၀  မမ အလိုအလျောက်ပစ်အမြောက်စနစ်တစ်ခု၊ စက်သေနတ်တစ်လက်တို့ကို  တပ်ဆင်ထားပြီး အခြားစက်သေနတ်နှစ်လက်ကို တိုက်ယာဉ်၏ ပင်မကိုယ်ထည်ပေါ်တွင်လည်း  တပ်ဆင်ထားသည်။    အဆိုပါတိုက်ယာဉ်၏ အဆင့်မြှင့်တင်ထားသည့် စစ်ကစားနိုင်မှုစွမ်းဆောင်ရည်ကို ရုရှားနိုင်ငံတွင် ၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်းက ကျင်းပခဲ့သည့် ARMY-2024 စစ်လက်နက်ပစ္စည်းပြပွဲ၌ ထုတ်ဖော်ပြသခဲ့ပြီးဖြစ်သည်။

ထို့ပြင် BMP-3 တိုက်ယာဉ်အား စက်ရုပ်နည်းပညာသုံး  လက်နက်စနစ်များကို တပ်ဆင်အသုံးပြုမည်ဆိုပါက တိုက်ယာဉ်အား စစ်သည်များက အဝေးထိန်းခလုတ်မှ တစ်ဆင့် အဝေးမှထိန်းချုပ်မောင်းနှင်နိုင်မည့်အပြင် အလိုအလျောက်လည်းမောင်းနှင်နိုင်မည်ဖြစ်ကြောင်း  ထုတ်ပြန်ချက်အရသိရသည်။ အဆိုပါတိုက်ယာဉ်အား အရှေ့တောင်အာရှနိုင်ငံတစ်နိုင်ငံလည်းဖြစ်၊ အာဆီယံအဖွဲ့ဝင်  နိုင်ငံလည်းဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံက ၎င်းတို့၏ကမ်းတပ်ဖွဲ့တွင် အောင်မြင်စွာအသုံးပြုလျက်ရှိသည်။

ဗီယက်နမ်နိုင်ငံ၌ ကျင်းပသည့် ၂၀၂၄ခုနှစ် နိုင်ငံတကာကာကွယ်ရေးပစ္စည်းပြပွဲတွင် ထုတ်ဖော်ပြသခဲ့သည့်  RB-504P-E မောင်းသူမဲ့ယာဉ်တိုက်ဖျက်ရေး လက်နက်စနစ်သည် အာဖရိကဒေသမှ နိုင်ငံများ၏ စိတ်ဝင်စားမှုကို ခံခဲ့ရသည်။ အဆိုပါမောင်းသူမဲ့ယာဉ် တိုက်ဖျက်ရေးလက်နက်စနစ်သည်  တစ်စင်းတည်း သို့မဟုတ် အုပ်လိုက်မောင်းနှင် ပျံသန်းလာသည့် မောင်းသူမဲ့လေယာဉ်များအား တန်ပြန်ရန်အတွက် အထူးထုတ်လုပ်ထားခြင်းဖြစ်သည်။ ထို့ပြင် အဆိုပါလက်နက်စနစ်သည် မောင်းသူမဲ့လေယာဉ်များ၏ အချက်အလက်ထုတ်လွှင့်မှုများနှင့် ထိန်းချုပ်မှုများကိုလည်း ရှာဖွေထောက်လှမ်းနိုင်စွမ်းရှိသည်။

ထို့အတူ  RB-504P-E  မောင်းသူမဲ့ယာဉ်တိုက်ဖျက်ရေးလက်နက်စနစ်အား ရေဒီယို-အီလက်ထရွန်နစ်အချက်ပြမှုများနှင့် လားရာရှာဖွေရေး ကွန်ရက်တစ်ခုအဖြစ်လည်း   အခြားအစိတ်အပိုင်းများနှင့် ပေါင်းစပ်အသုံးပြုနိုင်မည်ဖြစ်သည်။

ရုရှားနိုင်ငံသည် Drone-killer ဟုအမည်ပေးထားသည့် ၎င်းတို့၏ပြည်တွင်းဖြစ် ဒုံးကျည်စနစ်သစ်တစ်ခုကိုလည်း ဆော်ဒီအာရေဗျနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် လူသိရှင်ကြားထုတ်ဖော်ပြသခဲ့ပြီးဖြစ်သည်။ ရေပြင်အခြေပြုအဆိုပါ Komar 3M47-03E ဒုံးကျည်စနစ်တွင် Igla-S MANPADS ဒုံးကျည်များနှင့် Ataka ဒုံးကျည်များကို     တပ်ဆင်ထားသောကြောင့် မောင်းသူမဲ့လေယာဉ်များကိုသာမက လေကြောင်းမှတိုက်ခိုက်သည့် တိုက်ခိုက်ရေးလက်နက်စနစ်များကိုပါ  ချေမှုန်းနိုင်စွမ်းရှိသည်။

ယခုအခါ ရုရှားပြည်တွင်းဖြစ် RB-504P-E မောင်းသူမဲ့ယာဉ် တိုက်ဖျက်ရေး လက်နက်စနစ်ကို အာဖရိကဒေသ၊ အရှေ့တောင်အာရှ၊ အရှေ့အလယ်ပိုင်းဒေသတို့မှ နိုင်ငံပေါင်း ၁၀ နိုင်ငံကျော်က ဝယ်ယူရန်စိတ်ဝင်စားကမ်းလှမ်းထားသောကြောင့် ယင်းနိုင်ငံများနှင့် ကနဦးသဘောတူစာချုပ် များချုပ်ဆိုရန် လုပ်ဆောင်လျက်ရှိကြောင်း ရုရှားနိုင်ငံပိုင်ကာကွယ်ရေးပစ္စည်း ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Rosoboronexport ကပြောကြားထားသည်။

Source: Myawady Web Portal

 

နိုင်အောင်

၁၈၈၅ ခုနှစ် နိုဝင်ဘာ ၂၈ ရက် နံနက် ၁၀ နာရီ။ အင်္ဂလိပ်စစ်သေနာပတိချုပ် ဂျင်နရယ်ပရင်ဒါဂတ်က တပ်များချီတက်ရန် အမိန့်ထုတ်ပြန်ပြီးနောက် အင်္ဂလိပ်စစ်သင်္ဘောများ မန္တလေးမြို့ ဂေါဝိန်ဆိပ်သို့ ဆိုက်ရောက်လာကြသည်။ တစ်မြို့လုံးတိတ်ဆိတ်ငြိမ်သက်လျက် ရှိပေသည်။

နန်းတော်အတွင်းရှိ မည်သူတစ်ဦးတစ်ယောက်မျှ လာရောက်အဆက်အသွယ်ပြုခြင်း မရှိသဖြင့် ကာနယ်စလေဒင်တို့လူစု ရှေ့ဆောင်လမ်းပြ၍ ခေါ်ဆောင်သွားသော အင်္ဂလိပ်တပ်များသည် မြို့ရိုး၏ တောင်ဘက်တံခါးဝသို့ ညနေ ၃ နာရီတွင် ရောက်ရှိသွားကြသည်။ ထိုတံခါးမှ အတားအဆီးအခုအခံမရှိဘဲ ဝင်ရောက်သွားပြီးနောက် နန်းတော်သစ်တပ်အရှေ့ဘက်တံခါးဆီသို့ ဆက်လက်ချီတက်သွားကြ၏။ ထိုသစ်တပ်အရှေ့ဘက်တံခါးဝတွင် မိနစ်အနည်းငယ်မျှ အပန်းဖြေကြပြီးနောက် ကင်းဝန်မင်းကြီးကို စောင့်ဆိုင်းနေကြသည်။

ဤသို့စောင့်ဆိုင်းနေကြစဉ် ခပ်ဝေးဝေးမှ ကင်းဝန်မင်းကြီးဆင်စီး၍ အမြန်လာရောက်နေ သည်ကိုတွေ့ကြရ၏။ ထို့နောက် ကင်းဝန်မင်းကြီးက ကာနယ်စလေဒင်တစ်ဦးတည်းသူနှင့်အတူ နန်းတော်ထဲသို့ ဝင်ရောက်လိုက်ပါစေလိုကြောင်း၊ အတူပါလာသော အင်္ဂလိပ်တပ်များအား မည်သည့်အကြောင်းနှင့်မျှ သစ်တပ်အတွင်းသို့ ဝင်ရောက်ခွင့်မပြုကြောင်း ပြောကြားလေသည်။

သို့ဖြင့် ကာနယ်စလေဒင်သည် ရှေးဦးစွာ ကင်းဝန်မင်းကြီးနှင့်အတူ လွှတ်တော်ရုံးသို့ ရောက်ရှိသွား၏။ ထို့နောက် ကာနယ်စလေဒင်သည် ကင်းဝန်မင်းကြီးနှင့် မှူးမတ်များလိုက်ပါလျက်သီပေါမင်းရှိရာ ရွှေနန်းတော်ဆောင်သို့ ဝင်ရောက်၍ တွေ့ဆုံပြီး အိန္ဒိယဘုရင်ခံချုပ်အမိန့်အရ အရှင်နှစ်ပါးကို ကောင်းစွာစောင့်ရှောက်ဆောင်ယူခဲ့ရန် လာရောက်ခြင်းဖြစ်ကြောင်း လျှောက်ထားလေသည်။

သီပေါမင်းက “ယခုချက်ချင်း မိမိကိုရပ်ဝေးသို့ ရုတ်တရက်ခေါ်ဆောင်သွားမည့်အစား နန်းတော်တွင်းမှာပင် တစ်ရက်နှစ်ရက်မျှ စံမြန်းနေလိုကြောင်း၊ ဤအတွင်း မိမိသည် နန်းတော်မှဆင်း၍ တောင်ဥယျာဉ်တော်ရှိ နွေရာသီစံနန်းသို့ ပြောင်းရွှေ့စံနေတော်မူရန် ဆန္ဒရှိကြောင်း” ကာနယ်စလေဒင်အား မိန့်ကြားခဲ့သည်။

ကာနယ်စလေဒင်က ဤအခွင့်ကိစ္စအတွက် မိမိသည် စစ်သေနာပတိချုပ် ဂျင်နရယ် ပရင်ဒါဂတ်ထံ အကြောင်းကြားပေးမည်ဖြစ်ကြောင်း၊ သို့ရာတွင် မနက်ဖြန်ကျလျှင် ဘုရင်မင်းမြတ်သည် စစ်သေနာပတိချုပ်ထံ မိမိကိုယ်ကိုပေးအပ်ရန်လိုအပ်ကြောင်း ပြန်လည်လျှောက်ထားပြီး နန်းတော်မှ ပြန်လည်ထွက်ခွာကာ ပရင်ဒါဂတ်ထံ သတင်းပို့လေသည်။ ထိုအတောအတွင်း သီပေါမင်းသည် နန်းတော်တောင်ဥယျာဉ်ရှိ နွေရာသီစံအိမ်တော်တွင် စံမြန်းနေရာ ဟမ်ရှိုင်းယားတပ်မဟာမှ တပ်သားများက အထပ်ထပ်စောင့်ကြပ်ထားသည်။

နိုဝင်ဘာ ၂၉ ရက် နံနက်ပိုင်းတွင် အင်္ဂလိပ်တပ်များသည် ဂေါဝိန်ဆိပ်မှစတင် ချီတက်သွားကြရာ မွန်းလွဲပိုင်းတွင် နန်းတော်သို့ရောက်ရှိကြသည်။ ဂျင်နရယ်ပရင်ဒါဂတ်သည် အရေးပါသောဝန်ကြီး လေးပါးကိုခေါ်ယူပြီးလျှင် ကာနယ်စလေဒင်တို့နှင့်အတူ သီပေါမင်းကို သွားရောက်တွေ့ဆုံပြီးနောက် သီပေါမင်းနှင့်မိဖုရားအား ယခုပင်သင်္ဘောဖြင့် ခေါ်ဆောင်သွားတော့မည်ဖြစ်ကြောင်း ပြောကြားလေသည်။ ဘုရင်နှင့် မိဖုရားတို့က ရက်ရွှေ့ဆိုင်းနိုင်လျှင် ရက်ရွှေ့ပေးရန် မေတ္တာရပ်ခံခဲ့ကြသော်လည်း ပရင်ဒါဂတ်က မဖြစ်နိုင်ကြောင်း၊ ယခုချက်ချင်းလိုက်ပါရန် ပြင်ဆင်မှုပြုတော်မူပါဟု ပြောကြားပြီး နန်းတော်မှ စတင်ထွက်ခွာရန်တပ်များကို အစီအစဉ်ပြုလုပ်လေတော့သည်။

ညနေ ၃ နာရီခွဲအချိန်တွင် အင်္ဂလိပ်တပ်များသည် မင်းမိဖုရားနှစ်ပါးကို ခေါ်ဆောင်၍ နွေရာသီစံအိမ်မှ စတင်ထွက်ခွာခဲ့ကြလေသည်။ မြို့တော်ပြလမ်းမကြီး နံဘေးတစ်လျှောက်တွင်လည်းကောင်း၊ လမ်းဆုံလမ်းမများတွင်လည်းကောင်း မြို့သူမြို့သားများသည် ကြိတ်ကြိတ်တိုးလျက် ငိုကြွေးကြရင်းကပင်လျှင် အရှင်နှစ်ပါးအား နောက်ဆုံးဖူးမြော်ခြင်းဖြင့် ဖူးမြော်နှုတ်ဆက်ကြလေသည်။ ညနေ ၆ နာရီ ၁၅ မိနစ်အချိန်တွင် ဂေါဝိန်ဆိပ်သို့ ရောက်ရှိပြီး ဘုရင်နှင့်တကွ မိဖုရားအခြွေအရံများကို “သူရိယ” သင်္ဘောပေါ်သို့ ပို့ဆောင်ထားလိုက်၏။ ထိုနေ့ကား မြန်မာတို့မမေ့နိုင်သော မြန်မာသက္ကရာဇ် ၁၂၄၇ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်နေ့ ဖြစ်လေသည်။

ထို့နောက် ၁၈၈၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ တွင် အထက်မြန်မာနိုင်ငံနှင့်တကွ သီပေါမင်းပိုင်ဆိုင်အုပ်စိုးခဲ့ကြသော နယ်မြေတို့ကို အင်္ဂလိပ်ဧကရီ ဘုရင်မကြီးပိုင် နယ်မြေတစ်ခုအဖြစ် သိမ်းယူကြောင်း အိန္ဒိယဘုရင်ခံချုပ် လော့ဒ်ဒပ်ဖရင်က လက်မှတ်ရေးထိုးကြေညာချက်ထုတ်ပြန်လိုက်လေ သည်။

ဤသို့အားဖြင့် နှစ်ပေါင်းများစွာ ကိုယ့်ထီးကိုယ့်နန်းကိုယ့်ကြငှန်းဖြင့် ခမ်းနားထည်ဝါစွာ ရပ်တည်ခဲ့သော မြန်မာတို့သည် သီပေါမင်းအဖမ်းခံရသော တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်နေ့မှ စ၍ အင်္ဂလိပ်တို့လက်အောက် သူ့ကျွန်ဘဝသို့ ကျရောက်ခဲ့ကြရလေသည်။

မြန်မာတို့ စစ်ရှုံးရသော အကြောင်းအချက်များစွာရှိသည့်အနက် နိုင်ငံရေးညီညွတ်မှုမရှိခြင်း၊ လက်နက်ချင်းကွာခြားခြင်း၊ လေ့ကျင့်မှုမတူညီခြင်းတို့ကြောင့် ဖြစ်သည်။ အင်္ဂလိပ်တို့နှင့်ဖြစ်ပွားခဲ့သော စစ်ပွဲသုံးပွဲစလုံးတွင် ပါဝင်တိုက်ခိုက်ခဲ့ကြသော မြန်မာတပ်မှူး၊ တပ်သားတို့၏ သူရသတ္တိနှင့် ဇွဲဝီရိယတို့ညံ့ခဲ့ကြ၍မဟုတ်ဟု သမိုင်းပညာရှင်များက ဆိုခဲ့ကြသည်။

ပထမစစ်ပွဲ (၁၈၂၄-၁၈၂၆)တွင် ဦးစီးခဲ့သော စစ်သူကြီးမဟာဗန္ဓုလနှင့် ဝက်ထီးကန်တိုက်ပွဲတွင် အင်္ဂလိပ်တို့ကို တပ်လုံးပြုတ်လုနီးပါးချေမှုန်းခဲ့သော ဗိုလ်ချုပ်မဟာနေမျိုးတို့၏ စစ်စွမ်းရည်နှင့် သူရသတ္တိကို အင်္ဂလိပ်တို့ကပင် စံနမူနာတင်ကြရ၏။ ဒုတိယစစ်ပွဲ (၁၈၅၂-၁၈၅၄)တွင်လည်း ရွှေတိဂုံကုန်းခံတပ်ကိုဦးစီးသော မြို့ဝန်သတိုးမင်းကြီး မဟာမင်းလှမင်းခေါင်၊ ပဲခူးစစ်နယ်ဝှန်းတွင် ဦးစီးသော တောင်တွင်းကြီးမြို့စား မင်းရဲမင်းခေါင်ကျော်၊ ပြည်မြို့စစ်နယ်ဝှန်းကိုဦးစီးခဲ့သော ဗိုလ်မှူးဝန်ကြီး သတိုးသုဓမ္မမဟာမင်းခေါင် စသောတပ်မှူးကြီးများသည် ဇွဲသတ္တိကြီးမားစွာဖြင့် တိုက်ခိုက်ခဲ့ကြသည်။

တတိယစစ်ပွဲ (၁၈၈၅-၁၈၈၆)၌ မင်းလှခံတပ်မှ နေ၍ သဲသဲမဲမဲခုခံတိုက်ခိုက်ခဲ့သော ဗိုလ်ချုပ်မဟာသမိန်ဗရမ်းနှင့် တပ်မှူးတို့၏ ဇာတိမာန်စိတ်ဓာတ်နှင့် သူရသတ္တိမှာလည်း ရန်သူတို့ကပင် လေးစားချီးကျူးခြင်းခံခဲ့ရ၏။

မင်းလှခံတပ်တိုက်ပွဲနှင့်ပတ်သက်၍ အင်္ဂလိပ်သတင်းစာဆရာ၊ သမိုင်းဆရာတစ်ဦးဖြစ်သူ ဂရက်တန်ဂျယ်ရီက “မည်သို့ပင်ဖြစ်စေ၊ မြစ်အနောက်ဘက်ကမ်းမင်းလှခံတပ်မှ မြန်မာတပ်များသည် အားတက်သရော တိုက်ခိုက်သွားပေသည်။ အဂတိတရားမလိုက်စားဘဲ အမှန်အတိုင်းပြောရလျှင် မြန်မာတို့ကို သူရဲဘောကြောင်သောသူများဟု အညွန့်ချိုးနှိမ်ချခြင်းမပြုသင့်ပါ။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ရဲရဲရင့်ရင့်ဇွဲနဘဲကြီးစွာ အားသွန်တိုက်ခိုက်ခဲ့သောကြောင့်ဖြစ်သည်” ဟု ဝေဖန်ရေးသားခဲ့သည်။

သမိုင်းဆရာတစ်ဦးဖြစ်သူ ဒေါက်တာဒီ၊ ဒီဆင်ဟာကလည်း “အရှုံးပေးအညံ့ခံရသည်ထက် အမျိုးသားဇာတိမာန်စိတ်ဖြင့် တိုက်ခိုက်ရင်းသေသွားသည်ကမှ ကောင်းသေး၏ဟု ယူဆကာ တိုက်ခိုက်သွားကြလေသည်”ဟု ရေးသားခဲ့လေသည်။

ထို့အတူ နယ်ချဲ့အင်္ဂလိပ်တို့၏ လက်အောက်သူ့ကျွန်ဘဝသို့ မြန်မာနိုင်ငံကျရောက်ချိန်တွင်လည်း “သိင်္ဃတန်ဆောင်၊ ဘုန်းတော်မှောင်၍၊ ကုန်းဘောင်နေမီး၊ မထိန်ညီးက၊ တိုင်းကြီးပြည်ကြီး၊ အချည်းနှီးလျှင်၊ ထီးသုဉ်းနန်းသုဉ်း၊ မြို့သုဉ်းသုည၊ သုဉ်းသုံးဝဖြင့်၊ ဖြစ်လာရလေ၊ တို့တတွေသည်၊ သေသော်မှတည့်၊ ဪ-ကောင်း၏”ဟူသော ဆီဘန်းနီဆရာတော်၏ “တဖန်မှတ်စေ” ချီရတု ကဲ့သို့ မြန်မာ့ထီးနန်း ကျိုးပျက်ခြင်းကိုမခံနိုင်သော မျိုးချစ်ပုဂ္ဂိုလ်များသည် နယ်ချဲ့လက်အောက် သူ့ကျွန်ဘဝတွင် အသက်ရှင်နေရခြင်းထက် အမျိုးဘာသာသာသနာအတွက်၊ လွတ်လပ်ရေးအတွက် တိုက်ရင်းသေရသည်ကကောင်းသေး၏ဟူသော ဇာတိမာန်ဖြင့် စစ်နိုင်သောအင်္ဂလိပ်တို့ကို တော်လှန်တိုက်ခိုက်ခဲ့ကြပြန်လေသည်။

ထိုသို့ ဇွဲသတ္တိကြီးမားစွာ တွန်းလှန်တိုက်ခိုက်ခဲ့ကြသော မြင်းစိုင်းမင်းသား၊ လင်းပင်မင်းသား၊ ရွှေဂျိုးဖြူ မင်းသား၊ ဝန်းသိုစော်ဘွား ဦးအောင်မြတ်၊ မင်းကြီးရွှေလရောင်ဘွဲ့ခံ ဦးမင်းရောင်၊ ဗိုလ်ချို၊ ဗိုလ်ရာညွန့်၊ ဗိုလ်ရွဲစသော အနယ်နယ်အရပ်ရပ်မှ တိုင်းရင်းသား မျိုးချစ်အင်အားစုများကို အင်္ဂလိပ်တို့ သည် ရှစ်နှစ်ကြာမျှ နှိမ်နင်းခဲ့ကြရလေသည်။

တစ်ဖန် သက္ကရာဇ် ၁၂၄၇ ခုနှစ်တွင် မြန်မာတို့၏ နောက်ဆုံးဘုရင် သီပေါမင်းပါတော်မူပြီးနောက် သူ့ကျွန်ဘဝတွင် မြန်မာတို့အလေးအမြတ်ကိုးကွယ် ဆည်းကပ်ရာ ဗုဒ္ဓမြတ်စွာသာသနာတော်မှာလည်း မှေးမှိန်လာခဲ့သည်။ လူသူစည်ကားရာ မြို့ကြီးပြကြီးတွင် မှီခိုသီတင်းသုံးတော်မူကြသော ရဟန်းသံဃာတော်များပင် ဆွမ်း၊ ကွမ်းပါးရှားလာရာ စစ်ကိုင်းတောင်ရိုးပျော် ရဟန်းသံဃာတော်များကား ဆိုဖွယ်ရာပင်မရှိအောင် ပို၍ခက်ခဲလာခဲ့ကြသည်။

သို့နှင့် အမျိုး၊ ဘာသာ၊ သာသနာအကျိုးကို ရှေးရှုသောအားဖြင့် မန္တလေးမြို့ခံ၊ မြို့မိ မြို့ဖများနှင့် ပြည်သူများသည် ဘုရင်မရှိလို့ သာသနာပျက်ရ လေခြင်းအဖြစ်မျိုး မဖြစ်ရလေအောင် သာသနာတော်ဆက်လက်ရှင်သန်ပြန့်ပွားနိုင်ရေးအတွက် ဘုရင်ပါတော်မူပြီး ၁၁ နှစ်အကြာ ၁၂၅၈ ခုနှစ်တွင် မလွန်ဆန်လှူအသင်းကြီးကိုလည်းကောင်း၊ ပါတော်မူပြီး ၁၃နှစ်အကြာ ၁၂၆၀ ပြည့်နှစ်တွင် ပရိ ယတ္တိသာသနဟိတအသင်းကြီးကိုလည်းကောင်း ဖွဲ့စည်းတည်ထောင်ခဲ့ကြသည်။

လမင်း၏အလယ်တွင် ယုန်မင်းတံဆိပ်ခတ်နှိပ်ထားသော မလွန်ဆန်လှူအသင်းကြီးသည် စစ်ကိုင်းတောင်ရိုး၌ တရားရှာမှီးနေကြသော ရဟန်းသံဃာတော်၊ သီလရှင်နှင့် သူတော်စင်များအား မြန်မာဗုဒ္ဓ ဘာသာဝင် ရှင်ဘုရင်အဆက်ဆက်က ပစ္စည်းလေးပါး ထောက်ပံ့လှူဒါန်းသည့် နည်းတူ ဆွမ်း ဆန်တော်များကို ဆက်လက်ထောက်ပံ့လှူဒါန်းခဲ့ ကြပါသည်။

ထို့အတူ ပရိယတ္တိသာသနဟိတအသင်းကြီးကလည်း သီပေါမင်းပါတော်မူပြီးနောက် သူ့ကျွန်ဘဝတွင် မြို့ပျက်မတတ်ဖြစ်ပြီး သံဃာတော်များလည်း လျော့နည်းကာ သာသနာမှေးမှိန်သထက်မှေးမှိန်လာသည့်အတွက် ကျောင်းတိုက်ကြီးများမှ ကျန်ရှိရစ်ခဲ့သည့် စာချဆရာတော်ကြီးများ၏ စာရင်းကိုလိုက်ယူကာ လစဉ်ဆွမ်းဆန်တော်များနှင့်အတူ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်များပါလှူဒါန်းခဲ့ကြသည်။ ထို့ပြင် စာတော်ပြန်ပွဲ မကျင်းပနိုင်ခဲ့သည်မှာ ၁၈ နှစ်ခန့်ရှိလာသဖြင့် ၁၂၆၅ ခုနှစ်တွင် ပရိယတ္တိသာသနဟိတအသင်းကြီးက စာပြန်ပွဲကို စတင်ကျင်းပပေးခဲ့သည်။ စာပြန်ပွဲများကို သကျသီဟဘုရားကြီးဝင်းအတွင်းရှိ ဦးသာညှင်း၏ ကိုးခန်းအုတ်ဇရပ်ကြီးတွင်ကျင်းပခဲ့ရာမှ ပရိယတ္တိစာမေးပွဲများကို ရဟန်းလောကက “သကျသီဟစာမေးပွဲ” ဟု ခေါ်ဝေါ်ခဲ့ကြသည်။

မလွန်ဆန်လှူအသင်းကြီးနှင့် ပရိယတ္တိသာသနဟိတအသင်းကြီးကို မြို့လူထုနှင့်တကွ မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်မှ ဗုဒ္ဓဘာသာဝင်ပြည်သူအပေါင်းက ဝိုင်းဝန်းလှူဒါန်းခဲ့ကြရာမှ ယခုဆိုလျှင် နှစ်ပေါင်း ၁၀၀ ကျော် သမနိရှည်ကာ ဗုဒ္ဓမြတ်စွာသာသနာတော်ကြီးကို ထိထိရောက်ရောက် အကျိုးပြုလျက်ရှိသည်။ တိပိဋကဓရမင်းကွန်းဆရာတော်ကြီးကလည်း မလွန်ဆန်လှူအသင်းကြီးကို သာသနာ၏ မိခင်အသင်း၊ ပရိယတ္တိသာသနဟိတအသင်းကြီးကို သာသနာ၏ ဖခင်အသင်းအဖြစ် အသိအမှတ်ပြု သတ်မှတ်တော်မူခဲ့ပါသည်။

ထို့အတူ မြန်မာတို့သည် အမျိုးဘာသာသာသနာအကျိုးအတွက် ဝိုင်အမ်ဘီအေခေါ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီးကို ၁၉၀၆ ခုနှစ် မေလ ၁၀ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပြန်ပါသည်။ ဝိုင်အမ်ဘီအေကဲ့သို့ မြန်မာအသင်းအပင်းများ မပေါ်ပေါက်သေးချိန်က တိုင်းသူပြည်သားများသည် နယ်ချဲ့ဗြိတိသျှတို့၏ အုပ်ချုပ်ခံသက်သက်ပင်ဖြစ်ခဲ့သည်။ ဝိုင်အမ်ဘီအေပေါ်ပေါက်လာသောအခါ “အမျိုးဘာသာသာသနာပညာ” ဆိုသည့် ခေါင်းစဉ်အောက်မှ တိုင်းရေးပြည်မှုများကို ဆွေးနွေးတိုင်ပင်ခဲ့ကြပြီး ဗြိတိသျှအစိုးရထံတင်ပြတောင်းဆိုခဲ့ကြသည်။

သာသနာ့မြေနှင့် ဘုရားပုထိုးစေတီရင်ပြင်များတွင် နိုင်ငံခြားသားများ ဖိနစ်စီးသွားလာနေကြသည့်အတွက် ဖိနပ်ပြဿနာပေါ်ပေါက်လာသောအခါတွင်လည်း ဝိုင်အမ်ဘီအေအသင်းကြီးကပင် တိုင်းပြည်ကိုယ်စားဗြိတိသျှအစိုးရကို အရေးဆိုခဲ့ပါသည်။

တစ်ဖန် အိန္ဒိယကို အုပ်ချုပ်ရေးအဆင့်အတန်းတိုးပေးရန် ဗြိတိသျှအစိုးရကစီစဉ်သည့်အခါတွင်လည်း မြန်မာပြည်ကိုအလားတူ တိုးမြှင့်ပေးရန် ဝိုင်အမ်ဘီအေက ဦးစု၊ ဦးဖေ၊ ဦးဘဘေ၊ ဦးမေအောင်တို့လေးဦးကို အိန္ဒိယသို့ကိုယ်စားလှယ်လွှတ်ကာ အရေးဆိုခဲ့သည်။ သို့ရာတွင် ဗြိတိသျှအစိုးရက မြန်မာပြည်ကိုအုပ်ချုပ်ရေးတိုးမပေးဘဲ ချန်လှပ်ခဲ့သဖြင့် ၁၉၁၉ ခုနှစ်တွင် ဦးဘဘေ၊ ဦးပု၊ ဦးထွန်းရှိန် “ဘေ-ပု-ရှိန်” ကိုယ်စားလှယ်ကြီး သုံးဦးကို ဝိုင်အမ်ဘီအေကပင် အင်္ဂလန်သို့စေလွှတ်ကာ ထပ်မံအရေးဆိုစေခဲ့သည်။

၁၉၂၀ ပြည့်နှစ်တွင် ဝိုင်အမ်ဘီအေမှ ဂျီစီဘီအေအဖြစ် တိုးချဲ့ဖွဲ့စည်းကာ ဟုမ္မရူး (Home Rule) ခေါ် ကိုယ်ပိုင်အုပ်ချုပ်ရေးကို တောင်းဆိုခဲ့ပြန်သည်။ ထိုမှအစပြု၍ မြန်မာပြည်သူများ တစ်မျိုးသားလုံးနှင့်သက်ဆိုင်သည့် အရေးကိစ္စများတွင် နိုးနိုးကြားကြားပါဝင်လာခဲ့ကြ၍ ဝိုင်အမ်ဘီအေအသင်းကြီးကို “မြန်မာနိုင်ငံရေးအစ ဝိုင်အမ်ဘီအေက”၊ “လွတ်လပ်ရေးအစ ဝိုင်အမ်ဘီအေက”၊ “ဝံသာနုရက္ခိတအစ ဝိုင်အမ်ဘီအေ”က စသည်ဖြင့် ဆိုစမှတ်ပြုခဲ့ကြလေသည်။

ဝိုင်အမ်ဘီအေ၊ ဂျီစီဘီအေမှသည် ၁၉၃၀ ပြည့်နှစ်တွင် တို့ဗမာအစည်းအရုံးပေါ်ပေါက်လာသည်။ မြန်မာလူမျိုးများသည် ကျွန်လူမျိုးမဟုတ်၊ ကိုယ့်မင်းကိုယ်ချင်းသခင်ဘဝဖြင့် နှစ်ပေါင်းများစွာ ရပ်တည်လာခဲ့သော လူမျိုးဖြစ်၍ “သခင်မျိုးဟေ့- တို့ဗမာ” ဟူသည့် ကြွေးကြော်သံနှင့်အတူ နာမည်ရှေ့တွင် သခင်ဘွဲ့ခံခဲ့ကြလေသည်။ ထို့အတူ -

“ဗမာပြည်သည် - တို့ပြည်

ဗမာစာသည် - တို့စာ

ဗမာစကားသည် - တို့စကား

တို့ပြည်ကို - ချစ်ပါ

တို့စာကို - ချီးမြှင့်ပါ

တို့စကားကို - လေးစားပါ”

ဟူ၍ တပ်လှန့်ကြွေးကြော်ခဲ့ကြသည်။ တို့ဗမာအစည်းအရုံးကို သခင်ဘသောင်းက စတင်တည်ထောင်ခဲ့သည်။

ထို့နောက် တို့ဗမာအစည်းအရုံးမှသည် ဗိုလ်ချုပ် အောင်ဆန်းအမှူးပြုသော ရဲဘော်သုံးကျိပ်နှင့်အတူ ဗမာ့လွတ်မြောက်ရေးတပ်မတော်(BIA)၊ ဗမာ့ကာကွယ်ရေးတပ်မတော် (BDA) ပေါ်ပေါက်လာကာ နယ်ချဲ့တော်လှန်ရေး၊ ဖက်ဆစ်တော်လှန်ရေးများကို ဆက်တိုက်ဆင်နွှဲခဲ့ပြီး စစ်ပြီးခေတ်တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ဖဆပလအဖွဲ့ချုပ်၏ဦးဆောင်မှုဖြင့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံသည် နယ်ချဲ့ဗြိတိသျှ၏ အထက်မြန်မာနိုင်ငံကို နှစ်ပေါင်း ၆၀ ကျော်၊ အောက်မြန်မာပြည်ကို နှစ်ပေါင်း ၁၀၀ ကျော်အုပ်ချုပ်ခဲ့သည့် သူ့ကျွန်ဘဝမှလွတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံတော်အဖြစ် လွတ်လပ်ရေးကို ပြန်လည်ရယူနိုင်ခဲ့ပေသည်။

ယခုလာမည့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ သည် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အခါ သမယဖြစ်သည်။ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယတွင် တို့ကိုယ်ကျိုးလုံးလုံးမပါ၊ နောင်လာ နောက်သားကောင်းစားဖို့ရာဟူသည့် မွန်မြတ်သည့် စိတ်ထားဖြင့် မြန်မာ့လွတ်လပ်ရေးအတွက် အသက်သွေးချွေးများစွာပေးဆပ်ပြီး တာဝန်ကျေပွန်ခဲ့ကြသည့် အတိတ်ကမျိုးဆက်များနည်းတူ မျိုးဆက်သစ်များအနေဖြင့်လည်း ကိုယ်စီကိုယ်စီတာဝန်ကျေပွန်ကြရပါမည်။

မျက်မှောက်ကာလတွင် ကိုလိုနီနယ်ချဲ့လက်သစ်တို့သည် နိုင်ငံငယ်များအပေါ် ၎င်းတို့ဩဇာလွှမ်းမိုးနိုင်ရေးအတွက် နောက်ကွယ်မှကြိုးကိုင်ကာ အချင်းချင်းအကြားသွေးခွဲ၍ အိမ်ကြက်ချင်း အိုးမဲသုတ်ခွပ်ခိုင်းလျက်ရှိပေသည်။

သို့ဖြင့် အတိတ်က စည်းလုံးညီညွတ်မှု ပျက်ပြားခဲ့ရာမှ သီပေါမင်းပါတော်မူပြီး အချုပ်အခြာအာဏာနှင့် လွတ်လပ်ရေးဆုံးရှုံးခဲ့ရသည့်ဖြစ်စဉ်အပေါ် သမိုင်းသင်ခန်းစာရယူပြီး ကမ္ဘာတည်သရွေ့ အမိပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး တည်တံ့ခိုင်မြဲရေးအတွက် လွတ်လပ်ရေးကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးမှာ လက်ရှိမျိုးဆက်များနှင့် အနာဂတ်မျိုးဆက်သစ်များ၏ သမိုင်းပေးတာဝန်တစ်ရပ်သာဖြစ်ပေသည်။ ။

ကိုးကား - နတ်မောက်ဘုန်းကျော်၏

“အင်္ဂလိပ်-မြန်မာ စစ်သမိုင်း”

Source: www.moi.gov.mm
 

ဇာနည်ဘွား

၁၉ ရာစုမှာ ကုန်ထုတ်စွမ်းအားနဲ့ စစ်အင်အားတိုးတက်ကြီးမားလာကြတဲ့ လောဘတက်တိုင်းပြည်တွေအနက် ဖက်ဆစ်ဂျပန်နဲ့ နယ်ချဲ့အရင်းရှင် ဗြိတိသျှတို့က ၎င်းတို့ထုတ်လုပ်နိုင်တဲ့ထုတ်ကုန်တွေကို ဈေးကွက်တိုးချဲ့ရယူနိုင်ရေးအပြင် ကုန်ကြမ်းတွေရရှိရေးတို့အတွက်ပါ ဖွံ့ဖြိုးတိုးတက်မှုနည်းပြီး စစ်အင်အားချည့်နဲ့တဲ့ မြန်မာနိုင်ငံရဲ့ သဘာဝသယံဇာတတွေ ပေါကြွယ်ဝမှုကို မျက်စိကျလာခဲ့ကြပါတယ်။

အရင်းရှင်နယ်ချဲ့ကိုလိုနီကာလ

ကိုလိုနီနယ်ချဲ့အရင်းရှင် ဗြိတိသျှတို့က သူတို့ခြေကုပ်ရယူထားတဲ့ အိန္ဒိယနိုင်ငံကနေတစ်ဆင့် မြန်မာနိုင်ငံကို ကျူးကျော်ဝင်ရောက်ပြီး ၁၈၂၄ ခုနှစ်မှ ၁၉၄၈ ခုနှစ်အထိ တစ်ဆင့်ချင်း အုပ်ချုပ်ခြယ်လှယ်ခြင်းပြုခဲ့ပါတယ်။

နယ်ချဲ့အရင်းရှင်ဗြိတိသျှတို့ရဲ့ ကိုလိုနီကျွန်ဘဝက လွတ်မြောက်ဖို့အတွက် မိမိတို့ တိုင်းပြည်ကို ကူညီကယ်တင်ပေးနိုင်စွမ်းရှိတဲ့ ဂျပန်နိုင်ငံကို ခက်ခဲစွာလျှို့ဝှက်ချိတ်ဆက်ပြီး ကြိုးပမ်းခဲ့ကြရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရဲဘော်သုံးကျိပ်တို့ဟာ ဂျပန်နိုင်ငံကို တိတ်တဆိတ်သွားရောက်ကာ စစ်ပညာသင်ယူခဲ့ကြပါတယ်။ အဲဒီနောက် ဂျပန်တို့ရဲ့အကူညီနဲ့ အင်္ဂလိပ်ကိုလိုနီ နယ်ချဲ့အရင်းရှင်တို့ကို တွန်းလှန်နိုင်ခဲ့ကြပါတယ်။

သို့သော်လည်း ဂျပန်တို့ကတစ်ဖန် ၁၉၄၂ ခုနှစ် မှ ၁၉၄၅ ခုနှစ်အထိ မြန်မာနိုင်ငံကို ဂျပန်ကိုလိုနီအဖြစ် ထပ်မံအုပ်ချုပ်ကာ ဖက်ဆစ်ဝါဒီတို့ရဲ့ ရက်စက်မှုတွေအတိုင်း ငယ်ထိပ်ပေါ်ကို ရေတစ်စက်ချင်း၊ တစ်စက်ချင်းချကာ အသည်းခိုက်အောင်နာကျင်စေတဲ့ ပြစ်ဒဏ်ပေးခြင်း၊ လက်ကိုရေနွေးစိမ်ထားပြီး လက်သည်းခွံများကို ရက်စက်စွာ ချွတ်ခွာအပြစ်ဒဏ်ပေးခြင်းစတဲ့ ယုတ်မာမှု၊ နှိပ်စက်မှုအမျိုးမျိုးကို ဆိုးရွားစွာ ပြုလုပ်ခဲ့ကြပါတယ်။

လွတ်လပ်ရေးရအောင်ကြိုးပမ်းမှု

ဖက်ဆစ်တပ်တွေကို တိုက်ထုတ်နိုင်ဖို့ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ ဗမာ့တပ်မတော်နဲ့ တို့ဗမာအစည်းအရုံးဝင်တို့ဟာ အိန္ဒိယပြည်ရှိ ဗြိတိသျှအာဏာပိုင်တွေနဲ့ တိတ်တဆိတ် ဆက်သွယ်ခဲ့ကြပါတယ်။ ထို့နောက် ဖ-ဆ-ပ-လ ခေါ် ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ကို ဖွဲ့စည်းပြီး ဖ-ဆ-ပ-လ အဖွဲ့ကြီးနဲ့အတူ မြန်မာလူငယ်ခေါင်းဆောင်တွေကလည်း တစ်ခဲနက်ပါဝင်ကြကာ ၁၉၄၅ ခုနှစ် မတ်လက အစပြုလို့ ဖက်ဆစ်ကို တော်လှန်ခဲ့ကြပါတယ်။ ထိုတော်လှန်နိုင်မှုကြောင့် ထိုနှစ်မှာပဲ ဗြိတိသျှတပ်တွေ မြန်မာနိုင်ငံကို လွယ်ကူစွာ ဝင်ရောက်နိုင်ကြပြီး ဖက်ဆစ်တွေကို အပြီးအပိုင် မောင်းထုတ်နိုင်ခဲ့ကြပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းဟာ ဖ-ဆ-ပ-လ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပြီး ၁၉၄၆ ခုနှစ်မှာ ဖ-ဆ-ပ-လ ခေါင်းဆောင်တဲ့ မြန်မာလူထုက တိုင်းပြုပြည်ပြု လွှတ်တော်ခေါ်ရေး၊ အချုပ်အခြာအာဏာပိုင်သော လွတ်လပ်ရေးရရေးစတဲ့ အဆိုတွေကို အတည်ပြုတင်သွင်းကြပါတယ်။ ဖ-ဆ-ပ-လ ဦးစီးတဲ့ ပြည်မဒေသနဲ့ တောင်တန်းဒေသအင်အားကို မခံနိုင်တော့လို့ ဗြိတိသျှအစိုးရက အုပ်ချုပ်ရေးအာဏာကို  အပ်နှင်းပေးခဲ့ပြီး တစ်နိုင်ငံလုံးလွတ်လပ်ရေးကိုလည်း မကြာမီပေးပါမယ်လို့ ကတိပြုဝန်ခံမှုပေးခဲ့ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ဖ-ဆ-ပ-လ အစိုးရက ၁၉၄၇ ခုနှစ်မှာ တိုင်းပြုပြည်ပြုလွှတ်တော်ကို ကျင်းပပြီး ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ရေးဆွဲခဲ့ကြပါတယ်။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ခေါင်းဆောင်တွေ အစည်းအဝေးပြုလုပ်နေစဉ်မှာ ဂဠုန်ဦးစောဦးဆောင်တဲ့ မသမာသူလူတစ်စုရဲ့ လုပ်ကြံခြင်းခံခဲ့ရပါတယ်။ ဒါပေမဲ့ ဖ-ဆ-ပ-လ ဒုတိယဥက္ကဋ္ဌ သခင်နုက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး မြန်မာနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အောင်မြင်စွာ အပြီးသတ်ရေးဆွဲနိုင်ခဲ့ကြပါတယ်။ အဲဒီနောက် မြန်မာခေါင်းဆောင်တွေဟာ ဗြိတိသျှအစိုးရအက်တလီနဲ့ သွားရောက်တွေ့ဆုံပြီး နှစ်နိုင်ငံ သဘောတူစာချုပ်တွေ ချုပ်ဆိုခဲ့ကြတယ်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ အချုပ်အခြာ အာဏာပိုင်ထာဝရလွတ်လပ်တဲ့ မြန်မာနိုင်ငံလို့ ကမ္ဘာကို ကြေညာနိုင်ကာ ဗြိတိသျှအလံကို ဖြုတ်ချပြီး မြန်မာနိုင်ငံတော်အလံကို လွှင့်ထူနိုင်ခဲ့ကြတယ်။

မျက်စိကိုမှိတ်၊ အံကိုကြိတ်လို့ သူ့ကျွန်ဘဝနဲ့ ဖက်ဆစ်ဝါဒီတို့ရဲ့ နှိပ်စက်ခံရတဲ့ဘဝက လွတ်မြောက်ကင်းဝေးစွာနေနိုင်ဖို့အတွက် ဘိုးဘွားတွေက အသက်ကိုနှင်း၊ ဘဝကိုရင်းကာ ဆင်းရဲဒုက္ခများစွာကို ခေါင်းငုံ့ခံခဲ့ကြပြီး ကိုလိုနီနယ်ချဲ့အရင်းရှင်ရဲ့ လက်ကနေ မိမိတို့တိုင်းပြည်ကို ပြန်လည်တိုက်ခိုက်ရယူကာ မြန်မာနိုင်ငံတိုင်းရင်းသား မျိုးနွယ်စုလူငယ်တွေလက်ကို လွှဲအပ်ပေးခဲ့ပါတယ်။

လက်ခံရယူလိုက်ကြရတဲ့ မြန်မာပြည်ဖွားတိုင်းရင်းသားညီအစ်ကို မောင်နှမရင်းချာတွေဖြစ်ကြတဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းဆိုတဲ့ မျိုးနွယ်စု ရှစ်စုတို့ရဲ့ လူငယ်တွေကလည်း မိမိတို့ လက်ခံရယူပိုင်ဆိုင်ထားကြတဲ့ ဒီခေတ်သစ်မြန်မာနိုင်ငံတော်ကြီးကို တိုင်းတစ်ပါးနယ်ချဲ့အရင်းရှင်တို့ရဲ့ ကိုလိုနီကျွန်ဘဝအဖြစ် ထပ်မံမရောက်စေဘဲ ရှေ့သို့သာတက်လှမ်းချီလို့ ခေတ်မီဖွံ့ဖြိုးတိုးတက်ကာ အင်အားစွမ်းပကားကြီးမားတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး ဖြစ်စေဖို့၊ စည်းလုံးညီညာစွာ ခိုင်ခိုင်မြဲမြဲလက်ချိတ်တွဲလို့ တည်ဆောက်ကြဖို့ တာဝန်ယူကြရမယ့်အချိန် ရောက်လာခဲ့ပါပြီ။

စီးပွားရေးတောင့်တင်းပြီး ခေတ်မီအဆင့်မြင့်ရေး

ရေနံ၊ သဘာဝဓာတ်ငွေ့နဲ့ ကမ္ဘာ့တန်ဖိုးမြင့် ကျောက်သံပတ္တမြား၊ ပုလဲနဲ့ ရွှေ၊ ငွေ၊ ကြေးနီ၊ သွပ်၊ ခဲ၊ ဒန်သတ္တု (အလူမီနီယံ)၊ သံဖြူ (Tin)၊ မဂ္ဂနိစ်၊ ခနောက်စိမ်းအပါအဝင် သံနဲ့သံမဏိထုတ်လုပ်နိုင်တဲ့ ကုန်ကြမ်းမျိုးစုံလှတဲ့ မိမိတိုင်းပြည်ရဲ့ သဘာဝသယံဇာတတွေကို တိုင်းတစ်ပါးနယ်ချဲ့တို့ ကျူးကျော်ဝင်ရောက် တူးဖော်အမြတ်ထုတ်ယူခြင်းမျိုးတွေ ခံခဲ့ကြရပြီးဖြစ်ပါတယ်။ ကျူးကျော်လာတဲ့ တိုင်းတစ်ပါးနယ်ချဲ့အရင်းရှင်တွေရဲ့ ကုပ်သွေးစုပ်အမြတ်ထုတ်ခြင်းမျိုး နောက်ထပ်မခံရလေအောင် ကာကွယ်နိုင်ကြဖို့ အလေးထားကြရန် လိုအပ်လှပါတယ်။ မိမိတို့ တိုင်းရင်းသားညီအစ်ကို မောင်ဖားတွေပိုင်ဆိုင်ထားကြပြီးဖြစ်တဲ့ ပြည်ထောင်စုမြန်မာ နိုင်ငံတော်ကြီး ငြိမ်းချမ်းအေးချမ်းသာယာဝပြောကာ အစဉ်ခေတ်မီဖွံ့ဖြိုးတိုးတက်နေအောင် မိမိတို့ တိုင်းရင်းသားတွေအားလုံးရဲ့ စုစည်းခိုင်မာကြီးမားလှတဲ့ အင်အားစုကြီးနဲ့ ဆက်လက်ဖော်ဆောင်ပေးကြရမှာဖြစ်ပါတယ်။

ဒီလိုဖော်ဆောင်ရာမှာ ရှေးဦးစွာ အခြေခံအရင်းအမြစ်တွေဖြစ်ကြတဲ့ လျှပ်စစ်စွမ်းအား တိုးတက်တည်ငြိမ်မှုရရှိရေး၊ အသေးစား၊ အငယ်စား၊ အလတ်စား၊ အကြီးစားစက်မှုလက်မှု လုပ်ငန်းများ၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းများ တိုးတက်အောင်မြင်ရေးအတွက် နည်းပညာအတတ်ပညာများ ထူးချွန်စွာတတ်မြောက်တဲ့ ကျွမ်းကျင်သူတွေ တိုးပွားရေးစတာတွေကို အလေးထားဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ ရည်မှန်းချက်တွေ ဖော်ဆောင်ရာမှာ မြန်မာတို့ရဲ့ ထူးခြားပြောင်မြောက်တဲ့ သမိုင်းမှတ်တမ်းဖြစ်စေအောင် ပြည်ထောင်စုဖွားတိုင်းရင်းသားအားလုံးက မိမိတို့အခြေချနေထိုင်ရာ ဒေသအသီးသီးမှာ အောင်မြင်ဖြစ်ထွန်းနိုင်တဲ့ လယ်ယာသီးနှံ စိုက်ပျိုးခြင်း၊ တိရစ္ဆာန်မွေးမြူခြင်းတွေကို အောင်မြင်စွာဖော်ဆောင်ကြပြီး ဆက်စပ်ထပ်ဆင့်ထွက်ပေါ်လာတဲ့ ထွက်ကုန်တွေကိုလည်း လူသုံးကုန်ပစ္စည်းတွေ၊ စားသောက်ကုန်ပစ္စည်းတွေအဖြစ် ထုတ်လုပ်ရောင်းချ ဈေးကွက်ဖန်တီးယူကြကာ ဝင်ငွေထပ်ဆင့်တိုးရအောင် ကြံဆနိုင်စွမ်းရှိကြဖို့ လိုအပ်ပါမယ်။

လုပ်ငန်းဖော်ဆောင်သူ တိုင်းရင်းသားတွေနဲ့အတူ သူတို့ပိုင်ဆိုင်ထားတဲ့ ပြည်ထောင်စုကြီးကိုပါ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်အောင် အဆင့်လိုက်ထပ်တိုးရရှိလာနိုင်တဲ့ ထွက်ကုန်ပစ္စည်းတွေကနေ ထပ်ဆင့်တန်ဖိုးမြှင့်ထုတ်ကုန် (value added products)တွေရဲ့ ထပ်တိုးဝင်ငွေများစွာရရှိစေနိုင်တာကလည်း ပြည်ထောင်စုကြီး ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်ကို ထိရောက်စေမှာဖြစ်တဲ့အတွက် တိုင်းသူပြည်သားအားလုံးက တစ်ခဲနက်စုပေါင်းကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။

ဥပမာပြရရင် ဝါစိုက်ပျိုးအောင်မြင်ဖြစ်ထွန်းတဲ့အရပ်ဒေသမှာ ဝါစိုက်ပျိုးခြင်းကနေ ထွက်ရှိလာတဲ့ဝါတွေကို ဝါနဲ့ ဝါစေ့ခွဲထုတ်၊ ဝါမှချည်မျှင်ကို ထုတ်ယူပြီး အထည်အလိပ်အမျိုးမျိုး ထုတ်လုပ်ရောင်းချတာ၊ ထိုမှ လူသုံးကုန်ပစ္စည်းအမျိုးမျိုး၊ အဝတ်အထည်အမျိုးမျိုး စတာတွေကို ထပ်ဆင့်တိုးထုတ်လုပ်ရောင်းချတာ စသဖြင့် ထပ်ဆင့်တန်ဖိုးမြှင့် ထုတ်ကုန်တွေကနေ ဝင်ငွေတိုးအောင် ဆောင်ရွက်နိုင်ကြရပါမယ်။

ဝါစေ့ကိုကြိတ်လို့ ဆီထုတ်ရောင်းချ၊ ဆီကြိတ်ဖတ်တွေကိုလည်း တိရစ္ဆာန်အစားအစာအဖြစ် ပြုလုပ်ရောင်းချပြီး ဝင်ငွေတိုးစေနိုင်တာကိုပါ အလေးထားစဉ်းစားဖော်ဆောင်နိုင်ကြရပါမယ်။ အခုအခါ နှစ်ရှည်စွာ စိုက်ပျိုးဖြစ်မြောက်နေတဲ့ အုန်းပင်ကြီးတွေရဲ့တစ်ပင်လုံးက ရယူနိုင်တဲ့ အရည်၊ အသားဖတ်တို့ကနေ ဝင်ငွေရယူနေကြရာမှ ထပ်ဆင့်လို့ အုန်းသီးရဲ့အပြင်အခွံနဲ့ အတွင်းအခွံမာတို့က နေလည်း လူသုံးအလှကုန်ပစ္စည်းအမျိုးမျိုး ပြုလုပ်ပြီး ဝင်ငွေရအောင် ဖန်တီးယူနိုင်နေကြတဲ့အပြင် ရှားပါးနေတဲ့စားသုံးဆီကိုလည်း အုန်းဆီကနေအောင်မြင်စွာ ထုတ်ယူနိုင်အောင် မြန်မာ့သုတေသနပညာရှင်တွေက ဖန်တီးပေးနိုင်နေကြပါပြီ။

ထန်းလက်၊ ထန်းပင်ရဲ့ပင်စည်ပါမကျန် အဆောက်အအုံဆောက်လုပ်ရာမှာသုံးတဲ့ ကုန်ကြမ်းအဖြစ်နဲ့ လူသုံးပရိဘောဂကုန်ပစ္စည်းအမျိုးမျိုးအဖြစ် စုံလင်စွာ တီထွင်ပြုလုပ်နိုင်ကြခြင်းကြောင့် ဝင်ငွေထပ်တိုးရှာနိုင်လာကြတာကို ချီးကျူးမိပါတယ်။ အလားတူပဲ မွေးမြူရေးလုပ်ငန်းတွေမှာလည်း တိရစ္ဆာန်ရဲ့အရေခွံနဲ့ အမွေးတွေကနေ လူသုံးအဝတ်အထည်တွေ၊ အလှခြုံလွှာတွေ၊ လက်ကိုင်အိတ်တွေအဖြစ်၊ အရိုးတွေကိုလည်း လူသုံးအလှကုန်ပစ္စည်းအဖြစ် ပြုလုပ်ပြီး value added products ဖန်တီးရောင်းချကာ ထပ်ဆင့်ဝင်ငွေ ဖြည့်စွက်ပေါင်းစပ်ရယူနိုင်ကြပါတယ်။

ဒီလိုဆောင်ရွက်နိုင်တာက လုပ်ငန်းလုပ်ကိုင်ကြသူ တိုင်းရင်းသားမျိုးနွယ်စု ညီအစ်ကိုမောင်ဖား အားလုံးနဲ့အတူ နိုင်ငံတော်ကြီးကိုပါ ခေတ်မီတိုးတက်အဆင့်မြင့်ရေးအတွက် အကျိုးဖြစ်ထွန်းမှုများစေမှာဖြစ်ပါတယ်။ ဒီလိုပြည်သူအားလုံးက အလေးထားဖော်ဆောင်နိုင်စွမ်းရှိကြခြင်းဟာ မျိုးနွယ်စုအားလုံးနဲ့ နိုင်ငံတော်အတွက်ပါ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် အရှိန်အဟုန်မြင့်တက်စေမှာဖြစ်ပါတယ်။ တိုင်းရင်းသားမျိုးနွယ်စုဝင်တွေ အားလုံးရဲ့ကြီးမားတဲ့ စည်းလုံးညီညွတ်စွာ တက်ညီလက်ညီ လက်တွေ့ကြိုးပမ်းပြနိုင်ကြခြင်းကို သမိုင်းမှတ်တမ်းတင်နိုင်ကြပါစေ။

ခေတ်သစ်မြန်မာနိုင်ငံတော်ကြီး အစပြုတည်ဆောက်နေတဲ့ကာလမှာ ပမာဏကြီးမားတဲ့ မဟာဓာတ်အားစီမံကိန်းကနေ လျှပ်စစ်စွမ်းအင်ရရှိရေးကို စောင့်မျှော်မနေကြဘဲ နိုင်ငံဒေသအနှံ့ကျေးလက်တွေပါမကျန် မိမိတို့ကိုယ်ပိုင် တစ်ပိုင်တစ်နိုင်လုပ်ငန်းအသီးသီး အစပြုဖို့လိုအပ်တဲ့ ပမာဏနည်းတဲ့ လျှပ်စစ်စွမ်းအင်အသီးသီးကို အချိန်တိုအတွင်းရနိုင်မယ့် သဘာဝကလက်ဆောင်ပေးနေတဲ့ နေရောင်ခြည်စွမ်းအင်၊ လေအားစွမ်းအင်၊ မြစ်ချောင်းအင်းအိုင်တို့ကနေ ရယူနိုင်တဲ့စွမ်းအင်တွေကို နည်းပညာတတ်ကျွမ်းတဲ့ပညာရှင်တွေ ဖန်တီးထားတဲ့ နည်းစနစ်တွေကိုအသုံးပြုပြီး တစ်စုတစ်ဖွဲ့ချင်း ကိုယ်စီရယူနိုင်ကြပါတယ်။

သဘာဝစွမ်းအင်အနက်မှ မိမိတို့နေထိုင်ရာ အရပ်ဒေသအသီးသီး အခြေအနေနဲ့ကိုက်ညီသင့်မြတ်တဲ့ သဘာဝစွမ်းအင်မျိုးကိုရွေးပြီး တစ်ပိုင်တစ်နိုင်တစ်ဦးချင်း၊ တစ်ဖွဲ့ချင်းကလည်း ကိုယ်စီဖော်ထုတ်ရယူကာ မိမိတို့လုပ်ငန်းငယ်တွေကို အလျင်အမြန်အစပြုကြရမှာဖြစ်ပါတယ်။ မဟာဓာတ်အားလိုင်းကနေ လျှပ်စစ်စွမ်းအား အပြည့်အဝရနိုင်ချိန်မှာလည်း မိမိတို့လုပ်ငန်းတွေကို ဖြည့်စွက်တိုးချဲ့ရာမှာ လျင်မြန်မှုရစေရေးအတွက် အသင့်ပြင်ဆင်ထားမှုကိုလည်း လက်ဦးရထားပြီး ဖြစ်နေရပါမယ်။

ကျူးကျော်ဝင်ရောက်လာနိုင်တဲ့ တိုင်းတစ်ပါးနယ်ချဲ့တွေကိုခုခံနိုင်ဖို့ တိုင်းရင်းသားမျိုးနွယ်စုဝင် တွေအားလုံးက စစ်ရေးပညာကျွမ်းကျင်စွာနဲ့ ခေတ်မီလက်နက်စွဲကိုင်ကာ ဘတစ်ပြန်ကျားတစ်ပြန် ကာကွယ်တွန်းလှန်နိုင်ဖို့ ကြိုတင်ပြင်ဆင်ကြရပါမယ်။ ဒါကြောင့် ဖွံ့ဖြိုးတိုးတက်ပြီး စွမ်းပကားထက်မြက်တဲ့ ပြည်ထောင်စုကြီးဖြစ်အောင် ဖော်ဆောင်ကြရာမှာ ငွေကြေးတောင့်တင်းပြီး အသိအတတ်ပညာနဲ့ အတွေ့အကြုံရှိကြတဲ့ တိုင်းရင်းသားမျိုးနွယ်စုဝင်တွေအားလုံးက အတ္တထက်ပရစိတ်နဲ့ နေရာစုံ၊ ထောင့်အနှံ့ကပါဝင်ကာ ကြီးမားတဲ့စုစည်းအင်အားနဲ့ ဖော်ဆောင်ကြဖို့ လိုအပ်ပါတယ်။

တိုင်းပြည်နဲ့ လူမျိုးအတွက် လိုအပ်တဲ့ ခေတ်မီစက်ပစ္စည်းကိရိယာ စုံလင်စွာထုတ်လုပ်ပေးနိုင်တဲ့ စက်မှုလက်မှုလုပ်ငန်းတွေကို ဦးဆောင်ပေးစွမ်းနိုင်ရေး၊ တတ်ကျွမ်းထူးချွန်တဲ့ အသိပညာရှင်၊ အတတ်ပညာရှင်တွေ၊ သိပ္ပံနည်းပညာရှင်တွေ ဖြစ်ထွန်းပေါ်ပေါက်ရေးနဲ့အတူ အခြေခံလိုအပ်ချက်ဖြစ်တဲ့ လျှပ်စစ်စွမ်းအင်လုံလောက်ပြည့်ဝရေးတို့ကိုလည်း ယှဉ်တွဲပြည့်စုံစေဖို့ စီမံကြစေလိုပါတယ်။

စီးပွားရေးအလျင်အမြန်တိုးတက်ဖို့၊ အသေးစား၊ အငယ်စား၊ အလတ်စား၊ အကြီးစား စက်မှုလုပ်ငန်းတွေ လျင်မြန်စွာတိုးတက်လာစေရေးနဲ့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း အားလုံးအပါအဝင် ဖွံ့ဖြိုးတိုးတက်ဖို့အတွက်လိုအပ်တဲ့ ခေတ်မီနည်းပညာတွေ ပြန့်ပွားစေရေးလည်း လိုအပ်ပါတယ်။ အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းအသီးသီးကို အစပြုနိုင်ဖို့ လုပ်ငန်းဖော်ဆောင်ကြမယ့် ပြည်သူအစုအဖွဲ့ တွေလိုအပ်တဲ့ ရင်းနှီးငွေကိုလည်း ဘဏ်လုပ်ငန်း၊ သမဝါယမလုပ်ငန်းတွေကနေ ထုတ်ချေးပေးနိုင်ရေး၊ လုပ်ငန်းအသီးသီးစနစ်တကျ အောင်မြင်ဖြစ်ထွန်းဖို့အတွက် အထွေထွေလိုအပ်ချက်တွေကို ဝိုင်းကူပံ့ပိုးဖြည့်ဆည်းပေးနိုင်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ တိုင်း၊ ခရိုင် စတာတွေမှာ နိုင်ငံတော်က တာဝန်ပေးအပ်ထားတဲ့ အုပ်ချုပ်ကွပ်ကဲမှုပေးနေကြတဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေရဲ့ အနီးကပ်ကြီးကြပ်မှုကလည်း အလွန်အရေးပါလှပါတယ်။

အမိနိုင်ငံတော်ကြီး အလျင်အမြန် ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နိုင်ကြရအောင်လိုအပ်တဲ့ အသေးစား၊ အငယ်စား၊ အလတ်စား၊ အကြီးစားစက်မှုလက်မှုလုပ်ငန်း၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းစတာတွေနဲ့ ဖွံ့ဖြိုးတိုးတက်ရေး၊ အထွေထွေလုပ်ငန်းအားလုံးအတွက်ပါမကျန် တည်ငြိမ်ပြည့်ဝတဲ့ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်စက်ရုံတွေ တည်ဆောက်ပေးခြင်းနဲ့ ရေအားလျှပ်စစ်စက်ရုံ၊ သဘာဝဓာတ်ငွေ့သုံးစက်ရုံတွေကိုလည်း နိုင်ငံတော်အစိုးရက အလေးထားတည်ဆောက်ပေးနေပြီဖြစ်ကြောင်းကို ရုပ်သံနဲ့ သတင်းမီဒီယာတွေမှာဖတ်ရလို့ အားရှိရပါတယ်။

အဓိကအခြေခံလိုအပ်ချက်တွေ ဖြည့်ဆည်းနေဆဲမှာ တိုင်းရင်းသားမျိုးနွယ်စုအားလုံးက အမိနိုင်ငံတော်ကြီး အလျင်အမြန်ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်အသီးသီးကို လျင်မြန်စွာ အကောင်အထည်ဖော်နိုင်ဖို့ ပါဝင်ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ တိုင်းရင်းသားမျိုးနွယ်စုအားလုံးက စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေးနဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်တွေကို အရှိန်အဟုန်နဲ့ ဖော်ဆောင်နိုင်မယ့် တိုင်းပြုပြည်ပြုအစိုးရသစ် ရွေးချယ်ဖို့ ဆန္ဒမဲပေးနိုင်သူပြည်ထောင်စုဖွားတိုင်းရင်းသားညီအစ်ကို မောင်နှမတွေဖြစ်ကြတဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း ဆိုတဲ့ မျိုးနွယ်စုဝင်အားလုံးက တစ်ခဲနက်ပါဝင်ကာ ရွေးချယ်တင်မြှောက်ပေးကြရပါမယ်။

တိုင်းရင်သားမျိုးနွယ်စုများရဲ့ ကြီးမားတဲ့စွမ်းပကား

ခေတ်သစ်ပြည်ထောင်စုကြီးကို အစပြုတည်ဆောက်နေတဲ့ကာလ၊ ကြီးမားတဲ့နိုင်ငံကြီး တစ်ခုလုံးအတွက် မဖြစ်မနေလိုအပ်တဲ့ အခြေခံအဆောက်အအုံတွေကို အလေးထားဦးစားပေးတည်ဆောက်ပေးနေရချိန်မှာ ငွေကြေးချမ်းသာတဲ့ တိုင်းရင်းသားလုပ်ငန်းရှင်ကြီးတွေကလည်း တစ်ဖက်တစ်လမ်းကနေ မိမိတို့ကျွမ်းကျင်တဲ့ လုပ်ငန်းအတွေ့အကြုံတွေနဲ့ ကိုက်ညီတဲ့ လုပ်ငန်းကြီးတွေမှာ ပါဝင်အားဖြည့်ကူကြစေလိုပါတယ်။ တိုင်းရင်းသားမျိုးနွယ်စုတွေအားလုံးရဲ့ ငြိမ်းချမ်းအေးချမ်းသာယာတဲ့ ခေတ်သစ်ပြည်ထောင်စုကြီးကို တိုင်းရင်းသားညီအစ်ကိုတွေက စည်းလုံးညီညွတ်စွာ ကြီးမားတဲ့စုစည်းအင်အားနဲ့ အလျင်အမြန်တည်ဆောက်ကြပြီး ကမ္ဘာမှာမြန်မာလို့ ဝင့်ကြွားထည်ဝါစွာ ရပ်တည်နိုင်အောင် ဝိုင်းဝန်းကြိုးပမ်းပေးကြစေလိုပါတယ်။

ပြည်ထောင်စုဖွားတိုင်းရင်းသား ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စတဲ့ မျိုးနွယ်စုတွေအားလုံးရဲ့ ဗလငါးတန်ပြည့်ဝတဲ့ လူငယ်တွေအားလုံးက စည်းလုံးညီညွတ်စွာ လက်ချိတ်တွဲလို့ ခေတ်မီဖွံ့ဖြိုးတိုးတက်ငြိမ်းချမ်းသာယာတဲ့ ခေတ်သစ်စနစ်သစ်နိုင်ငံတော်ကြီးကို တည်ဆောက်ကြဖို့ အဓိဋ္ဌာန်ပြုကာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ ကျရောက်လာတော့မယ့် (၇၇) ကြိမ်မြောက် လွတ်လပ်ရေးနေ့ကို ဦးညွှတ်ဂုဏ်ပြုကြိုဆိုလိုက်ကြပါစို့။ ။

Source: www.moi.gov.mm

သိပ္ပံနည်းပညာအင်ဂျင်နီယာ (ထွန်း)၊ ၁၉၉၂ ခုနှစ်၊ စက်မှုစီးပွားထူးချွန်ဆုရှင်

CBMs ဆိုတာဘာလဲ?

ယုံကြည်မှုတည်ဆောက်ခြင်းလုပ်ငန်းစဉ်များ (Confidence Building Measures -CBMs) ဆိုသည်မှာ ယုံကြည်မှုတည်ဆောက်ရန်အတွက် ပဋိပက္ခဖြစ်ရသည့် မူလအကြောင်းရင်းများကို အထူးအလေးပေး စဉ်းစားမနေတော့ဘဲ ပဋိပက္ခဖြစ်နေကြသည့် အဖွဲ့အစည်းများအချင်းချင်း ညှိနှိုင်းဆွေးနွေးပြီး ရရှိလာသည့် သဘောတူညီချက်များကို အကောင်အထည်ဖော်ဆောင်ရွက်သည့် လုပ်ငန်းစဉ်တစ်ခုပင်ဖြစ်သည်။ 

ဘာကြောင့် CBMs ကို အသုံးပြုကြတာလဲ?

CBMs ကို ယုံကြည်မှုတည်ဆောက်ရန်အတွက် ရည်ရွယ်ပြီး လုပ်ဆောင်ကြခြင်းပင် ဖြစ်သည်။ ယုံကြည်မှုဆိုသည်မှာ စိတ်ပိုင်းဆိုင်ရာဖြစ်စဉ်တစ်ခုဖြစ်ပြီး ထိုဖြစ်စဉ်အတွင်း CBMs လုပ်ဆောင်ကြသူ များသည် ၎င်းတို့ကိုယ်တိုင် ထိခိုက်နိုင်သော်လည်း တွဲဖက်လုပ်ဆောင်ကြမည့်သူများထံမှ စိတ်ကောင်း စေတနာမှန်နှင့် အပြုသဘောဆောင်သော အပြုအမူများအပေါ် မျှော်လင့်ပြီး လုပ်ဆောင်ရန် အသင့်ဖြစ် နေကြသည်။

CBMs အသုံးပြုရခြင်း ရည်ရွယ်ချက်

CBMs ကို အောက်ပါ ရည်ရွယ်ချက် ၃ ခု ဖြင့် အသုံးပြုကြသည်-

  • မြင့်တက်လာသည့် ထိပ်တိုက်တွေ့မှုများကို ကာကွယ်ရန်။

  • စေ့စပ်ညှိနှိုင်းမှုများ စတင်ရန်နှင့် ပိုမိုထိရောက်သော ဆွေးနွေးပွဲများ ဖြစ်လာစေရန်။

  • လုပ်ငန်းစဉ်နှင့် ၎င်း၏ရလဒ်များကို စုစည်းရန်။

CBMs တွင် မည်သူပါဝင်သင့်သနည်း။

CBMs တွင် အောက်ပါအတိုင်း လူတန်းစား (၃) မျိုး ပါဝင်နိုင်သည်-

  • စေ့စပ်ညှိနှိုင်းသူများ၊ 

  • ဆုံးဖြတ်ချက်ချမှတ်သူများနှင့်

  • သက်ဆိုင်ရာကဏ္ဍအသီးသီးမှ ကိုယ်စားလှယ်များ 

CBM အမျိုးအစားများ

CBMs ကို နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေးနှင့် လူမှုရေးကဏ္ဍများတွင် ဆက်စပ် ပတ်သက်နေသော အမျိုးအစားများအဖြစ် ခွဲခြားနိုင်သည်။

  • နိုင်ငံရေးနှင့်ဆိုင်သော CBMs

  • လုံခြုံရေးကဏ္ဍရှိ CBMs

  • စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ CBMs

  • လူမှုရေး၊ လူသားချင်းစာနာမှုနှင့် ယဉ်ကျေးမှုနှင့်ဆိုင်သောCBMs

CBMs ကို မည်သည့်အချိန်တွင် အသုံးပြုသင့်သနည်း။

          အောက်ပါ အချိန်အခါမျိုးတွင် CBMs ကို အသုံးပြုသင့်ပါသည်-

  • ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မစတင်မီနှင့် အကြိုညှိနှိုင်းမှုများ ပြုလုပ်နေစဉ် ကာလ အတွင်း

  • ညှိနှိုင်းဆွေးနွေးပွဲများပြုလုပ်နေစဉ်ကာလအတွင်း

  • အကောင်အထည်ဖော်နေစဉ်ကာလအတွင်း

CBMs ကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ အဆင့်အားလုံးတွင် အသုံးပြုနိုင်သော်လည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲများမတိုင်မီ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်နေစဉ်ကာလအတွင်း သို့မဟုတ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများအပြီးတွင် အသုံးပြုပါက ၎င်းတို့၏ သဘောသဘာဝနှင့် လုပ်ဆောင်ချက်များမှာ ပြောင်းလဲ သွားမည်ဖြစ်သည်။

စိန်ခေါ်မှုများ (Challenges)

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် CBMs အသုံးပြုလျှင် အောက်ပါစိန်ခေါ်မှု (Challenge) ၅ ခုကို ထည့်သွင်းစဉ်းစားရန် လိုအပ်ပါသည်-

(၁)     “ယုံကြည်မှုမရှိခြင်း”က အဓိကပြဿနာမဟုတ်သည့် အခြေအနေမျိုးတွင်  CBMs အသုံးပြု ခြင်းကို ရှောင်ကြဉ်ပါ။

(၂)      CBMs ကို အချိန်ဆွဲရန် သို့မဟုတ် တစ်ခုခုကို ဖုံးကွယ်ရန်အတွက် နည်းဗျူဟာအဖြစ် အသုံးပြုခြင်းမှ ရှောင်ကြဉ်ပါ။

(၃)     စစ်မှန်သောစေ့စပ်ညှိနှိုင်းမှုများမှ အာရုံလွှဲစေနိုင်လောက်သည်အထိ "လွန်စွာအောင်မြင်သော" CBMs ကို သတိထားပါ။

(၄)     တစ်ဖက်သတ်ဖြစ်နေသော၊ အချိုးမညီဖြစ်နေသော၊ "အတုအယောင်" ဖြစ်နိုင်သည့် CBMs ကို သတိထားစောင့်ကြည့်ပါ။

(၅)     လက်တွေ့မကျသည့်၊ ပဟေဠိဆန်သည့်၊ အတည်မပြုနိုင်သည့် CBMs နှင့် အကောင်အထည် မဖော်နိုင်သော CBMs ကို ရှောင်ကြဉ်ပါ။

CBMs အတွက် လမ်းညွှန်ချက် ၁၀ ချက်

(၁)     အံဝင်ခွင်ကျဖြစ်ခြင်း (Tailor-made) ။ CBMs သည် ဖြစ်စဉ်များနှင့် ကိုက်ညီရမည်ဖြစ်ပြီး တောင်းဆိုမှုလွန်ကဲခြင်း သို့မဟုတ် ရှုပ်ထွေးလွန်းခြင်းမျိုး မဖြစ်သင့်ပေ။ CBMs အများစု သည် ရည်မှန်းချက်ကြီးလွန်းသောကြောင့် ကျရှုံးကြရသည်။ ထို့အပြင် CBMs ၏ ရည်ရွယ်ချက် ကိုလည်း ရှင်းရှင်းလင်းလင်း ဖော်ပြသင့်ပါသည်။

(၂)      ရိုးရှင်းခြင်း (Simple) ။  CBMs ပြုလုပ်မည့် အဖွဲ့အစည်းများအနေဖြင့် CBMs သည် ရိုးရှင်း သည်ဟု ထင်မြင်သင့်ပါသည်။ အစောပိုင်းတွင်ပင် ရှုပ်ထွေးမှုများကို ကိုင်တွယ်ဖြေရှင်း ခြင်းဖြင့် မယုံကြည်မှုကို ဖြစ်ပေါ်စေနိုင်သောကြောင့် အထူးသဖြင့် အစောပိုင်းတွင် ရိုးရှင်းသော CBMs များဖြင့် ဆောင်ရွက်ခြင်းက ပိုမိုကောင်းမွန်ပါသည်။ CBMs သည် ကြာရှည်သော ညှိနှိုင်းဆွေးနွေးမှုများ ဆီသို့ ဦးတည်မသွားသင့်ပါ။

(၃)     မြင်နိုင်စွမ်းရှိခြင်း (Visible) ။ CBMs လုပ်ဆောင်ရခြင်း၏ ရည်ရွယ်ချက်များသည် သတ်မှတ် ရည်ရွယ်ထားသည့် ပရိသတ်များ (ပဋိပက္ခပါတီများနှင့် ၎င်းတို့၏ မဲဆန္ဒနယ်များ)အကြားတွင် ရှင်းလင်းထင်ရှားသော မြင်နိုင်စွမ်း ရှိသင့်ပါသည်။

(၄)     အတည်ပြုပေးနိုင်ခြင်း (Verifiable) ။ CBMs သည် ထိန်းချုပ်ရန် သို့မဟုတ် စောင့်ကြည့်ရန် လွယ်ကူသင့်သည်။ အကောင်အထည်ဖော်မှု မရှိခြင်းသည် ကြီးမားသည့် ယုံမှားသံသယကို ဖြစ်ပေါ်စေသဖြင့် စိစစ်ရေးယန္တရားများ အပေါ်တွင် ရှင်းလင်းပြတ်သားမှုသည် မရှိမဖြစ် လိုအပ်ပါသည်။

(၅)     တကယ်လို့သာမဖြစ်ရင် ဘာလုပ်မလဲဆိုသည့်အခြေအနေမျိုးအတွက် ရှင်းရှင်းလင်းလင်း ရှိခြင်း (Clear about “what if” scenarios) ။ CBMs လုပ်ဆောင်ရာတွင် သဘောတူညီချက် များကို ချိုးဖောက်ပါက မည်သို့ဖြစ်မည် စသည်တို့ကို ရှင်းရှင်းလင်းလင်း ရှိရပါမည်။ ထိုသို့ ရှင်းရှင်းလင်းလင်း မရှိပါက CBMs သည် ထိရောက်မှု မရှိနိုင်ပါ။

(၆)     လုပ်ငန်းစဉ်တစ်ခုနှင့် ချိတ်ဆက်မှုရှိခြင်း (Linked to a process) ။ CBMs လုပ်ခြင်းသည် အဆုံးသတ်လုပ်ငန်းစဉ်တစ်ခုမဟုတ်ဘဲ ရှေ့ဆက်လုပ်ရမည့် အခြားလုပ်ငန်းအတွက် နည်းလမ်း တစ်ခုဖြစ်ရမည်။ CBMs သည် နောက်ထပ် CBMs သို့မဟုတ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ရှေ့သို့ တွန်းပို့နိုင်သည့် ပိုမိုခိုင်မာသော စေ့စပ်ညှိနှိုင်းမှုများနှင့် ချိတ်ဆက်သင့်သည်။

(၇)     ကဏ္ဍများစွာတွင် အသုံးပြုခြင်း (Applied in several sectors)။ CBMs သည် ကဏ္ဍ တစ်ခုတည်းအပေါ်တွင်သာ အာရုံစိုက်အလေးပေးပြီး လုပ်ဆောင်ခြင်းမျိုး မပြုသင့်ပေ (ဥပမာ - စစ်ရေးဆိုင်ရာကဏ္ဍ)။ ဖြစ်နိုင်ပါက ၎င်းတို့အား နိုင်ငံရေး၊ လုံခြုံရေး၊ လူမှုရေးနှင့် စီးပွားရေးကဏ္ဍများ၊ ထိရှလွယ်သည့် ယဉ်ကျေးမှုဆိုင်ရာကဏ္ဍများတွင်လည်း လုပ်ဆောင် သင့်ပါသည်။ 

(၈)     ကုန်ကျစရိတ်သက်သာခြင်း (Low-cost) ။ CBMs လုပ်ငန်းစဉ်များသည် လွယ်ကူရမည် ဖြစ်ပြီး ငွေကြေးအကုန်အကျ မများသင့်ပေ။ ထိုသို့မဟုတ်ဘဲ ကုန်ကျစရိတ် ကြီးမားပါက ၎င်းတို့ကို အကောင်အထည်ဖော်ရန် အခက်အခဲ၊ အတားအဆီးဖြစ်နေပေလိမ့်မည်။ 

(၉)     အနာဂတ်အတွက် ကြိုတင်သတ်မှတ်မထားခြင်း (Not predetermine the future) ။ CBMs လုပ်ခြင်းဖြင့် ယုံကြည်မှုတည်ဆောက်သင့်သော်လည်း စေ့စပ်ညှိနှိုင်းရေးလုပ်ငန်းစဉ် ၏ အနာဂတ်ခြေလှမ်းများကို ကြိုတင်ဆုံးဖြတ်ခြင်းမျိုးမပြုလုပ်သင့်ပေ။ စေ့စပ်ညှိနှိုင်းရေး နယ်ပယ်ကို ကန့်သတ်ခြင်းမျိုး မပြုလုပ်သင့်ပေ။

(၁၀)   တူညီသောအကျိုးသက်ရောက်မှုရှိခြင်း (Have equal impact) ။ CBMs ပြုလုပ်သည့် နှစ်ဖက်အဖွဲ့အစည်းအပေါ်တွင် အဆင့်ရှိပြီး တူညီသည့် အကျိုးသက်ရောက်မှုရှိရမည်။ တစ်ဖက်အဖွဲ့၏  လုပ်ငန်းဆောင်ရွက်မှုများကိုသာ တောင်းဆိုနေလျှင် နှစ်ဖက်အဖွဲ့အကြား ယုံကြည်မှု တည်ဆောက်နိုင်မည် မဟုတ်ပေ။ 

ယုံကြည်မှုတည်ဆောက်ခြင်းလုပ်ငန်းစဉ်များ (Confidence Building Measures) သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် လုပ်ဆောင်ရန် လိုအပ်ပြီး လှေကားထစ်တက်သကဲ့သို့ တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းကာ ရရှိထားသော ယုံကြည်မှုကို ခိုင်မာအောင် တည်ဆောက်ပြီး ယုံကြည်မှု ဆက်လက်တိုးပွားအောင် ဆောင်ရွက်သွားရန် လိုအပ်ပါသည်။

Reference: Simon J.A. Mason “Confidence Building Measures (CBMs) in Peace Processes

NSPD

၁။       ပြည်ထောင်စုစနစ်ကို အင်္ဂလိပ်ဘာသာဖြင့် “Federal System”  သို့မဟုတ် “Federalism” ဟုခေါ်ဆို သည်။ “Federal System” သို့မဟုတ် “Federalism” ဟူသော စကားလုံးကို ၁၆ ရာစု နောက်ပိုင်းတွင် ဥရောပတိုက်၌ အချုပ်အခြာအာဏာပိုင်သည့် နိုင်ငံတော်များ (Sovereign States) ပေါ်ထွန်းခဲ့ပြီးမှသာ စတင် သုံးစွဲခဲ့သော ခေတ်သစ်နိုင်ငံရေး ဝေါဟာရစကားလုံးပင် ဖြစ်ပါသည်။

၂။       Federal ဟူသော စကားလုံးသည် လက်တင်ဘာသာစကားဖြစ်သည့် “Foedus” မှ ဆင်းသက်လာခြင်း ဖြစ်ပြီး အဓိပ္ပါယ်မှာ သဘောတူခြင်း၊ အပြန်အလှန် ညှိနှိုင်းအပေးအယူပြု ဆောင်ရွက်ခြင်း၊ နှစ်ဦးနှစ်ဘက် ကောင်းကျိုးအတွက် ပဋိညာဉ်ပြု ဆောင်ရွက်ခြင်း၊ နှစ်ဦးနှစ်ဘက် သဘောတူညီချက်များ ပြုလုပ်ထားရှိခြင်း တို့ဖြစ်သည်။

၃။       ခေတ်သစ်နိုင်ငံရေးပညာရှင်များက ဖက်ဒရယ်ပြည်ထောင်စုစနစ် လက်တွေ့ကျင့်သုံးမှု နှင့်စပ်လျဉ်း၍ “ဖက်ဒရယ်ပြည်ထောင်စုစနစ်ဆိုသည်မှာ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် အမျိုးသားစွမ်းအားကို အခိုင် အမာတည်ဆောက်နိုင်ရန်အတွက် ပြည်ထောင်စု(ဗဟို)အစိုးရနှင့် ပြည်နယ်အစိုးရတို့အကြား  ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ နိုင်ငံရေးအာဏာ ခွဲဝေကျင့်သုံးသောစနစ်” ဖြစ်ကြောင်း ဖော်ပြထားပါသည်။

၄။       ဖက်ဒရယ်စနစ်ကို မတူညီသော ဒီဂရီအမျိုးမျိုးဖြင့် ကျင့်သုံးနေကြသော်လည်း၊ “အဓိကကျသည့် အချက်မှာ အာဏာခွဲဝေမှု နှင့် ကိုယ်ပိုင်အုပ်ချုပ်ရေး ကျင့်သုံးမှု” ဖြစ်သည်။

(က)    အာဏာခွဲဝေမှု ဆိုသည်မှာ အုပ်ချုပ်ရေးအာဏာကို ခွဲဝေကျင့်သုံးခြင်းဖြစ်သည်။ နိုင်ငံ တစ်ခုလုံးကို အုပ်ချုပ်သည့် ဗဟိုအစိုးရအာဏာနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များ တွင် အုပ်ချုပ်သည့် အစိုးရတို့အကြား အာဏာမည်သို့ခွဲဝေထားသနည်း ဆိုခြင်းပင်ဖြစ် သည်။ တချို့သောနိုင်ငံများတွင် နှစ်ဆင့်မက သုံးဆင့်မျှ ခွဲဝေထားသည်လည်းရှိသည်။

(၁)     အုပ်ချုပ်ရေး

(၂)      ဥပ‌ဒေပြု‌ရေး      

(၃)     တရားစီရင်ရေး

(ခ)    ကိုယ်ပိုင်အုပ်ချုပ်ရေး ဆိုသည်မှာကား အဆိုပါခွဲဝေထားသော အာဏာများကို မိမိတို့ဒေသ အတွက် အကောင်းဆုံးဟု ယုံကြည်ယူဆသည့်အတိုင်း လွတ်လပ်စွာ ဆုံးဖြတ်ချက်ချ၊ လုပ်ပိုင်ခွင့်ရှိရေးပင်ဖြစ်သည်။ နိုင်ငံတစ်ခုလုံး၏ အစိတ်အပိုင်း ဖြစ်သည်ကို သိရှိနားလည် ရမည်ဖြစ်ပြီး၊ တစ်နိုင်ငံလုံးနှင့်ဆိုင်သည့် ဥပဒေများကို ရိုသေလိုက်နာရန် လိုအပ်မည် ဖြစ်သည်။

၅။       နိုင်ငံရေးသုတေသီများက ဖက်ဒရယ်စနစ် ကျင့်သုံးလာရခြင်း အခြေခံအချက် (၆) ချက် ရှိကြောင်း ဆိုသည်။

(က)    အုပ်ချုပ်မှုလွယ်ကူစေရန်၊

(ခ)    ပြည်ပခြိမ်းခြောက်မှုရန်ကို ကာကွယ်ရန်၊

(ဂ)    ပြည်တွင်းပဋိပက္ခများကို ဖြေရှင်းရန်၊

          (ဃ)    စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်၊

(င)    တိုင်းရင်းသားလူမျိုးများ၏ မတူကွဲပြားမှုကို အသိအမှတ်ပြု ထိန်းသိမ်းရန်။

(စ)    လူများစုနည်းတူ လူနည်းစုက ဒီမိုကရေစီအခွင့်အရေးများ ခံစားနိုင်စေရန်စသည့်အကြောင်း များကြောင့် ဖြစ်လေ့ရှိသည်။

၆။       ဖက်ဒရယ်စနစ်တွင် ပေါင်းစည်းမှုစနစ် (၂) မျိုး ရှိပါသည်။ နိုင်ငံသားတို့လိုက်နာရန် ဥပဒေများကို ဗဟိုအဆင့်ကသော်လည်းကောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့်ကသော်လည်းကောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေက ခွဲဝေသတ်မှတ်ထားသည့်အတိုင်း ပြဌာန်းအုပ်ချုပ်လေ့ရှိသည်။ နိုင်ငံတစ်နိုင်ငံတွင် ဖက်ဒရယ်စနစ် စတင်ဖြစ်တည်လာပုံ သို့မဟုတ် အာဏာများမည်သို့ ခွဲဝေထားပုံကိုကြည့်၍ အတူတကွယှဉ်တွဲ နေထိုင်ရေး ဖက်ဒရယ်စနစ်           (Coming together federalism)၊ အတူပေါင်းစည်းရေး ဖက်ဒရယ်စနစ် (Holding together federalism) ဟူ၍ နှစ်မျိုးနှစ်စား ခွဲခြားနိုင်သည်။

(က)    အတူတကွယှဉ်တွဲနေထိုင်ရေး ဖက်ဒရယ်ပုံစံ (Coming together federal) မှာ မူလက လွတ်လပ်စွာတည်ရှိခဲ့သော နိုင်ငံများ (သို့မဟုတ်) ယူနစ်များက စိတ်တူကိုယ်တူဖြင့် တစ်နိုင်ငံတည်းအဖြစ် ပေါင်းစည်းကြရန် ရည်ရွယ်ပြီး ဗဟိုအစိုးရ တစ်ရပ်ကိုဖန်တီးကာ အာဏာမည်မျှအပ်နှင်းမည်နည်းဆိုသည့် သမိုင်းဆိုင်ရာ အခြေခံမှပေါ်ပေါက်လာသည့် ပုံစံ ဖြစ်ပါသည်၊ အထင်ရှာဆုံး သာဓကမှာ အမေရိကန်ပြည်ထောင်စုဖြစ်ပြီး ဆွစ်ဇာလန်နှင့် ဩစတြေးလျနိုင်ငံတို့လည်း ပါဝင်သည်။

(ခ)    အတူပေါင်းစည်းရေး ဖက်ဒရယ်ပုံစံ (Holding together) မှာ မူလဗဟိုက တစ်စုတစ်စည်းထဲ ချုပ်ကိုင်ထားသော တစ်ပြည်ထောင်နိုင်ငံရေးစနစ်မှ လိုအပ်ချက်များအရ အာဏာများကို ဗဟိုနှင့် အောက်အဆင့်များ ခွဲဝေကျင့်သုံးသည့်ပုံစံဖြစ်သည်။

၇။      ပြည်နယ်များ၏ နယ်နိမိတ်သတ်မှတ်ရာတွင် ကျင့်သုံးသောပုံစံ (၂)မျိုးရှိပြီး  ပြည်ထောင်စုအဖွဲ့ဝင် အဆင့်ဆင့်သတ်မှတ်ရာတွင် အောက်ပါစနစ် (၂) ရပ်အနက် မိမိနိုင်ငံနှင့် သင့်တော်မည့် စနစ်ကို အခြေခံ အသုံးပြုကြပါသည်-

(က)    ပထဝီအနေအထားကို အခြေခံ၍ သတ်မှတ်ခြင်း။ နယ်မြေဒေသကို အခြေခံ၍ ဖွဲ့စည်းသော စနစ်ဖြစ်သည့် အမေရိကန်ပြည်ထောင်စု၊ ဂျာမနီ၊ ဩစတြေးလျ၊ ဘရာဇီးလ်စသည့် ပြည်ထောင်စု နိုင်ငံများတွင် ပါဝင်ဖွဲ့စည်းသော ယူနစ်များမှာ လူမျိုးအမည်များကို အခြေမခံဘဲ နေထိုင်ကြ သည့် နယ်မြေဒေသများကိုသာ အခြေခံ သည်။ 

(ခ)    လူမျိုးရေးကို အခြေခံ၍ သတ်မှတ်ခြင်း။ လူမျိုးအခြေခံ၍ဖွဲ့စည်းသော ဖက်ဒရယ် ပြည်ထောင်စု စနစ်မှာ ယခုအခါ ပြိုကွဲသွားပြီးဖြစ်သော ဆိုဗီယက်ယူနီယံ၊ ယူဂိုဆလားဗီးယား၊ ချက်ကို ဆလိုဗက်ကီးယားနှင့် ဘယ်လ်ဂျီယမ် စသည်တို့ဖြစ်သည်။

၈။      ဖက်ဒရယ်စနစ်ကို နိုင်ငံ‌ပေါင်း ၁၉၃ နိုင်ငံအနက် ၂၅ နိုင်ငံမှ ကျင့်သုံးလျက်ရှိပါသည်။ ပြည်ထောင်စု စနစ် တစ်နည်းအားဖြင့် ဖက်ဒရယ်စနစ်ဆိုသည်မှာ မတူညီကွဲပြားနေသည့် တိုင်းဒေသကြီးများ၊ ပြည်နယ် များ၊ လူမျိုးများ၊ လူမျိုးစုများကို စုစည်းရာ၌ အချုပ်အခြာအာဏာကို ခွဲဝေကျင့်သုံးသည့် အယူအဆ သဘောတရားတစ်ရပ်ဖြစ်သည်။ ဖက်ဒရယ်စနစ်ကို တစ်သမတ်တည်း ပုံသေမှတ်ယူ၍ မရပါ။ ကမ္ဘာပေါ်ရှိ ဖက်ဒရယ်စနစ် ကျင့်သုံးသောနိုင်ငံများ၏ ဖက်ဒရယ်စနစ်ကျင့်သုံးမှုမှာလည်း တစ်နိုင်ငံနှင့်တစ်နိုင်ငံ မတူညီကြဘဲ နိုင်ငံ၏ကွဲပြားခြားနားသော ပထဝီဒေသ၊ လူမျိုးဘာသာများအပေါ် အခြေခံပြီး ကျင့်သုံးပုံ အမျိုးမျိုးရှိကြောင်း တွေ့ရှိရသည်။

၉။       ပြည်ထောင်စု(ဖက်ဒရယ်)စနစ် ကျင့်သုံးသည့် နိုင်ငံတော်ဆိုရာတွင် ကွဲပြားခြားနားစွာ တည်ရှိ နေသော ပထဝီအနေအထား၊ ယဉ်ကျေးမှုဓလေ့ထုံးစံ၊ ဘာသာစကား၊ စာပေ၊ သမိုင်းကြောင်း စသည့် အမျိုးသားရေးစရိုက်လက္ခဏာများအရ တိုင်းရင်းသားလူမျိုးများ၏ နယ်မြေဒေသများကို ပြည်ထောင်စုဝင် ပြည်နယ်များအဖြစ် စုစည်းသတ်မှတ်ကာ ၎င်းတို့အားလုံး၏ တူညီသောအကျိုးစီးပွားအတွက် စနစ်တကျ ဖွဲ့စည်းထားသည့် နိုင်ငံတော်၏ ဖွဲ့စည်းမှုပုံစံတစ်ရပ်ပင်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။

 

မှီငြမ်း။ NSPD

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဦးစီးဌာန

ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုသည် ဆက်စပ်မှုရှိနေပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံ၏ စီးပွားရေးအားကောင်းခြင်းနှင့်လည်း ဆက်စပ်မှုရှိနေပါတယ်။ ငြိမ်းချမ်း‌မှုမရှိသည့်အခါ နိုင်ငံ့စီးပွားရေး အခြေခံအဆောက်အအုံ (Infra- structure)များ တည်‌ဆောက်ရာတွင် အခက်အခဲများ ရှိနေပြန်ပါတယ်။ ဒါ့ကြောင့် ပဋိပက္ခဖြေရှင်းရေးနှင့် ဖွံ့ဖြိုး‌တိုးတက်ရေးကို တစ်ပြိုင်တည်း အကောင်အထည်ဖော်နိုင်မည့် မော်ဒယ်မျိုးရှိရမှာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးတွေ့ဆုံညှိနှိုင်းမှု ရသလောက်ပြုလုပ်ပြီး အပစ်အခတ် ရပ်စဲမှုကို ဖြစ်နိုင်သမျှဖြစ်အောင် လုပ်သော်လည်း တစ်ခါတစ်ရံ အသိပညာမဲ့၊ ကိုယ်ကျိုးစီးပွား ဦးစားပေး၊ လက်နက်အားကိုး၊ ပုဂ္ဂိုလ်စွဲဝါဒစွဲဖြင့် ပဋိပက္ခဖော်ဆောင်သူများကြောင့် ငြိမ်းချမ်းရေးကို လက်နက်ကိုင် တိုက်ပွဲများဖြင့် ရယူလိုက်ရတာလည်း ရှိနိုင်ပါတယ်။ “တိုက်ရင်းစည်းရုံး၊ စည်းရုံးရင်းတိုက်”မှ ရရှိလာသော ရလဒ်ဖြင့် ပဋိပက္ခငြိမ်းချမ်းသွားသော ဒေသများတွင် အခြေအနေပေးသမျှ အခွင့်အလမ်းများမှတစ်ဆင့် ပြည်သူလူထု အကျိုးစီးပွားကို တိုက်ရိုက်ဖော်ဆောင်ရမှာ ဖြစ်ပါတယ်။

ပဋိပက္ခများ၏ အရင်းခံ

ပဋိပက္ခတွေဆိုတာက ပါဝင်ပတ်သက်သူတွေရဲ့ ရည်မှန်းချက်၊ ယုံကြည်ချက်၊ ခံယူချက်၊ တန်ဖိုး ထားမှုတွေနဲ့ပတ်သက်လို့ အခြေအနေတစ်ခုမှာဖြစ်ပွားတဲ့ အငြင်းပွားမှုတွေဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေရဲ့ အရင်းခံအကြောင်းတွေဟာ နိုင်ငံရေးသဘောထား ကွဲလွဲမှုတွေအပေါ်မှာ အခြေခံ ခဲ့တယ်လို့ ယေဘုယျပြောနိုင်ပါတယ်။ ဒါပေမယ့် လက်တွေ့မှာက နိုင်ငံရေးအရင်းခံ အကြောင်းတရားတစ်ခု တည်း မဟုတ်ပါဘူး။ နိုင်ငံရေးရဲ့ နောက်ကွယ်က အတ္တတွေ၊ ကိုယ်ကျိုးစီးပွားတွေ၊ အာဃာတတွေနဲ့ မယုံကြည်မှုတွေပါဝင်နေပြီး အဲဒါတွေက ပဋိပက္ခတွေကို အမြစ်ပွားစေခဲ့ပါတယ်။ ဒါ့အပြင် အင်အားကြီး နိုင်ငံတွေဟာ သူတို့ကိုယ်ကျိုးစီးပွားအတွက် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊ သံတမန်ရေးနည်းလမ်းတွေနဲ့ အင်အားနည်းတဲ့ နိုင်ငံတွေကို အသုံးချကြပါတယ်။ နိုင်ငံငယ်တွေအတွက် အကျိုးနည်းနည်း၊ သူတို့အတွက် အကျိုးများများ လုပ်ဆောင်ကြပါတယ်။ အင်အားကြီး နိုင်ငံအချင်းချင်း အားပြိုင်ရာမှာလည်း နိုင်ငံငယ် တွေဟာ ကြားခံစစ်နယ်မြေအဖြစ် အသုံးချခံနေကြရပါတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ တန်းတူညီမျှမှု၊ တရားမျှတမှု၊ နိုင်ငံတကာဆက်ဆံရေးစတဲ့ ရှုထောင့်အသီးသီးကနေ သူ့ဘက် ကိုယ့်ဘက် အခြေအနေတွေကို အပြန်အလှန် မျှတစွာရှုမြင်မှသာ ပြဿနာတွေရဲ့ အဖြစ်မှန်နဲ့ ဇာစ်မြစ်ကို ကိုင်တွယ်ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။

ငြိမ်းချမ်းစွာ ပဋိပက္ခဖြေရှင်းသည့် ယဉ်ကျေးမှုအားနည်း

မြန်မာနိုင်ငံမှာ နိုင်ငံရေးသဘောထား ကွဲလွဲတဲ့အခါတိုင်းလည်း လက်နက်ကိုင်ဖြေရှင်းခဲ့ကြပါတယ်။ လက်ရှိမှာဆိုရင် ပဋိပက္ခတွေဟာ ပြည်တွင်းရေးအဆင့်ကို ကျော်လွန်ပြီး ပြည်ပရဲ့ စွက်ဖက်ကြိုးကိုင်တာ တွေကို ရင်ဆိုင်နေရပါတယ်။ ပြည်ပရဲ့ စွက်ဖက်မှုတွေကြောင့် အကျပ်အတည်းတွေဟာ ပိုနက်နဲလာပြီး နိုင်ငံ၏အချုပ်အခြာအာဏာ၊ နယ်မြေ၊ စည်းလုံးညီညွတ်မှုတွေမှာ ကြီးမားတဲ့အန္တရာယ်တွေဖြစ်လာနေပါ တယ်။ ဒီဆိုးကျိုးတွေကို အမြစ်ဖြတ်ဖို့ဆိုရင် ပြဿနာရဲ့ဇာစ်မြစ်ကို နားလည်လက်ခံပြီး ငြိမ်းငြိမ်းချမ်းချမ်း ညှိနှိုင်းဖြေရှင်းကြဖို့လိုပါတယ်။

တိုင်းပြည်အတွက် ကြီးမားတဲ့အန္တရာယ်

ယနေ့ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ လက်နက်ကိုင်တိုက်ခိုက်မှုတွေဟာ နိုင်ငံ၏ အချုပ်အခြာအာဏာနဲ့ နယ်မြေတွေအတွက် ကြီးမားတဲ့အန္တရာယ်တွေ ဖြစ်ပါတယ်။ ယခင်ကတော့ နိုင်ငံရေးသဘောထား ကွဲလွဲ မှုတွေကြောင့်ဖြစ်တဲ့ လက်နက်ကိုင်ပဋိပက္ခတွေဟာ ပြည်တွင်းရေးသက်သက်ပါပဲ။ အခုတော့ အဲဒီပဋိပက္ခ အခြေအနေဟာ ပြည်တွင်းရေးအဆင့်ကို ကျော်လွန်ပြီး တိုင်းပြည်အတွက် ကြီးမားတဲ့အန္တရာယ်အဖြစ် တွေ့နေရပါတယ်။ ဒီတော့ ကိုယ့်ပြည်တွင်းရေး ပြဿနာတွေကို ပြေလည်အောင် မဖြေရှင်းနိုင်သရွေ့ ပြည်တွင်း၊ ပြည်ပ ခြိမ်းခြောက်ခံရမှုတွေက တိုင်းပြည်အနာဂတ်အတွက် စိုးရိမ်စရာအဖြစ် ရှိနေဦးမှာပါ။ နိုင်ငံရေးနဲ့ပတ်သက်ပြီး အချင်းချင်းကာလရှည်ကြာ စိတ်ဝမ်းကွဲတဲ့အတွက် အမျိုးသားရင်ကြားစေ့ရေးနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်မှု တည်ဆောက်ရေးဟာ အခက်အခဲတွေ ရှိနေဆဲပါ။ ဒါကြောင့် နိုင်ငံ တည်ဆောက်ရေးအတွက် အဓိကလိုအပ်ချက်ကို ပြပါဆိုရင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုပဲ ညွှန်ပြ ရမှာဖြစ်ပါတယ်။ မြန်မာ့သမိုင်းမှာ နိုင်ငံ့အင်အား လျော့နည်းခဲ့တဲ့အတွက် သူတစ်ပါးရဲ့ သိမ်းပိုက်မှုကို ခံခဲ့ရပြီးပါပြီ။ အဲဒီအတိတ်သမိုင်းဟာ ကြီးမားတဲ့သင်ခန်းစာ ဖြစ်ပါတယ်။ ဒါကြောင့် ထိရောက်တဲ့ရလဒ် ရရှိဖို့အတွက် ကြိုးစားအားထုတ်မှု၊ ပေးဆပ်မှု၊ အရည်အချင်း၊ ခေါင်းဆောင်နိုင်မှု၊ စိတ်ရှည်သည်းခံမှု၊ စိတ်ရင်းစေတနာတွေ လိုအပ်ပါတယ်။ 

ပြည်တွင်းအင်အား တည်ဆောက်ဖို့အတွက် ဦးစွာပြည်တွင်းအင်အားကို လျော့ကျစေတဲ့ ပဋိပက္ခ တွေကို ငြိမ်းချမ်းစွာဖြေရှင်းဖို့နဲ့ လျှော့ချဖို့လိုပါတယ်။ ဖြေရှင်းရာမှာလည်း ပြဿနာတွေဟာ ကွင်းဆက်ပမာ ဆက်နွယ်နေတဲ့အတွက် ဟန်ချက်ညီညီ ဖြေရှင်းဖို့လိုပါတယ်။ ပဋိပက္ခတွေ မပြေလည်ဘဲနဲ့ အမျိုးသား ရင်ကြားစေ့ရေး မတည်ဆောက်နိုင်သလို အမျိုးသားရင်ကြားစေ့ရေးမရှိဘဲနဲ့ ငြိမ်းချမ်းရေးရဖို့ ခက်ခဲ ပါတယ်။ ငြိမ်းချမ်းမှုမရှိဘဲနဲ့ နိုင်ငံတည်ဆောက်ဖို့ဆိုတာ မလွယ်ကူပါဘူး။ ဒါကြောင့် ပြဿနာရဲ့ မူလအရင်းခံ အကြောင်းတရားတွေကို ဖြေရှင်းဖို့အတွက် သက်ဆိုင်သူတွေအားလုံး ညှိနှိုင်းဆွေးနွေးကြဖို့လိုပါတယ်။ မြန်မာနိုင်ငံရဲ့ ပဋိပက္ခတွေကို အမာနည်းနဲ့ ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းခဲ့ကြလို့ ရှိပြီးသားပြဿနာတွေ မပြေ လည်တဲ့အပြင် ပြဿနာအသစ်တွေနဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ ငြိမ်းချမ်းစွာနဲ့ မျှတစွာမဖြေရှင်းနိုင်ခြင်းက ပဋိပက္ခတွေကို ပိုပြီးကြာရှည်စေခဲ့ပါတယ်။ နောက်ပြီး ပြဿနာတစ်ရပ် ဖြေရှင်း ရာမှာ ကိုယ်ဖြစ်ချင်တာ တစ်ခုတည်းကိုပဲ ဇွတ်မှိတ်ရပ်တည် နေခြင်းကလည်း အပြုသဘောရလဒ်တွေနဲ့ ဝေးကွာစေခဲ့ပါတယ်။ ဒီတော့ သူ့ဘက်ကိုယ့်ဘက် ပြည်သူလူထုဘက်ဆိုတဲ့ သုံးဖက်မြင်ကြည့်ဖို့ လိုအပ် ပါတယ်။

ဖွံ့ဖြိုးတိုးတက်ရေးဆီ

ပဋိပက္ခများချုပ်ငြိမ်းသည်နှင့် ထိုငြိမ်းချမ်းသောဒေသများမှာ ဒေသခံပြည်သူများ၏ စီးပွားရေး လုပ်ငန်းများ ချက်ချင်းအကောင်အထည်ဖော်ရန် စတင်နိုင်ပါတယ်။ တစ်ပိုင်တစ်နိုင်မှသည် ပို၍ကြီးမားသော စီးပွား‌ရေးအခင်းအကျင်းများအထိ လုပ်နိုင်အောင် ရှေးရှုအားထည့်ရပါမည်။ ငြိမ်းချမ်းပြီးသောဒေသများမှာ ငြိမ်ချမ်းရေးကို လုံခြုံရေး၊ ကာကွယ်ရေး အစီအမံများဖြင့် ခိုင်မာအောင်လုပ်ပြီး စီးပွားရေးအခြေခံ အဆောက်အအုံများကို တည်ဆောက်ရပါမည်။ စီးပွားရေးလုပ်ငန်းများ  တစ်ပိုင်တစ်နိုင်စတင်ရန် ပညာနှင့် နည်းပညာ၏ကဏ္ဍကိုလည်း လိုအပ်သလို အားကိုးရပါမည်။ ထိုအခါ ဒေသခံများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ထွက်ပေါ်လာမှာဖြစ်ပါတယ်။ ပုံမှန်လုပ်ကိုင် စားသောက်ဖို့ လုံခြုံမှုရှိလာခြင်းက ထွက်ပြေး တိမ်းရှောင်နေရသူများအတွက် အင်အားတစ်ခုဖြစ်လာပြီး လက်နက်ကိုင်ထားသူ လက်နက်စွန့်ချင် စိတ်များပေါ်လာမှာဖြစ်ပါတယ်။ ငြိမ်းချမ်းခြင်းက အေးမြမှုကိုပေးစွမ်းကြောင်း တိုက်ပွဲမရှိငြိမ်းချမ်းသော‌ ဒေသများမှ ငြိမ်းချမ်းရေးအသီးအပွင့် ခံစားရသူများက သက်သေခံနေပါတယ်။

ငြိမ်းချမ်းပြီးသည့် ဒေသတစ်ခုမှာ ရန်သူမလွှမ်းမိုးအောင်၊ ရန်သူလာမတိုက်နိုင်အောင် စည်းရုံးရေး အခြေခံသည့် ပြည်သူ့လုံခြုံရေးစနစ်ပါသော ကာကွယ်ရေးအစီအမံများကို ခိုင်မာသည်ထက်ခိုင်မာအောင် တည်ဆောက်နေရမှာဖြစ်ပါတယ်။ ဒီမိုကရေစီကိုသွားမည်ဆိုလျှင် မျိုးချစ်စိတ်ရှိသည့်ပါတီများ၊ အမျိုးသား ရေးတည်ဆောက်မည့် ပါတီများဖြစ်ရန်အတွက် နိုင်ငံသားကောင်းပီသပြီး အောက်ခြေခိုင်သည့် စည်းရုံးရေး မှူးများကို အခြေခံမှသာ ပို၍ဖြစ်နိုင်မည်ဟု ယုံကြည်ပါတယ်။ ငြိမ်းချမ်းရေး ကွက်ကွက်လေး ရသမျှ‌လေးမှာ ပြန်လည်ထူထောင်ရေးအမြင်ဖြင့် ကိုယ်ချင်းစာမှုအပြည့်ဖြင့် ဦးဆောင်မှုပေးနိုင်လျှင် ထိုဒေသရှိပြည်သူ များ၏ လူနေမှုဘဝလေးများ အထိုက်အလျောက် တိုးတက်လာမှာ သေချာပါတယ်။ ဦးဆောင်သူများ၏ စေတနာ အပြည့်ဖြင့် ကူညီလုပ်ကိုင်ပေးမှုများအပေါ် ပဋိပက္ခဖြစ်ပွားရာဒေသခံများ၏ ယုံကြည်လေးစားမှု သည် နိုင်ငံတော်အစိုးရနှင့် တပ်မတော်အပေါ် အပြုသဘောများစွာပါသော သက်ရောက်မှုကို ပေးစွမ်းမှာ ဖြစ်ပါတယ်။

လက်တွေ့လည်းကျ ထိရောက်မှုလည်းရှိဖို့ လိုအပ်

ထို့အပြင် အပြန်အလှန်ယုံကြည်မှုမှတစ်ဆင့် အပြန်အလှန်နားလည်မှု ရရှိလာခြင်းသည် ငြိမ်းချမ်းရေး နှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်ပင်အဖိုးတန်လှပါတယ်။ ငြိမ်းချမ်းပြီး ဒေသတစ်ခု၏ ဖွံ့ဖြိုးတိုးတက်မှု ကို အခြားမငြိမ်းချမ်းသောဒေသများက လက်နက်ကိုင်များ၊ ပြည်သူများက မြင်ရကြားရသည့်အခါ ငြိမ်းချမ်းမှုကို လိုချင်မည်သာဖြစ်ပါတယ်။ အဖျက်သမားမှလွဲ၍ မငြိမ်းချမ်းသောဒေသမှ လက်နက်ကိုင်တွေ၊ ပြည်သူတွေကို ငြိမ်းချမ်းခြင်း၏အရသာ ဘယ်လိုရှိသလဲ မြင်အောင်၊ ကြားအောင် လုပ်နိုင်စွမ်းရှိရမှာ ဖြစ် ပါတယ်။ ဒါ့အပြင် လှုံ့ဆော်နိုင်စွမ်း၊ မျှဝေနိုင်စွမ်း ရှိရမှာဖြစ်သလို၊ လုပ်သမျှလက်တွေ့ပါ၍ လက်တွေ့ လည်းကျ ထိရောက်မှုလည်းရှိဖို့ လိုအပ်မှာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးမရဘဲနှင့်လည်း စီးပွားရေးလုပ်လို့ မရဟု ယေဘုယျဆိုသော်လည်း ငြိမ်းချမ်းရေး ဒီနေ့ရ၊ ဒီနေ့ပဲ စီးပွားရေးကိုစလုပ်ဖို့ စဉ်းစားတာကလည်း သဘာဝကျပါတယ်။ နေထိုင်ဖို့နေရာထက် အာဟာရအတွက် ဝမ်းရေးကပိုအရေးကြီးသည် မဟုတ်ပါလား။ နိုင်ငံရေးကြောင့် စစ်ဖြစ်ရသလို စီးပွားရေးကြောင့်လည်း စစ်ဖြစ်ရသည့်အတွက် စီးပွားရေးပြေလည်လျှင် စစ်ကိုခဏ မေ့ထားလို့ရပါတယ်။ နောက်ဆက်တွဲအခက်အခဲနှင့် စိန်ခေါ်မှုများက ဖြေရှင်းရမှာ တသီကြီးဆို‌ သော်လည်း နောက်ကျသည်ဆိုသည်မှာ မရှိပါ။ ပဋိပက္ခဖြစ်ပွားမှုပုံစံ၊ ပါဝင်ပတ်သက်သူများနှင့် ပါဝင်သည့် လက်နက်ကိုင်အဖွဲ့များ၊ ပြည်ပမှ ပါဝင်ပတ်သက်မှု အားလုံးထည့်သွင်း စဉ်းစားရမှာ ဖြစ်ပါတယ်။ ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းထားနိုင်ခြင်းနှင့်အတူ နယ်မြေဒေသခံများ၏ အကျိုးစီးပွား၊ ဒေသခံများ၏ အကျိုးကို လိုလားလက်ခံသည့် လက်နက်ကိုင်အဖွဲ့များ၏ အကျိုးစီးပွားနှင့် တရားမဝင်စီးပွားရေးများမှာ သာယာနေသည့် လက်နက်ကိုင်သူပုန်များ၏ အကျိုးစီးပွားခြားနားချက်၊ အစိုးရယန္တရားများ  အမြန်ပြန်လည် လည်ပတ်နိုင်မည့်အခြေအနေနှင့် တရားဥပဒေစိုးမိုးမှုနှင့် လုံခြုံရေးကိစ္စများပါ အားလုံးထည့်တွက်ရမှာ ဖြစ်ပါတယ်။

ထို့ကြောင့် စိန်ခေါ်မှုနှင့် အခက်အခဲများဟူသည် ချက်ချင်းဖြေရှင်း၍ ရနိုင်မည်မဟုတ်ဘဲ အချိန်ယူ စည်းရုံး၍ များစွာပညာပေးရန် လိုအပ်နေမှာဖြစ်ပါကြောင်းနှင့် ဖြေလျှော့ပေးမှုများ လုပ်ကိုင်နိုင်မည့် အခွင့်အလမ်းနှင့် မက်လုံးပေးမှု များစွာလိုအပ်‌ကြောင်း တွေ့ရပါတယ်။ ပျက်စီးသွားသည့် လမ်းတံတား စသည့် အခြေခံအဆောက်အအုံတွေကို ပြန်လည်တည်ဆောက်ရန်သည် ဦးစားပေး ပြန်လည်ထူထောင် ရမည့် လုပ်ငန်းများဖြစ်ပြီး ဒေသခံများနှင့် ပြန်လာသည့် ရွှေ့ပြောင်းစစ်ရှောင်များ၏ ကျန်းမာ‌ရေးနှင့် ပျက်စီး သွားသည့်နေအိမ်များ ပြန်လည်တည်ဆောက်ရေးသည်လည်း အရေးကြီးကိစ္စရပ်ဖြစ်ပါတယ်။ ရေရှည် ပဋိပက္ခများနှင့် နပန်းလုံးနေရသည့် အခြေအနေအောက်မှာ မည်မျှပြင်းထန်နေပါစေ၊ ငြိမ်းချမ်းရေးလမ်းစ တစ်ခုသည် မမျှော်လင့်ဘဲ ရှိလာနိုင်ပါတယ်။ အပစ်အခတ်ရပ်စဲထားသည့် အခြေအနေလည်း ဖြစ်နိုင်သလို မည်သည့်အခြေအနေမျိုး ဖြစ်လာပါစေ အခွင့်အရေးကို မိမိရရအသုံးချနိုင်ရန် လိုပါတယ်။ တည်ငြိမ်ရေးကို လုံခြုံရေးဖြင့်ထိန်းထားပြီး တစ်ဖက်က ရသမျှ၊ ပေးသမျှဖြင့် အခြေအနေကောင်းများ ဖန်တီးနိုင်ရန် လိုပါ တယ်။ စီးပွားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းကို ချက်ချင်းစလုပ်ရန် လိုပါတယ်။ အမှန်တကယ်တွင် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ၏ သားကောင်ဖြစ်ရသူများသည် အပြစ်မဲ့ပြည်သူများသာ ဖြစ်ပါတယ်။ ထို့ကြောင့် ရေတိုအောင်မြင်မှုလေးများသည် ဒေသခံများအတွက် အကျိုးစီးပွားဖြစ်စေသလို ကျန်ရှိသည့် မငြိမ်းချမ်းသောဒေသများရှိ လက်နက်ကိုင်များအတွက်လည်း အတုယူစရာတစ်ခု ဖြစ်လာနိုင်ပါတယ်။ ဒါတင်မကဘဲ ကိုယ့်လူမျိုးအချင်းချင်း ကရုဏာတရားဖြင့် ကူညီစောင့်ရှောက်တတ်သည့် ပြည်တွင်းအလှူ ဒါနရှင်များအတွက်လည်း ရေရာသေချာသည့် အနာဂတ်လုပ်ငန်းစဉ်များအပေါ် ယုံကြည်မှုရှိလာပြီး လူမှုစီးပွား အခြေခံအဆောက်အအုံများ ပြန်လည်တည်ဆောက်ရာမှာ တတ်အားသမျှ ပါဝင်လာနိုင်မည်ဟု ယူဆပါတယ်။ ရေတိုအောင်မြင်မှုများ ဖန်တီး၍ ပြည်သူနှင့် ကျန်လက်နက်ကိုင်အဖွဲ့များကို ရသလောက် ဆွဲဆောင်စည်းရုံးနိုင်မှာဖြစ်ပြီး ရေရှည်ဖွံ့ဖြိုးမှုကိုပါ တစ်ပါတည်း တည်ဆောက်သွားမှသာ ထိုမှတစ်ဆင့် ‘ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး’ကို အခိုင်အမာရရှိလာမည်ဟု ယုံကြည်ပါကြောင်း ရေးသား တင်ပြလိုက်ရပါတယ်။   ။

 

မှီငြမ်း

၁။       ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင် PAN Website ၏ ဆောင်းပါးကဏ္ဍ၌ ဖော်ပြထားသော ‘ပဋိပက္ခနှင့် ဖွံ့ဖြိုးရေးဆက်စပ်မှုမှသည် ထာဝရငြိမ်းချမ်းရေးဆီ’

၂။      ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင် PAN Website ၏ ဆောင်းပါးကဏ္ဍ၌ ဖော်ပြထားသော ‘ငြိမ်းချမ်းစွာ ပဋိပက္ခဖြေရှင်းရေး’

 

ရဲရင့်

အရင်တုန်းက ကျောင်းစာပေဟောပြောပွဲမှာလူငယ်တွေ ကျောင်းသားလေးတွေကို မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း ပြောပြခဲ့ဖူးပါတယ်။‌ အဓိကက ဆေးလိပ်သောက်တာ လုံးဝရှောင်သင့် တယ်ဆိုတာပါ။ ဆေးလိပ်သောက်ရင် လူ့သက်တမ်းတိုစေတယ်၊ ကင်ဆာရောဂါတွေဖြစ်စေတယ် စတဲ့ဆိုးကျိုးတွေပဲ ရနိုင်တယ်။ ဆေးလိပ်သောက်တဲ့ အကျင့်ကို လုံးဝအစမလုပ်ပါနဲ့၊ ငြင်းပယ်သင့်တယ်ဆိုတာကို ကျောင်းသားအရွယ်လူငယ်တွေကို အကြိမ်ကြိမ်ပြောခဲ့တယ်။ အတန်းလစ်ပြီး ကျောင်းပြင်ပမှာ ဆေးလိပ်စီးကရက်လေး လက်ကြားညှပ်ပြီး စတိုင်ထုတ်ကြတဲ့ကလေးတွေ ဆေးလိပ်ရဲ့ဆိုးကျိုးကို သိသွားတယ်။ သိလို့ရှောင်သွားကြတယ်။

အခုလက်ရှိမှာက ကျောင်းသားအရွယ် လူငယ်လေးတွေရော ကျောင်းပြင်ပရောက် လူငယ်လူရွယ်လေးတွေရဲ့ စတိုင်ထုတ်ပုံပြောင်းသွားကြပါတယ်။ လက်ကြားမှာ စီးကရက်လေးနဲ့ဆိုတာ မဟုတ်တော့ပါဘူး။ လည်ပင်းကြိုးဆွဲလေးနဲ့ သေးသွယ်လှပတဲ့ Vape pen လေးက အစားထိုးနေရာယူနေပါပြီ။ အရောင်မျိုးစုံ၊ ပုံစံအမျိုးမျိုးတွေနဲ့လာတဲ့ Vape Device လေးတွေက သူတို့လေးတွေအတွက် သပ်ရပ်ကြော့မော့ smart ဖြစ်နေတာလည်းပါပါတယ်။

မှားယွင်းစွာယုံကြည်နေ

 ဒါ့အပြင် အနံ့အရသာမျိုးစုံနဲ့ ဆွဲဆောင်ထားတဲ့အတွက် အခုနောက်ပိုင်းမှာ သုံးစွဲသူလူငယ်တွေ ကျောင်းသားတွေ သိသိသာသာတိုးပွားလာပါတယ်။ လူငယ်တွေဟာ ပုံမှန်ဆေးလိပ်စီးကရက်ထက် Vape ကို ပိုပြီးနှစ်သက်လာကြတယ်။ အကြောင်းကတော့ Vape ဟာ ဆေးလိပ်ထက် ပိုပြီးအန္တရာယ်နည်းတယ်လို့ မှားယွင်းစွာယုံကြည်နေကြလို့ပဲ ဖြစ်ပါတယ်။‌ ကျောင်းသားလူငယ်သားတို့ သမီးတို့ Vape ဆိုတာကို မသိသေးတာလည်းပါပါတယ်။ အမှန်တကယ်က Vape ရဲ့အန္တရာယ်ဟာ ကြီးမားပါတယ်။ ဆေးလိပ်ထက်တောင် အန္တရာယ်ရှိတဲ့ Vape သုံးစွဲမှုရဲ့ ဆိုးကျိုးတွေကများလွန်းပါတယ်။ အန္တရာယ်ရှိတယ်၊ ဆိုးကျိုးတွေလည်းများတဲ့အ‌ကြောင်းကို ပြောပြရပါမယ်။ ရှင်းပြရပါ‌တော့မယ်။ ကျောင်းသား အရွယ်လူငယ်လေးတွေ အမှန်သိရှိပြီး ရှောင်ရှားနိုင်စေဖို့ ဖြစ်ပါတယ်။

Vape လုပ်တယ်ဆိုတာ အီးစီးကရက်က ထွက်တဲ့အငွေ့တွေကို ရှူရှိုက်တာကို ခေါ်ပါတယ်။

Vaping ဆိုတာက အီးစီးကရက်နဲ့ Vape pen အစရှိတဲ့ လက်ကိုင်ကိရိယာတစ်ခုခုထဲကို ဓာတုရည် (e-liquid) ထည့်ပြီး အပူပေးလိုက်တယ်။ အပူပေးလို့ ရလာတဲ့အငွေ့ကို ရှူရှိုက်တာဖြစ်ပါတယ်။

 စီးကရက်ဆေးလိပ်သောက်တာဟာ ဆေးရွက်ကြီး (tobacco)ကို မီးရှို့ပြီးရတဲ့ အငွေ့ကို ရှူရှိုက်တာပါ။ vaping ကတော့ e-liquid အငွေ့ကို ရှူသွင်းတာဖြစ်တယ်။ အီးစီးကရက် (Electronic Cigarette)တို့ ၊ Vape pen တို့ ဆိုတာက e-liquid အရည်ကိုအပူပေးပြီး ရှူရှိုက်သွင်းဖို့ အသုံးပြုတဲ့ ကိရိယာတစ်ခုဖြစ်တယ်။ E-liquid ကို E-cigarette Vape pen ထဲထည့်ပြီး အငွေ့ရှူကြတယ်။

E-liquid မှာ ရေငွေ့၊ အရသာရှိစေတဲ့အရာ (Flavoring)၊ စွဲလမ်းတတ်တာအပြင် ကျန်းမာရေးအတွက် အန္တရာယ်ရှိတဲ့ နီကိုတင်းဓာတ် (Nicotine)နဲ့ အငွေ့အဖြစ် ပြောင်းလဲဖို့သုံးတဲ့ Propylene glycol glycerin (အလှဆီ)တို့ ပါဝင်ပါတယ်။

ဓာတုပစ္စည်း ၄၀၀၀ ကျော်ပါဝင်

အီးစီးကရက်နဲ့ Vape pen တွေကထွက်တဲ့ အငွေ့တွေမှာ လူကိုအန္တရာယ်ပေးစေတဲ့ ဓာတုပစ္စည်းပေါင်း ၄၀၀၀ ကျော်ပါဝင်ပြီး ကင်ဆာဖြစ်စေတဲ့ ပစ္စည်း ၄၀ ကျော် ပါဝင်နေပါတယ်။ အဲဒီဓာတ်ပစ္စည်းတွေက နှလုံးနဲ့ သွေးလှည့်ပတ်မှုကို ထိခိုက်စေပါတယ်၊ အဆုတ်ကို ထိခိုက်စေတယ်၊ သွားနှင့်ခံတွင်းကိုလည်း ပျက်စီးစေတဲ့အပြင် ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေပါတယ်။

အဲဒီဓာတုပစ္စည်းတွေကို မီးနဲ့အပူပေးလိုက်တဲ့ အခါမှာ ဓာတ်ပြုကြပြီး Formaldehyde တွေ ထွက်လာပါတယ်။ ထွက်လာတဲ့အထဲကတချို့ဟာ အဆိပ်အတောက်ဖြစ်စေပြီး ကင်ဆာရောဂါအထိ ဖြစ်စေနိုင်ပါတယ်။

အီးစီးကရက်နဲ့ Vape pen တွေမှာပါတဲ့ နီကိုတင်းဟာ သာမန်ဆေးလိပ်မှာပါဝင်တဲ့ နီကိုတင်းထက် ပိုမိုသန့်စင်အောင်ပြုလုပ်ပြီး ထုတ်ထားတာ ဖြစ်ပါတယ်။ နီကိုတင်းပါဝင်မှုပိုများတာ ကြောင့် Vape ရှူလိုက်ရင် ခန္ဓာကိုယ်အသက်ရှူလမ်း‌ကြောင်းထဲဝင်သွားတဲ့ နီကိုတင်းပမာဏဟာ သာမန်ဆေးလိပ်တစ်လိပ်ကို ရှူလိုက်လို့ဝင်လာတဲ့ ပမာဏထက်ပိုများတာသေချာနေပါတယ်။ ဒါကြောင့် သွေးတိုးရောဂါ၊ နှလုံးသွေးကြောကျဉ်း ရောဂါ‌တွေဖြစ်စေတဲ့အပြင် လေဖြတ်တာ၊ ခြေလက်တွေ သွေးကြောပိတ်ပြီး ပုပ်တာ၊ ဦးနှောက်နဲ့ အာရုံကြောတွေ ထိခိုက်တာ၊ ဆီးချိုသွေးချိုဖြစ်တာ၊ ဟော်မုန်းတွေပုံမှန်မဖြစ်တော့တာ၊ အရိုးတွေပွတာ၊ ကြွက်သားတွေနာကျင်တာနဲ့ အသက်တိုစေတာ စတဲ့နီကိုတင်းကြောင့် ဖြစ်ရတဲ့ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးတွေကို ခံစားရမှာဖြစ်တယ်။

နီကိုတင်းအပြင် အနံ့အရသာမျိုးစုံပါနေတယ်။ အဲဒါတွေကိုလည်း ဓာတုပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့အတွက် ခန္ဓာကိုယ်တစ်ခုလုံးကို ဓာတ်တိုးစေပြီး(oxidation) အသားအ‌ရေရောင်ရမ်းတာ (inflammation) ဖူးရောင်တာတွေဖြစ်စေတယ်။ အာခေါင်ခြောက်တာ၊ ချောင်းဆိုးတာကစလို့ အသက်ရှူလမ်းကြောင်းကိုလည်း ထိခိုက်ပျက်စီးစေပါတယ်။

အကြိမ် ၃၅၀ အထိ ရှူရှိုက်နိုင်

Vaping တစ်ခါတစ်ရှိုက်ရှူလိုက်ရုံနဲ့ နှလုံးခုန်နှုန်းတက်လာတယ်။ သွေးပေါင်အနည်းငယ်တက်တယ်။ ဒါဟာ တစ်ကြိမ်တစ်ခါပဲ ရှိပါသေးတယ်။ ဆေးလိပ်တစ်လိပ်ကို ၇-၈ ကြိမ်လောက် ရှူလိုက်လျှင် ကုန်ဆုံးသွားနိုင်ပေမယ့် အီးစီးကရက်တစ်လိပ် Vape pen တစ်ခုက Vaping အကြိမ် ၃၅၀ အထိ ရှူရှိုက်နိုင်ပါတယ်။

အကြိမ်ရေများလေလေ ရောဂါတွေရဖို့များလေလေဖြစ်တယ်။ ရှူရှိုက်တဲ့အကြိမ်များလာရင် သုံးစွဲတဲ့ကာလကြာလာရင် နှလုံးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတိုးရောဂါတွေအပြင် လေဖြတ်ရောဂါတွေဖြစ်ဖို့ ရာခိုင်နှုန်းများပါတယ်။

ဓာတုပစ္စည်းတွေ မီးရှို့ရာကထွက်လာတာကို ရှူရှိုက်လိုက်တာဖြစ်လို့ အဆုတ်ကိုထိခိုက်စေပါတယ်။ “Diacetyl” က အဆိုးဆုံးပါပဲ။ အဆုတ်ကို တိုက်ရိုက်ဖျက်ဆီးပါတယ်။ ဓာတ်မှန်ရိုက်ကြည့်မှ အဆုတ်မှာ အဖြူရောင်အလုံးတွေ တွေ့ရလေ့ရှိပါတယ်။ လေပြွန်တွေရောင်ရမ်းပြီး အဆုတ်မှာ ပြန်မကောင်းနိုင်တော့တဲ့ ပေါက်ပေါက်ဆုပ်လို အမာရွတ်တွေ (Popcorn Lung) ဖြစ်တတ်ပါတယ်။ ကြောက်စရာအကောင်းဆုံး အနေအထားလို့တောင် ပြောနိုင်တယ်။

Vape ကြောင့် အဆုတ်ထိခိုက်ပြီး အသက်ဆုံးရှုံးခဲ့ရတဲ့သူတွေလည်း ရှိခဲ့တယ်ဆိုတာကို မှတ်တမ်းတွေမှာ တွေ့ရတယ်။ အခုလိုအန္တရာယ် တွေများလွန်းနေလို့ အိန္ဒိယ၊ ဂျပန်၊ စင်ကာပူ၊ ဟောင်ကောင်နဲ့ မက္ကဆီကို အစရှိတဲ့ နိုင်ငံတွေမှာ Vape သုံးစွဲတာ၊ အီးစီးကရက်သောက်သုံးတာကို ပြင်းထန်စွာ တားမြစ်ကန့်သတ်ထားပါတယ်။ ကျန်တဲ့ကမ္ဘာတစ်ဝန်းက နိုင်ငံတွေမှာလည်း တားမြစ်မှုလုပ်ဆောင်ဖို့အစီအစဉ်တွေချမှတ်ကာ ကြိုးပမ်း‌ဆောင်ရွက်လျက်ရှိပါတယ်။

Vape ကနေထွက်တဲ့ ရေငွေ့ကို ရှူရှိုက်ကြတာဖြစ်တယ်၊ မီးခိုးငွေ့မဟုတ်လို့ အန္တရာယ်မဖြစ်ပါဘူးလို့ အထင်မှားနေကြတယ်။ ဆေးလိပ်လုံးဝမသောက်ဖူးတဲ့ လူငယ်တွေက အီးစီးကရက်ကို အန္တရာယ်ကင်းတယ်ထင်ပြီး သုံးနေကြတယ်။ Vaping ဆိုတာက ဆေးလိပ်သောက်တာနဲ့ အတူတူပါပဲ။ အဆုတ်ကို အန္တရာယ်ပေးနိုင်တယ်ဆိုတာ သိဖို့လိုပါတယ်။ နားလည်ဖို့အရေးကြီးပါတယ်။ စီးကရက်သောက်တဲ့သူ မှုတ်ထုတ်လိုက်တဲ့ အငွေ့တွေကို ရှူလိုက်ရတဲ့သူ ဆေးလိပ်မသောက်ဘဲနဲ့ ဆေးလိပ်သောက်တဲ့သူနဲ့တန်းတူ ရောဂါရစေပါတယ်။ ဒီလိုပါပဲ Vape ရှိုက်တဲ့သူတွေဆီက ထွက်လာတဲ့အငွေ့ကို ရှူမိတဲ့သူတွေဟာလည်း Vape ရှိုက်တဲ့သူတွေ နီးပါးလိုလိုကို အန္တရာယ်ဖြစ်စေပါတယ်။

စမ်းကြည့်ရင်းစွဲလမ်းသွား

အီးစီးကရက်ကို စထုတ်လုပ်ခဲ့တဲ့ ပထမဦးဆုံး ရည်ရွယ်ချက်က ဆေးလိပ်သောက်သူတွေ ဆေးလိပ်ဖြတ်ရာမှာ အစားထိုးအသုံးပြုနိုင်ဖို့ ထုတ်ခဲ့တာပါ။ တဖြည်းဖြည်းနဲ့ အခုဆိုရင်အီးစီးကရက်တို့၊ Vape pen တို့ဟာ လည်ပင်းစွဲပြီး Style ထုတ်ရင်း Vape သောက်နေကြတဲ့ ဆယ်ကျော်သက်တွေနဲ့ လူငယ်လူရွယ်တွေအတွက် ဖြစ်လို့နေပါပြီ။

အခု လူငယ်တွေနဲ့ လူလတ်ပိုင်းတွေကြားထဲမှာ အီးစီးကရက်၊ Vape pen သောက်တာဟာ ခေတ်စားလာတာကတော့ အမှန်ပဲဖြစ်နေပါတယ်။ ဆေးလိပ်လုံးဝမသောက်ဖူးတဲ့ လူငယ်တွေ‌ရော စီးကရက်သောက်နေဆဲ လူငယ်တွေကပါ အီးစီးကရက်ကို အန္တရာယ်ကင်းတယ်လို့ အထင်မှားပြီး သုံးနေကြလို့ သုံးစွဲတဲ့ လူငယ်တွေ များလာပါတယ်။ အမှန်ကသူ့မှာပါဝင်တဲ့ နီကိုတင်းဟာ စွဲလမ်းစေလို့ လူငယ်တွေကြားမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုလာတာဖြစ်တယ်။ အစလုပ်ကြည့် စမ်းကြည့်ရင်းနဲ့ Vaping လုပ်ရတာကို နှစ်သက်သဘောကျ စွဲလမ်းသွားရတာပါ။ ဒီလိုဖြစ်လာရင် အနာဂတ်မျိုးဆက်သစ်လူငယ်တွေအတွက် အင်မတန်မှ ရင်လေးစရာဖြစ်ပါတယ်။

အဲဒါကြောင့် ကျောင်းသားလူငယ်လေးတွေရော ကျောင်းပြင်ပရောက် လူငယ်လူရွယ်လေးတွေကို ပြောချင်တာက ဆေးလိပ်ဖြတ်ဖို့ Vape သောက်တာဖြစ်ဖြစ်၊ ခေတ်မီချင်လို့ Vape သောက်တာဖြစ်ဖြစ် ဘယ်လိုအကြောင်းကြောင်းကြောင့်ဖြစ်စေ Vape ဟာ မသောက်သင့်တဲ့အရာ ဖြစ်တယ်။ Vaping မလုပ်ကြပါနဲ့။ စီးကရက်ဆေးလိပ်တို့လိုပါပဲ ခပ်ဝေးဝေးကနေလုံးဝကို ရှောင်သင့်တဲ့အရာဖြစ်ပါတယ်။ အန္တရာယ်များလွန်းလို့ မသောက်ကြပါနဲ့လို့ အလေးအနက်တိုက်တွန်းပါရစေ။ ။

ကိုးကား။       ။ internet သတင်းများ၊ ကျန်းမာရေးဆောင်းပါးများ

Source: www.moi.gov.mm

ဝင်းထွဋ်ဦး

နိုင်ငံ၏ ပိုင်နက်နယ်နိမိတ်၊အချုပ်အခြာအာဏာနှင့်လွတ်လပ်ရေး တည်တံ့ခိုင်မြဲရေးအတွက် နိုင်ငံတိုင်းတွင် အင်အားတောင့်တင်းခိုင်မာ၍ ခေတ်မီသော တပ်မတော်တစ်ရပ် ရှိရန်လိုသည်။ မိမိတို့ နိုင်ငံ၏သမိုင်းတွင် နယ်ချဲ့တို့၏ ကျူးကျော်စစ်ကို သုံးကြိမ်တိုင်တိုင် အရေးနိမ့်ခဲ့ရပြီး တစ်မျိုးသားလုံး သူ့ကျွန်ဘဝရောက်ခဲ့ရခြင်းမှာ ခေတ်မီ၍တောင့်တင်းခိုင်မာသော ကာကွယ်ရေးအင်အား မရှိခဲ့ခြင်း ကြောင့်ဟူသည့် သမိုင်းသင်ခန်းစာကိုရရှိခဲ့ပြီးလည်းဖြစ်သည်။သို့ဖြစ်၍ လွတ်လပ်သည့်နိုင်ငံဘဝသို့ရောက်ရှိလာသည့်အခါ နိုင်ငံ၏ တစ်ခုတည်းသောတပ်မတော်ကို ခေတ်မီရေးနှင့်အင်အား တောင့်တင်း ခိုင်မာရေးတို့အတွက် ခေတ်အဆက်ဆက်တွင် မိမိတို့ပိုင်ဆိုင်သည့် အရင်းအမြစ်များဖြင့် တတ်စွမ်း နိုင်သမျှ တစိုက်မတ်မတ်တည်ဆောက်ခဲ့ကြသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စတင်အာဏာတည် စေခဲ့သည့် အချိန်မှစ၍ ဥပဒေနှင့်အကျုံးဝင်သော နိုင်ငံသားများအတွက် စစ်ပညာသင်ကြားရေး လှုပ်ရှားမှုများကို ရုပ်မြင်သံကြား၊ သတင်းစာများတွင် တွေ့ရှိရပါသည်။များစွာဝမ်းမြောက်ပီတိ ဖြစ်ရပါသည်။

ယခင်က တက္ကသိုလ်ကျောင်းသားများအတွက် တက္ကသိုလ်တပ်ရင်းများဖွဲ့စည်းရန် စစ်ပညာများ လေ့ကျင့် ယခုအခါ တက္ကသိုလ်ကျောင်းသားများသာမက တက္ကသိုလ်ကျောင်းသူများ၊ မိမိ၏စိတ် ဆန္ဒဖြင့် စစ်ပညာသင်ကြား၍ စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းလိုသော နိုင်ငံသားမျိုးချစ် လူငယ်များကိုပါ စနစ်တကျ သင်တန်းများဖွင့်လျက် စစ်ပညာသင်ကြားပေးနေပြီဖြစ်ပါသည်။ယခုအခါ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၆)၊ (၇) ကိုပင် တပ်မတော်လေ့ကျင့်ရေးသင်တန်းကျောင်း အသီးသီးတွင် ဖွင့်လှစ်နေပြီဟု ကြားသိရပါသည်။

တက္ကသိုလ်ကျောင်းသားများအား စစ်ပညာသင်ကြားပေးရာတွင် ကျွန်တော်တို့တက္ကသိုလ် အရန်တပ်ရင်းသို့ ဝင်ရောက်စဉ်ကာလနှင့် မတူသော ထူးခြားချက်များရှိကြောင်း တွေ့ရှိရပါသည်။ ယခုအခါ တက္ကသိုလ်လေ့ကျင့်ရေးတပ်များ တိုးချဲ့ဖွင့်လှစ်ပြီး သင်တန်းများကိုလည်း နှစ်မျိုးနှစ်စား ခွဲခြားလေ့ကျင့်ပေးကြောင်း၊ တက္ကသိုလ်လေ့ကျင့်ရေး တပ်အခြေခံသင်တန်း နှစ်နှစ်နှင့် တန်းမြင့် သင်တန်းနှစ်နှစ် ခွဲခြား၍ သင်ကြားပေးကြောင်း၊ အခြေခံသင်တန်းအောင်မြင်ပြီးမှ တန်းမြင့်သင်တန်း ဆက်တက်ရကြောင်း သိရှိရပါသည်။

ကျွန်တော်ကိုယ်တိုင်လည်း တက္ကသိုလ်အရန်တပ်ရင်းသို့ ၁၉၅၈ ခုနှစ်က ဝင်ရောက် သင်တန်းတက်ခဲ့သူဖြစ်ပါသည်။ (ယခုအရန်ကို ယခင်က အရံဟု စာလုံးပေါင်းကြောင်း သတိပြုမိ ပါသည်။) ၁၉၅၈ ခုနှစ် ဇွန်လတွင် ၁၉၅၈-၅၉ စာသင်နှစ်အတွက် သင်တန်း များဖွင့်ရာ စစ်ပညာသင်ကြားရန် စိတ်ဝင်စားသဖြင့် တက္ကသိုလ် အရန်တပ်ရင်းသို့ ဝင်ခဲ့ပါသည်။

ကျွန်တော်တို့ တက္ကသိုလ်ရောက်ချိန်က ကမာရွတ်ရှိ ပင်မတက္ကသိုလ်ကြီးတွင် ကျောင်းသားအဆောင်၊ စာသင်ခန်းများ မမျှတ၍ ဝိဇ္ဇာဘာသာရပ်သင်ကြားသူများအတွက် ကြည့်မြင်တိုင်(ဟုန်း)လမ်း (ယခုပန်းလှိုင်လမ်း)တွင် ထီးတန်းကောလိပ် ဖွင့်လှစ်ခဲ့ပြီး သိပ္ပံဘာသာကို သင်ကြားသူများအတွက် ရန်ကင်း (မြို့သစ်)တွင် ရန်ကင်းကောလိပ်ကို ဖွင့်လှစ် သင်ကြားခဲ့ပါသည်။ ကြည့်မြင်တိုင် ထီးတန်းတွင် ကျောင်းသားနေအဆောင်များ အလုံအလောက်မရှိ၍ အဆောင်နေ ကျောင်းသားအချို့မှာ ရန်ကင်းကောလိပ်အတွက် ဆောက်ထားသည့်အဆောင်များတွင် နေထိုင်ပြီး ကျောင်းကားဖြင့် ထီးတန်းသို့ လာရောက်သင်တန်းတက်ရပါသည်။

အမျိုးသမီး ကျောင်းသူများမှာ ကံကောင်းသဖြင့် ပင်မတက္ကသိုလ်ရှိ အမျိုးသမီးအဆောင် များတွင် နေရပြီး ထီးတန်းနှင့် ရန်ကင်း (ကောလိပ်) တို့သို့ ကျောင်းကားဖြင့် လာရောက်စာသင်ရ ပါသည်။ကျွန်တော်တို့ ထီးတန်းကောလိပ်တွင် မူလတိုက်တစ်လုံးကို အဆောင်လုပ်ထားသည့် တစ်ခုနှင့် မြေစိုက်သစ်သား ကြမ်းခင်း၊ ထရံကာ၊ သွပ်မိုး၊ အဆောင် ခြောက်ဆောင်ရှိပါသည်။ တစ်ဆောင်လျှင် ကျောင်းသား ၁၀ ဦးနေ အခန်းကြီး နှစ်ခန်းရှိပြီး (အေ/ဘီ) ခွဲ၍ လူ ၂ဝ အတွက် နေရာချထားပေးပါသည်။အဆောင်များအကြောင်း ကျွန်တော်စာရေးပြနေရခြင်းမှာ အဆောင်များမှ ကျောင်းသားများ တက္ကသိုလ်အရန်တပ်ရင်းသို့ ဝင်ရောက်ခြင်း၊ စစ်မှုထမ်းခြင်းအကြောင်းကို ဆက်ရေးရန်ရှိ၍ ဖြစ်ပါသည်။

ကျွန်တော်တို့ ထီးတန်းကောလိပ်မှာ အင်္ဂလိပ်အက္ခရာ “အီး” ပုံသဏ္ဌာန်အုတ်ညှပ်နှစ်ထပ် အဆောက်အအုံဖြစ်ပြီး အင်္ဂလိပ်စာ၊ မြန်မာစာအပြင် ဝိဇ္ဇာပညာ ရပ်များဖြစ်သော စိတ်ကြိုက်မြန်မာစာ၊ တက္ကဗေဒခေါ် လောဂျစ်၊ စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေး၊ မနုဿဗေဒ၊ သမိုင်း စသည့်ဘာသာရပ်များအပြင် ပြင်သစ်ဘာသာကိုပါ သင်ပေးပါသည်။ မယူမနေရ အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာအပြင် စိတ်ကြိုက်သုံးဘာသာယူကြရာ စိတ်ကြိုက်မြန်မာစာ၊ သမိုင်းနှင့် လောဂျစ်ဘာသာယူသူက အများဆုံးဖြစ်မည်ထင်ပါသည်။

ကျွန်တော်က နိုင်ငံခြားဘာသာ စိတ်ဝင်စားသဖြင့် သမိုင်း၊ လောဂျစ်နှင့် ပြင်သစ်ဘာသာ တွဲသင်ယူပါသည်။ ကျွန်တော့်အဆောင်က (၇/ဘီ) ဖြစ်၍ စာသင်တန်းများနှင့် အနီးဆုံးဖြစ်ပြီး အခန်းထဲမှ ၁၀ ဦးအနက် ငါးဦးက တက္ကသိုလ်အရန်တပ်ရင်းသို့ ဝင်ကြပါသည်။ လေးဦး တပ်မတော်သို့ဝင်ရောက် တာဝန်ထမ်းဆောင်ခဲ့ရာ နှစ်ဦးက ဗိုလ်မှူးရာထူးဖြင့် အငြိမ်းစားယူပြီး သက်ရှိထင်ရှားရှိပါသည်။

ကျန်နှစ်ဦးမှာ ဗိုလ်ကြီးအဆင့်ဖြင့် ကွယ်လွန်သွားကြပြီဖြစ်ပါသည်။ ထီးတန်းကောလိပ်၌ ပထမနှစ်သာနေ ရပြီး ဒုတိယနှစ်တွင် ကမာရွတ်ရှိ ပင်မတက္ကသိုလ်သို့ ပြောင်းရွှေ့ရ၍ စတွေ့ခဲ့သည့် သူငယ်ချင်းအများစု ကွဲကွာသွား ကြပါသည်။

ဖခင်ကြီးပြောဖူး၍ အမျိုးသားစစ်မှုထမ်းအစီအစဉ် (National Service) တစ်နေ့ပေါ်လာမည် ဆိုသည့်မှတ်ချက်ကို အလေးအနက်ထားပြီး အမျိုးသားစစ်မှုထမ်းဥပဒေအရ စစ်ရေးတာဝန် ထမ်းဆောင်ရချိန် အသင့်ဖြစ်ရန် တက္ကသိုလ်ရောက်ပြီးပြီးချင်း တက္ကသိုလ် အရန်တပ်ရင်းသို့ ဝင်ခြင်းဖြစ်ပါသည်။အခင်မင်ဆုံးသူငယ်ချင်း ကိုထွန်းအေးနှင့်တိုင်ပင်၍ ယူတီစီခေါ် တက္ကသိုလ် တပ်ရင်းသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်ပါသည်။

ကျွန်တော်တို့ နှစ်ဦးမှာ ထုတ်ပေးသည့် စစ်ဝတ်ပစ္စည်းများအပြင် ထိုစဉ်က သံဈေးတွင် အလွတ်ရောင်းသည့် စစ်ပစ္စည်းများ ဝယ်ယူသုံးစွဲခဲ့ပါသည်။သံပရာခွံဆိုက်ကက်နှင့် ဘယ်ရီကက် ဦးထုပ်များလည်းပါဝင်ခဲ့ပါသည်။အနော်ရထာလမ်းပေါ်တွင်ရှိသော လူထုမေတ္တာစတိုးမှ ပခုံးတံဆိပ်၊ လက်မောင်းတံဆိပ်များလည်း ဝယ်ယူအသုံးပြုကြပါသည်။ဝါသနာ၏စေစားရာ ထုတ်ပေးစစ်ပစ္စည်း အပြင် သပ်သပ်ရပ်ရပ်ဝတ်စားရသည်ကို ကျေနပ်နေမိပါသည်။

သမိုင်းကြောင်းအရ ၁၉၂ဝ ပြည့်နှစ်တွင် ရန်ကုန်တက္ကသိုလ်စတင်ပေါ်ပေါက်ပြီး တစ်နှစ်ခွဲ အကြာ ၁၉၂၂ ခုနှစ် ဇွန်လ တွင် တက္ကသိုလ်လေ့ကျင့်ရေး အရန်တပ်ရင်း (ယူတီစီ) (University Training Corps) ဖွင့်လှစ်ခဲ့ကြောင်း၊ ထိုစဉ်က ဗြိတိသျှတို့က ကိုလိုနီအဖြစ် သိမ်းပိုက်၍ ၎င်းတို့ အုပ်ချုပ်နေသော ကိုလိုနီတစ်ခု ဖြစ်သည့် အိန္ဒိယအောက်ထားရှိရာ ၁၉၂၂ ခုနှစ် ဇွန်လတွင်ပင် အိန္ဒိယနယ်မြေတပ်ဖွဲ့ ဥပဒေအရ အမှတ် (၆) မြန်မာပြည်တပ်ရင်း၊ တက္ကသိုလ်လေ့ကျင့်ရေး အရန် တပ်ဖွဲ့အဖြစ် စတင်ဖွဲ့စည်းခဲ့ကြောင်း သတင်းစာပါ သတင်းအဖွဲ့တွေ့ဆုံ မေးမြန်းခန်းတွင် ဖတ်ရှုရပါသည်။

ပါမောက္ခချုပ်ကြီး ဒေါက်တာတင်မောင်ထွန်းနှင့် ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၏ ပြောကြားချက်များကိုလည်း ဖတ်ရ၍ ကျေးဇူးတင်ပါသည်။

ကျွန်တော်တို့ခေတ်နှင့်တော့တခြားစီဖြစ်နေပါသည်။ ဒုတိယကမ္ဘာစစ်ပြီးဆုံး၍ နိုင်ငံ လွတ်လပ်ရေးရပြီး ၁၉၅၂ ခုနှစ်တွင် တက္ကသိုလ်အရန်တပ်ရင်းများ ပြန်လည်ဖွဲ့စည်းချိန်အတွင်း ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ မော်လမြိုင်ကောလိပ်တို့တွင် တက္ကသိုလ်တပ်များ ဖွဲ့စည်း လေ့ကျင့် ပေးခဲ့ကြောင်းကိုလည်း ဖတ်ရှုရပါသည်။ထိုစဉ်က သုံးနေရာသာ ရှိပါသည်။

၁၉၅၈ ခုနှစ် ဇွန်လတွင် ကျွန်တော် တက္ကသိုလ်၊ ထီးတန်းကောလိပ်သို့ ရောက်ပြီး တက္ကသိုလ် အရန်တပ်ရင်းသို့ သူငယ်ချင်း ကိုထွန်းအေးနှင့်အတူဝင်ခဲ့ပါသည်။သင်တန်းများ မှန်မှန်တက်ခဲ့ပါ သည်။ကျွန်တော်တို့ကို ထုတ်ပေးသည့် စစ်ပစ္စည်းများမှာ တစ်ပဲဒုရှိ သက္ကလပ်စ အထူကို နှစ်ထပ် ထပ်၍ (ပုံပါအတိုင်း) ပုံသွင်းထားပြီး သားရေမေးသိုင်းကြိုးပါ ဦးထုပ်တစ်လုံး (ဂေါ်ရခါးဟက်)၊ (OG= Olive Green) သံလွင်စိမ်းရောင် စစ်အင်္ကျီလက်ရှည်၊ စစ်ဘောင်းဘီရှည် နှစ်ထည်၊ သားရေ စစ်ဖိနပ်လည်တိုတစ်ရန်၊ခြေအိတ်၊ဖိနပ်နှင့်ဘောင်းဘီရှည် အနားဆက်ရန်သက္ကလပ်စ ရှော့ပတ်တီး တစ်စုံ၊ကြေးကွင်းရှေ့နှစ်ကွင်း၊နောက်ကွင်းသေးနှစ်ခုပါ ဗြက်လေးလက်မခန့်ရှိ ပတ္တူခါးပတ်ကြီး တစ်ခု ဖြစ်ပါသည်။ (ရှော့ပတ်တီးဆိုသည်မှာ ယခင်က အသုဘယာဉ်တွင်ရပ်၍ လိုက်ပါလေ့ရှိသည့် လူမျိုးခြားလေးဦး ခြေမျက်စိမှ ခြေသလုံးကြားပတ်လေ့ရှိသော သက္ကလပ်စမျိုးဖြစ်ပါသည်။)

ပတ်တီးအဆုံး ကြိုးစသိမ်းသည့်အခါ လေးထောင့်ဖြစ်ရပါသည်။ဤမျှရှုပ်၍ ပတ်တီး မဝတ်တော့ပါ။ သံဈေးမှ ပတ္တူစခြေပတ် ဝယ်ဝတ်ပါသည်။Anklet ဟု ခေါ်ပါသည်။ ခါးပတ်နှင့် ခြေပိတ် ပတ္တူစများကို ဆေးအဝါရောင် နှင့် ဖိနပ်ဆေးရောထားသော ဘလင်ကိုအတု သုတ်လိမ်းရပါသည်။စက်မင်ဘီးနှင့် တိုက်ရပါသည်။ကြေးပစ္စည်းကို ဘရာဇို (Brasoo) ဝယ်၍ကြေးတိုက်ရပါသည်။ရှေ့တွင်ဖော်ပြ ခဲ့သော ဂေါ်ရခါးဟက် ခေါ် သက္ကလပ် နှစ်ထပ်ဦးထုပ်ကို ထမင်းရည်နှင့် ကော်တင်ရပါသည်။ ၁၉၅၉-၆၀ နှစ် တွင်မှ ဖိုက်ဘာခမောက် ဆောင်းရပါသည်။ခြေပတ်မပတ်ရသော လည်ရှည်သားရေဖိနပ် ရပါသည်။ကျွန်တော်တို့တော့ အပြင်သွားလျှင် ဘယ်ရီကက်ကိုသာ ဆောင်းသွားပါသည်။

ကျွန်တော်တို့မှ ယူတီစီသင်တန်းတက်ရသည့်နေ့တွင် များစွာပျော်ရွှင်မိသည်။ စစ်ဝတ်စုံကို အချိန်စော၍ ဝတ်ထားကြသည်။မြို့တွင်းမှာနေသည့် နေ့ကျောင်းသားများလည်းရှိ၍ သူတို့လည်း စစ်ဝတ်စုံကို ကြိုတင်ဝတ်လာတတ်ကြပါသည်။အဆောင်နေကျောင်းသားများသာမက နေ့ကျောင်းသား များနှင့်ယူတီစီကြောင့် ခင်မင်သူမိတ်ဆွေများပေါများလာသည်။တပ်ရင်းမှူးက ပါမောက္ခကြီး၊ယူတီစီ တာဝန်ခံ ဗိုလ်ကြီးက ဗိုလ်ကြီးမြသောင်း ဖြစ်ပါသည်။

ထီးတန်းကျောင်းသားဟောင်းကြီး၊ ဦးတင်ထွန်း အထက (၁) လမ်းမတော်ကျောင်း၊ ကျောင်းအုပ်ကြီးဟောင်း၊ တိုင်းပညာရေးမှူး (စီမံ) (ငြိမ်း) က သူစု ဆောင်းသိမ်းထားသည့် ထီးတန်းကောလိပ်၊ တက္ကသိုလ်တပ်ရင်း စုပေါင်းဓာတ်ပုံကို ပေးပို့သဖြင့် ကျေးဇူးတင်ရပါသည်။ ကျွန်တော်တို့ သိထားသည်က ရန်ကုန်တက္ကသိုလ်၊ ထီးတန်းကောလိပ်၊ တက္ကသိုလ်တပ်ရင်းဟု ဆိုထားသော်လည်း ဓာတ်ပုံတွင် “မြန်မာပြည်အရံ နယ်စောင့်တပ်၊ ရန်ကုန်တက္ကသိုလ်၊ ထီးတန်း တပ်ရင်း (လူ ၁ဝဝ ပင် မရှိ၍ တပ်ရင်းမဟုတ်နိုင်ပါ)။ ပထမနှစ်သင်တန်းသားများ (၁၉၅၈)” ဟု ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။ အဆိုပါ ဓာတ်ပုံတွင် အရာရှိများနှင့် တပ်က ဆရာများမှလွဲ၍ တက္ကသိုလ်အရန် တပ်ရင်းဝင် ကျောင်းသား ၉၅ ဦးခန့် တွေ့ရှိရပါသည်။

မှတ်မိသရွေ့ ရာထူးအမြင့်ဆုံးရရှိခဲ့သူ တက္ကသိုလ်အရန်တပ်ရင်းဝင် ကျောင်းသားဟောင်းမှာ တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ်/ဝန်ကြီး (ငြိမ်း) သီရိပျံချီ ဗိုလ်ချုပ်စောလွင်ပင်ဖြစ်ပါသည်။ ပြောရလျှင် ယူတီစီကျောင်းသားဟောင်းကြီး ဝန်ကြီး/ဗိုလ်ချုပ် (ငြိမ်း) စောလွင်ကြောင့် ၁၉၅၈ ထီးတန်းကောလိပ်ကျောင်းသားဟောင်းများ အစုအဖွဲ့ပေါ်လာပြီး ကိုဗစ်မတိုင်မီအထိ လစဉ်တွေ့ဆုံ စားသောက်ပြီး ရှေးဟောင်းနှောင်းဖြစ်များ ပြောရသည်မှာ အလွန်ပျော်စရာကောင်းပါသည်။

ဆုံတွေ့သူအားလုံးလိုလိုမှာ ယူတီစီဟောင်းများ ဖြစ်ကြပါသည်။ ဗိုလ်မှူး အဆင့်ဖြင့် တပ်မတော်မှ အငြိမ်းစားယူခဲ့ကြသူ ကျွန်တော်နှင့် ကိုထွန်းအေးနှစ်ဦးမှာ နောက်ဆုံးတန်း၏ ရှေ့တန်းဝဲဘက်မှ စရေတွက်လျှင် အမှတ်စဉ်(၈)နှင့်(၉) ဖြစ်ပါသည်။ကျွန်တော်ကြားသိရသရွေ့ ၉၅ ဦးထဲမှ ၃၀ ခန့် တပ်မတော်ထဲ ဝင်ရောက်တာဝန်ထမ်းကြသည်ဟု သိရပါသည်။ထိုနှစ်တွင် စစ်စည်းကမ်း၊ စစ်ရေးပြတွင် ထီးတန်းက ရန်ကင်းကိုကျော်ဖြတ်ပြီး ပထမဒိုင်းဆုရခဲ့ပါသည်။

ယူတီစီမှ တက္ကသိုလ်ဘွဲ့ရပြီးနှင့် ဘွဲ့မရမီခင်မင်သောသူငယ်ချင်းအချို့တပ်ထဲသို့ ဝင်ရောက် ကြရာ အရာရှိဖြစ်ပြီး တိုင်းပြည်အတွက် အသက်ပေးသွားသူ သူငယ်ချင်းများလည်း ရှိပါသည်။ ကိုတင်မောင်မြင့်၊ ကိုတင်ဦးမောင်၊ ကိုဝင်းကြည်၊ ကိုအေးခိုင်၊ ကိုသိန်းအောင် တို့နှင့် ဗိုလ်မှူးကြီး သူရကျော်ကျော်ချိုတို့ရှိသကဲ့သို့ သာမန်ကွယ်လွန်သွားသည့် ကိုစိန်လွင်ဦး၊ ကိုထွန်းမောင်၊ ကိုအေးမင်း၊ ဗိုလ်ချုပ် စိုးမြင့်၊ မှူးကြီးအောင်ကြည်၊ ဒုမှူးကြီးလှအေး၊ ကိုစိုင်းခွန်အုန်ဝိုင်း တို့လည်း ရှိကြပါသည်။ အားလုံးကို လေးစားဂုဏ်ပြုအပ်ပါသည်။

ကျွန်တော်တို့ တက္ကသိုလ်အရန်တပ်ရင်းက သီတင်းကျွတ်နှင့် နွေကျောင်းပိတ်ရက်များတွင် စခန်းချလေ့ကျင့်ကြ လေ့ရှိရာ သာမန်စခန်းချရာသို့ လိုက်လိုသူ လိုက်နိုင်သော်လည်း သီးခြား သင်တန်းက လူရွေးတက်ရပါသည်။ အချို့တပ်ဖွဲ့ဝင်များမှာ ယူတီစီ ကျောင်းသားကို ရုပ်ရှင်၊ အင်္ဂလိပ်ကား ၁ ကျပ်ခွဲတန်း ပြား ၉ဝ၊ မြန်မာကား တစ်ကျပ်ပြား ၂ဝ လျှော့ရ၍ ဝင်ခြင်းဖြစ်ပါ သည်။ ကျွန်တော် ၁၉၅၈-၅၉ ပညာသင် နှစ်၊ ၁၉၅၉ ခုနှစ်နွေ၌ တက်ရသည့် သင်တန်းက သင်တန်းတက်ရက် အများ ဆုံး ကျောင်းသားများသာ တက်ရသည့် သင်တန်းဖြစ်ပါသည်။

ထိုသင်တန်းမှာ ပြင်ဦးလွင် (မေမြို့) ရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အင်အား ဖြည့်တင်းရေးတပ်(အဖရ) တွင် ဖွင့်လှစ်သော နွေရာသီ တစ်လကြာ “တက္ကသိုလ် အရန် တပ်ရင်းအကြပ်သင်တန်း” ဖြစ်ပါသည်။ တက္ကသိုလ်မှာ စစ်သင်တန်း တက်ရက် အများဆုံး ကျောင်းသား ၂၀၀ ကိုသာ ရွေးတက်စေခြင်းဖြစ်ပါသည်။ ရန်ကုန်တက္ကသိုလ် (ထီးတန်း/ရန်ကင်း)မှ တပ်သား ၁ဝဝ၊ မန္တလေးတက္ကသိုလ် ၇ဝ၊ မော်လမြိုင်မှ ၃၀ စုစုပေါင်း ၂ဝဝ၊ တပ်ခွဲ နှစ်ခွဲဖြစ်ပါသည်။ တစ်လကြာ တက်ရပါသည်။ တက္ကသိုလ်ကွင်းမှာ စစ်ပညာကို သဘောလောက်သာ သင်ရ ပြီး ယခုအကြပ်သင်တန်းတွင် တပ်ကြပ်ကြီး/ တပ်စုမှူးတစ်ဦး တတ်သိအပ်သည့် ပညာများ၊ နေ့ရောညပါ သင်ကြားပေးသည်။ တပ်မှူးမှာ ဒုတိယဗိုလ်မှူးကြီး လှရွှေ၊ ဒုတိယတပ်ရင်းမှူးမှာ ဒုတိယ ဗိုလ်မှူးကြီး ထွန်းရင်လောတို့ဖြစ်ပြီး ကျောင်းသားများ သတိထားရမည့်သူမှာ တပ်ရင်းအရာခံဗိုလ် ကိုကိုကြီး ဖြစ်ပါသည်။

ရုပ်ရှင်ဇာတ်လိုက် ဝင်းဦး ဗိုလ်ကြီးဘဝက ဤတပ်တွင် တာဝန်ထမ်းဆောင် ဖူးကြောင်း သိရပါသည်။ အရာခံဗိုလ် ကိုကိုကြီးက တုတ်တစ်ချောင်း ချိုင်း (ဂျိုင်း) ကြားညှပ်၍ စမတ်ကျကျ ဝတ်ဆင်ကာ ပြတ်ပြတ်ပြောတတ်သူ၊တစ်ခါတစ်ရံ ဘောင်းဘီအတို၊ခြေအိတ်ရှည်ဖြင့် အသံဩဇာ ကလည်းကောင်းသည်။ဟောလိဝုဒ်မင်းသားကြီး အန်ထော်နီကွင်းပုံစံဖြစ်ပါသည်။တက္ကသိုလ် ကျောင်းသားများကို ထိုက်သင့်သည့် အလေးထားမှုပြသော်လည်း စည်းကမ်းနှင့် စကားပြောတတ်သူ ဖြစ်ပါသည်။သဘောတော့ ကောင်းပုံရပါသည်။

စစ်ဝတ်စုံ ဝတ်ထားသူတိုင်း တတ်သင့်သည့် ပညာအများအပြားသင်ပေး၍ လွန်စွာအကျိုးရှိ သည့် သင်တန်းဖြစ်ပါသည်။တပ်စုပစ်အား၊ ညအချိန်အိမ်မြှောင်ဖြင့် ချီတက်ခြင်း၊ အခက်အခဲ အတားအဆီး ဖြတ်ကျော်ခြင်းမှစ၍ ကိုယ်လက်ကြံ့ခိုင်ရေးအဆုံး အားလုံးသင်ပေးပါသည်။အမှန် ရေးရလျှင် ကျွန်တော် ဤသင်တန်းတက်ပြီး တပ်မတော်ထဲ ဝင်ရန် ဆုံးဖြတ်လိုက်သည်ဟုဆိုနိုင် ပါသည်။ သာမန်အချိန်တွင် ဈေးထဲ မုန့်တီသွားစား၊ မြို့ထဲလမ်းလျှောက်၊ ဘီတီ ဘရားသားကန်မှာ ရေသွားကူးပါသည်။သင်တန်းကာလတွင် တက္ကသိုလ်တန်းလိုက် အောင်စာရင်းထွက်ရာ စာမေးပွဲ ကျသူများ နောက်ဆက်တွဲစာမေးပွဲဖြေရန်၊ စာကျက်ရန် ညပိုင်းသတ်မှတ် နေရာသို့ တန်းစီသွားရ သည်။အခြားပျော်ရွှင်စရာတစ်ခုမှာ ပြင်ဦးလွင်၌ ရေချိုးရန်ရေမရှိ၍ အနီးစခန်းဘူတာအနီး စမ်းချောင်းသို့ ယာဉ်တန်းဖြင့်သွားရပါသည်။ကျောင်းသားစုံအောင်စောင့်ရင်း အတက်အဆင်း ခရီးသွား ကားများထဲမှ အချောအလှများပါလျှင် ရစ်သီရစ်သီ လုပ်ကြသည်။

အကြပ်သင်တန်းအပြီး ၁၈ နှစ်ပြည့် သူမှ ဗိုလ်လောင်းခေါ်ရာ ယူတီစီ လုပ်သက်တစ်နှစ် ပြည့်လျှင် လျှောက်၍ရသည်ဆို၍ တပ်မတော်(ကြည်း)ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၇)သို့ ကျွန်တော်လျှောက်ခဲ့ပါသည်။ဗိုလ်ရွေးတပ်ဖွဲ့မှာ အလေးချိန်ပေါင် ၁ဝဝ၊ လူကသေးသေး၊ အသက်က လေးလလိုသေး၊ပြင်ဆင်မှုအားနည်း၍မရပါ။စာမေးပွဲကျပါသည်။ဗိုလ်မှူးကြီးမျိုးမြင့် (ကရင်ပြည်နယ်) (ကွယ်လွန်)၊ ဗိုလ်ချုပ် သိန်းဟန် (သံကြီး) နှင့် ဗိုလ်မှူးလှဦး (ကွယ်လွန်) တို့ အောင်သွားကြသည်။ လူတွေ့စစ်မေးသူများက မင်းငယ်သေးတာပဲ၊ဘွဲ့ရပြီး ဝင်ပေါ့ကွာဟု ပြောပါသည်။ နောင်မကြာခင် ခေါ်သည့် ဗိုလ်သင်တန်း(၂၈)သို့လည်း လျှောက်ခွင့်မရ၊ ဗိုလ်သင်တန်းကျောင်းကလည်း ဗထူးမှ မှော်ဘီသို့ ပြောင်းနေ၍ ကျောင်းပိတ်ထားသည်။သို့ဖြင့် ကျောင်းဆက်တက်ရင်း သင်တန်းခေါ်၍ လျှောက်လိုက်ရာ ရေတပ်ဗိုလ်ဖြစ်သွားပါသည်။ဘွဲ့ရပြီးဖြစ်၍ တိုက်ရိုက်ပြန်တမ်းဝင်အရာရှိ “ဗိုလ်” အဖြစ် ခန့်အပ်ခြင်းခံရပါသည်။ တက္ကသိုလ်ကျောင်းသား - ပြည်သူ့ စစ်သား ဖြစ်သွားပါပြီ။

သတင်းစာပါ၊ ပုံစံသစ် တက္ကသိုလ် တပ်ရင်းများ၊ အမျိုးသား စစ်မှုထမ်းဥပဒေအရ သင်တန်းများ ဖွင့်လှစ်လေ့ကျင့်သင်ကြားပေးသည့် သတင်းများကို ဖတ်ရှုပြီး များစွာဝမ်းမြောက်ပီတိဖြစ်ရကြောင်း၊ အားရမိပါကြောင်း ထပ်မံဖော်ပြပါရစေ။

၂ဝဝ၈ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားတစ်ဦးအတွက် ကျရာတာဝန် ထမ်းရွက်နိုင်ရန် ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရင်း ပြည်သူ့စစ် မဟာဗျူဟာကို အားဖြည့်မည့် နိုင်ငံသားများဖြစ်ပါစေကြောင်း ၂၀၂၅ ခုနှစ် လွတ်လပ်ရေးနေ့ အခါသမယတွင် ဆုတောင်းလိုက်ရပါသည်။ ။

 

မောင်သံငြိမ်း

သုတေသန (Research) ဆိုသည်မှာ “တစ်စုံတစ်ခုကို ခြေခြေမြစ်မြစ်သိရန် စူးစမ်းရှာဖွေခြင်း” ဟူ၍ ပညာရေးဝန်ကြီးဌာန၊ မြန်မာစာအဖွဲ့ ဦးစီးဌာနက ထုတ်ဝေထားသည့် မြန်မာအဘိဓာန်(၂၀၁၃)တွင် အဓိပ္ပါယ်ဖွင့်ဆိုထားပါသည်။ ‘သုတေသန’ စကားရပ်သည် ပါဠိဘာသာစကားမှ ဆင်းသက်လာပြီး ‘သုတ’ (အကြားအမြင်) နှင့် ‘ဧသနာ’ (ရှာမှီးခြင်း) တို့ကို ပေါင်းစပ်ထားခြင်းဖြစ်ပါသည်။ အင်္ဂလိပ်ဘာသာစကားဖြင့် ဆိုပါက ‘Research’ ဖြစ်ပြီး ‘ရှာဖွေခြင်း’ ဟု အဓိပ္ပါယ်ရသည့် အလယ်ခေတ်ပြင်သစ်ဘာသာ စကား ‘Recherche’ မှ ဆင်းသက်လာခြင်းဖြစ်ကြောင်း မှတ်သားမိပါသည်။ ထို့ကြောင့် ‘သုတေသန’ ဆိုသည်မှာ ‘အသိပညာများကို ရှာဖွေဖော်ထုတ်ခြင်း’ ဟု မှတ်ယူနိုင်မည်ဖြစ်ပါသည်။

သုတေသနလုပ်ငန်းသည် တစ်ဦးတစ်ယောက်ချင်းမှသည် အဖွဲ့အစည်းတစ်ခု၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ် လိုအပ်သော လုပ်ငန်းတစ်ရပ်ဖြစ်ပါသည်။ စက္ကန့်နှင့်အမျှပြောင်းလဲ တိုး တက်နေသော ကမ္ဘာကြီးတွင် ခေတ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်ရန်အတွက် မည်သည့်ကဏ္ဍတွင် မဆို သုတေသနလုပ်ငန်းမှာ အရေးပါလျက်ရှိပါသည်။  ယနေ့ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးတိုးတက်သောနိုင်ငံများသည် ၎င်းတို့၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ပညာရေး စသည်တို့အပါအဝင် ကဏ္ဍအသီးသီးတွင် သုတေသန ကောင်းစွာပြုလုပ်ကြသော နိုင်ငံများဖြစ်ကြောင်း တွေ့ရမည်ဖြစ်ပါသည်။

ဥပမာအားဖြင့် ပညာရေးကဏ္ဍကို လေ့လာကြည့်မည်ဆိုပါက ပြည်ပနိုင်ငံများရှိ တက္ကသိုလ်များ၏ အဆင့်အတန်းကို အကဲဖြတ်ရာတွင် ၎င်းတက္ကသိုလ်က ထွက်ရှိသော သုတေသနစာတမ်း/လုပ်ငန်းများကိုပါ အဓိကအချက်အဖြစ် ထည့်သွင်းတွက်ချက်ကြောင်း သိရှိရပါသည်။ အလားတူပင် ပါမောက္ခတစ်ဦး၏ အရည် အသွေးကို တိုင်းတာရာတွင် ၎င်းအနေဖြင့် သုတေသနစာတမ်း/စာအုပ်ပေါင်း မည်မျှပြုစုထွက်ရှိပြီး ဖြစ်သည်ကို အဓိကမူတည်၍ ဆုံးဖြတ်လေ့ရှိပါသည်။ ထို့ကြောင့် ဆရာ/ဆရာများသည် သုတေသန ဆိုင်ရာကိစ္စရပ်များကို အပြိုင်အဆိုင်ပြုလုပ်ကြသဖြင့် ၎င်းတို့တစ်ဦးချင်း၊ ထိုမှသည် ၎င်းတို့ တာဝန် ထမ်းဆောင်လျက်ရှိသော ကျောင်း/တက္ကသိုလ်၊ ထိုမှတစ်ဆင့် နိုင်ငံတော်၏ ပညာရေးအခန်းကဏ္ဍအထိ အဆင့်မြင့်မားလျက်ရှိကြောင်း တွေ့မြင်နိုင်ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက “သုတေသနလုပ်ငန်း’ သည် နိုင်ငံတစ်နိုင်ငံအတွက် အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံများတွင် သုတေသနလုပ်ငန်းကို အားပေး ဆောင်ရွက်ကြသကဲ့သို့ မိမိတို့နိုင်ငံအတွက်လည်း အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း” ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၄ ရက်တွင် ပြောကြားခဲ့ပါသည်။ ထို့ပြင် နိုင်ငံတော်၏ ပညာရေးကဏ္ဍ အဆင့်မြင့်မားလာ စေရေးနှင့် သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက်ရည်ရွယ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက “တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုချင်းစီတွင် ပါရဂူသင်တန်း ဖွင့်လှစ်သည့် တက္ကသိုလ် အနည်းဆုံးတစ်ခုရှိစေရေး” လမ်းညွှန်မှုပြုထားခဲ့ပါသည်။

သုတေသနလုပ်ငန်းများ ထူးချွန်ကောင်းမွန်ခဲ့သဖြင့် မိမိနိုင်ငံ၊ လူ့အသိုက်အဝန်းတစ်ခုလုံးကိုသာမက ကမ္ဘာကြီးကိုပါ အကျိုးကျေးဇူး ဖြစ်စေခဲ့ကြောင်း တွေ့မြင်နိုင်မည်ဖြစ်ပါသည်။ ယနေ့ လူမှုအသိုက်အဝန်း တွင် မရှိမဖြစ်အသုံးပြုနေရသော လျှပ်စစ်မီး၊ ဖုန်းမှသည် မော်တော်ယာဉ်၊ လေယာဉ်ပျံတို့အပါအဝင် ပစ္စည်း များသည် အလွယ်တကူပေါ်ပေါက်လာခဲ့ခြင်းမဟုတ်ဘဲ တစ်ဦးတစ်ယောက်ချင်းက သုတေသနကို မဆုတ် မနစ် ပြုလုပ်တီထွင်ခဲ့ခြင်းကြောင့် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပါသည်။ ကမ္ဘာပေါ် တွင် သုတေသနလုပ်ငန်းသာ မရှိခဲ့ပါက ယနေကဲ့သို့ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ကမ္ဘာကြီး ဖြစ်ပေါ်လာမည်မဟုတ်ဘဲ ကျောက်ခေတ် ကနေ‌ ပြောင်းလဲနိုင်မည်မဟုတ်ပေ။ 

သုတေသနရလဒ်မှထွက်ပေါ်ရရှိလာသော ရလဒ်များသည် အဖွဲ့အစည်းများက သုတေသနလုပ်ငန်းအပေါ် မည်မျှအားပေးထောက်ပံ့မှုအပေါ် များစွာမူတည်လျက်ရှိကြောင်းကိုလည်း သတိပြုရမည်ဖြစ်ပါသည်။ ပညာရှင်အင်အားနှင့် ရန်ပုံငွေအင်အားတို့မှာ စဉ်ဆက်မပြတ် သုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အသက်သွေးကြောပင်ဖြစ်ရာ နိုင်ငံတော်နှင့်ဌာနအဖွဲ့အစည်းများက အားတက်သရော ဝိုင်းဝန်းထောက်ပံ့နေမှသာ အကျိုးဖြစ်ထွန်းသော ရလဒ်ကောင်းများ ထွက်ပေါ်နိုင်မည်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ သုတေသနလုပ်ငန်းသည် အဖွဲ့အစည်းတိုင်း၊ နိုင်ငံတိုင်း၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိ မဖြစ် အရေးပါသော လုပ်ငန်းတစ်ခု ဖြစ်ပါသည်။ စဉ်ဆက်မပြတ်သော သုတေသနလုပ်ငန်းကို ဆောင်ရွက်နိုင်ခြင်းဖြင့် မိမိတို့အဖွဲ့အစည်းအလိုက်၊ နိုင်ငံအလိုက် နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်မည် ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

မှီငြမ်းကိုးကား

၁။       https://www.moi.gov.mm/news/26557

၂။       https://www.myawady.net.mm/node/35365

၃။       https://www.myawady.net.mm/node/26901

၄။       https://www.moi.gov.mm/npe/suttesn-chiusnnymaa

၅။       https://www.myanmardigitalnewspaper.com/my/suttesnnng-phnphiuttiuttkmu

၆။       https://news-eleven.com/article/239554

နေဟိန်း (ငြိမ်းချမ်းရေး)

၂ဝ၂၄  ခုနှစ်  ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစား ပွဲတော်ဖွင့်ပွဲအခမ်းအနားကို  ဒီဇင်ဘာလ ၉ ရက်က အထူးပဲစည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။ အမျိုးသား အားကစားပွဲတော်ဆိုတာ နိုင်ငံတစ်နိုင်ငံအတွက် မှတ်တမ်းတင်ထိုက်တဲ့ ပွဲတော်တစ်ခုဖြစ်တာမို့ ပွဲတော်အခမ်းအနားကြီး မစတင်မီမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဇနီးဒေါ်ကြူကြူလှတို့က  ၂ဝ၂၄ ခုနှစ် ပဉ္စမအကြိမ်မြောက်   အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအထိမ်းအမှတ်အဖြစ်  ကံ့ကော်ပင်ကိုစိုက်ပျိုးပေးပြီး   အထိမ်းအမှတ်သစ်ပင်စိုက်ပျိုးခြင်း  ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ  ပက်ဖျန်းပေးကြပါတယ်။

ပဉ္စမအကြိမ်     အမျိုးသားအားကစားပွဲတော်   ဖွင့်ပွဲအခမ်းအနား စတင်ကျင်းပတဲ့ အခါမှာလည်း အလွတ်ခုန် လေထီးစစ်သည်တွေက   အမျိုးသားအားကစားပွဲတော်အလံနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်အလံတွေကို  ဝေဟင်ထက်မှ မြေပြင်သို့ချိတ်ဆွဲသယ်ဆောင်ပြီး   ကွင်းအတွင်းသို့   ဂုဏ်ပြုဆင်းသက်ခဲ့ကြပါတယ်။

တေးသံရှင်တွေကလည်း  မြန်မာ့ဆိုင်းဝိုင်း၊ မြန်မာ့တူရိယာများနဲ့ ခေတ်မီဆန်းသစ်စွာ  မြိုင်မြိုင်ဆိုင်ဆိုင် တီးခတ်သီဆိုကြပါတယ်။

ထို့အတူ မီးအလှပြမှုတွေကိုလည်း တင်ဆက်ပြသပါတယ်။ အခမ်းအနားဖွင့်လှစ်ပြီး တစ်ချိန်တည်းမှာပဲ   မီးရှူးမီးပန်းတွေပစ်ဖောက်ခြင်းနဲ့အတူ    လှပချစ်စရာတို့ ရွှေမြန်မာတေးသီချင်းနဲ့     သရုပ်ဖော် တင်ဆက်ကပြကြပါတယ်။ ဒါတွေကတော့ ဒီဇင်ဘာလ ၉ ရက်မှာ တိုက်ရိုက်ထုတ်လွှင့် ပြသခဲ့ပြီးဖြစ်လို့ ပြည်တွင်းမှာသာမက နိုင်ငံတကာကပါမြင်တွေ့ကြပြီးဖြစ်ပါတယ်။

တကယ့်ကိုပဲ   ခမ်းနားကြီးကျယ်လှတဲ့မြင်ကွင်းတွေပါပဲ။

ဒီလိုမျိုး အမျိုးသားအားကစားပွဲတော်တွေကို အောင်အောင်မြင်မြင်ကျင်းပနေတာဟာ မြန်မာ့အားကစား အဆင့်အတန်း အမြင့်မားဆုံးအခြေအနေသို့ ရောက်ရှိပြီး ကမ္ဘာကိုလွှမ်းနိုင်တဲ့အဆင့်ထိ မျှော်မှန်းပြီး ကျင်းပပေးနေတာဖြစ်ပါတယ်။ ပြိုင်ပွဲတွေရှိနေမှလည်း    ထူးချွန်ထက်မြက်တဲ့ အားကစားသမားကောင်းတွေ ပေါ်ထွက်ပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်သူတွေ ဖြစ်လာမှာပါ။ ပြိုင်ပွဲကျင်းပပေးတဲ့ ရည်ရွယ်ချက်တွေကိုကြည့်မယ်ဆိုရင်  ‘‘နိုင်ငံတော်၏အားကစား အဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရန်၊ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့်     အခြားနိုင်ငံတကာပြိုင်ပွဲများတွင်     ပါဝင်ယှဉ်ပြိုင်အောင်မြင်မှု ရရှိစေရန်၊   နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် အဆင့်မီအားကစားသမားများနှင့်     အလားအလာရှိသော လူငယ်မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ဝန်ကြီးဌာနများအကြား  အချင်းချင်းချစ်ကြည် ရင်းနှီးမှုရရှိပြီး အားကစားလှုပ်ရှားမှုများ  ပိုမိုတိုးမြှင့်ဆောင်ရွက် လာနိုင်စေရန်နှင့် ပြည်သူလူထုတစ်ရပ်လုံး  အားကစားကို ပိုမိုစိတ်ပါဝင်စားလာပြီး အားကစားလှုပ်ရှားမှုများတွင် ပါဝင်လာစေရန်’’ ဆိုတဲ့ဦးတည်ချက်တွေနဲ့ ကျင်းပနေတာဖြစ်ပါတယ်။

အမျိုးသားအားကစားပွဲတော် ကျင်းပခြင်းနဲ့ပတ်သက်လို့    ပြန်လည်လေ့လာ ကြည့်မယ်ဆိုရင် အမျိုးသား အားကစားပွဲတော်ကို ၁၉၉၂  ခုနှစ်၊ ၁၉၉၄ ခုနှစ်၊ ၁၉၉၇ ခုနှစ်နဲ့ ၂ဝ၁၅ ခုနှစ်တို့မှာလေးကြိမ် ကျင်းပခဲ့ပြီးယခု ၂ဝ၂၄ ခုနှစ်မှာတော့ ပဉ္စမအကြိမ်မြောက် ကျင်းပခြင်းဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့တာဝန်အရပ်ရပ်ကို တပ်မတော်က ဦးဆောင်ထမ်းရွက်ရတဲ့အခါတိုင်းမှာ အမျိုးသား အားကစားပွဲတော်တွေကို ခမ်းခမ်းနားနား   ကြီးကျယ်စည်ကားစွာ ကျင်းပပေးနိုင်တာ တွေ့ရှိရပါတယ်။ ဒါကလည်း သေသေချာချာတွေးဆကြည့်မယ်ဆိုရင် တပ်မတော်က နိုင်ငံတော်အပေါ်၊ ပြည်သူများအပေါ်ထားရှိတဲ့ ကောင်းမွန်တဲ့စေတနာမှန်တွေလို့ ပြောလို့ရပါတယ်။ အားကစားဆိုတာ နိုင်ငံတစ်နိုင်ငံအတွက် အမြဲရှင်သန်လှုပ်ရှားနေရမယ့် အရာမျိုးဖြစ်ပါတယ်။

လူသားတိုင်းအသက်ရှင်သန် ရပ်တည်နေထိုင်ရေးအတွက် အဓိကလိုအပ်ချက်မှာ ကျန်းမာရေး  ကောင်းမွန်နေရေးဖြစ်ပါတယ်။ ကျန်းမာရေးကောင်းမွန်ဖို့ဆိုရင် အားကစားတစ်ခုခုကို လေ့ကျင့်နေရမှာ ဖြစ်ပါတယ်။ ဆိုလိုတာက အားကစားနဲ့ကျန်းမာရေးဆိုတာ လူတိုင်းအတွက်မရှိမဖြစ်တဲ့ အရာဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေနဲ့ လူမှုရေးဦးတည်ချက်မှာ  ‘‘တစ်မျိုးသားလုံး သက်ရှည်ကျန်းမာ   ကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံး အကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး’’ ကိုထည့်သွင်းထားတာဖြစ်ပါတယ်။ ဦးတည်ချက်ထားရှိခြင်းနဲ့အတူ ဦးတည်ချက်ကိုအောင်မြင်အောင် အားသွန်ခွန်စိုက်ကြိုးပမ်း လုပ်ဆောင်နေပါတယ်။ နိုင်ငံအတွင်းမှာအားကစားနဲ့ ပတ်သက်လို့ကျင်းပပေးနိုင်တဲ့ ပြိုင်ပွဲမှန်သမျှ ငွေကုန်ကြေးကျခံကာ    ကျင်းပပေးနေတာဟာ အားကစားကဏ္ဍ     မြင့်မားတိုးတက်စေရေးအတွက်    ရည်ရွယ်တာဖြစ်ပါတယ်။

၂ဝ၂၄ ခုနှစ် ပဉ္စမအကြိမ်  အမျိုးသား အားကစားပွဲတော်မှာ  ဝန်ကြီးဌာနအဆင့်မှာ ပြေးခုန်ပစ်၊ ဘောလုံး၊ ဖူဆယ်၊ ဂေါက်သီး၊ ပိုက်ကျော်ခြင်းနဲ့  ဘော်လီဘောပြိုင်ပွဲဆိုပြီး အားကစားနည်း ခြောက်မျိုးထည့်သွင်း ထားပါတယ်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်မှာ ပြေးခုန်ပစ်၊ ဘတ်စကက်ဘော၊ ကြက်တောင်၊ ဘိလိယက်/စနူကာ၊ လက်ဝှေ့၊ ကာယဗလနှင့် ကာယကြံ့ခိုင်မှု၊ ခရစ်ကက်၊ ဘောလုံး၊ ဖူဆယ်၊ ဂေါက်သီး၊ ဂျူဒို၊ ကရာတေး၊ ပိုက်ကျော်ခြင်း၊ ရေကူး၊  စားပွဲတင်တင်းနစ်၊ တိုက်ကွမ်ဒို၊ တင်းနစ်၊ ရိုးရာခြင်းလုံး၊  မြန်မာ့သိုင်း၊  ဘော်လီဘော၊ ဗိုဗီနမ်၊ အလေးမ၊ ဝူရှူးဆိုပြီး အားကစားနည်း၂၃ မျိုး ယှဉ်ပြိုင်ကြရပါတယ်။  မသန်စွမ်းပြိုင်ပွဲဝင်တွေအတွက် အားကစားနည်း လေးမျိုး ယှဉ်ပြိုင်ကြရပါတယ်။ အားကစားနည်းဆိုတာ နည်းတစ်နည်းမှာပင် ပြိုင်ရတဲ့အမျိုးအစားက များပြားပါတယ်။

ပဉ္စမအကြိမ်  အမျိုးသားအားကစားပွဲတော်မှာ ပါဝင်ယှဉ်ပြိုင်သူတွေရဲ့ စကားသံတွေမှာ အားလုံးတူညီစွာပြောဆိုကြတဲ့ အချက်တွေကတော့ အခုလိုမျိုးအမျိုးသား အားကစားပြိုင်ပွဲကြီးကျင်းပပေးလို့ နိုင်ငံ တော်အစိုးရကို အထူးပဲကျေးဇူးတင် ရှိပါကြောင်းနဲ့ အခုလိုမျိုး အမျိုးသားအားကစား ပွဲတော်တွေကို နှစ်စဉ်ကျင်းပပေးစေလိုကြောင်း ဆိုတဲ့အချက်တွေဖြစ်ပါတယ်။ သူတို့တွေခမျာ ပြိုင်ပွဲတွေမရှိလို့  သူတို့ရဲ့အစွမ်းအစတွေပြသခွင့်မရခဲ့သလို  နိုင်ငံတော်အတွက် ထူးချွန်တဲ့ အားကစားသမားတွေလည်း ရွေးချယ်နိုင်ခြင်း မရှိခဲ့ပါဘူး။ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို နှစ်စဉ်ကျင်းပတဲ့အခါ ရွက်ပုန်း သီးပညာရှင်တွေ  ပေါ်ပေါက်လာသလိုအားကစားမှာလည်း နှစ်စဉ်ကျင်းပပေးမယ်ဆိုရင်  စဉ်ဆက်မပြတ်တဲ့ အားကစားထူးချွန်တဲ့ရွက်ပုန်းသီးတွေအများကြီး ပေါ်ထွန်းလာမှာဖြစ်ပါတယ်။

အမျိုးသားအားကစားပွဲတော်ကြီးမှာ ပြိုင်ပွဲဝင်ကြတဲ့  အားကစားမောင်မယ်တွေအနေနဲ့  အားကစားစိတ်ဓာတ်အပြည့်အဝ ရှိကြပါတယ်။ အားကစားစိတ်ဓာတ်မှာ လူငယ်လူရွယ်တို့ရဲ့   ဘဝအနိမ့်အမြင့်၊ အနာဂတ်ကံကြမ္မာကို ပီပြင်အောင် ရုပ်လုံးဖော်ပေးနိုင်စွမ်းရှိတဲ့ ပင်မအခြေခံအင်အားတစ်ရပ်ဖြစ်ပါတယ်။  အားကစားသမားကောင်းတစ်ဦးဖြစ်လိုလျှင် သည်းခံမှု၊ ဇွဲရှိမှု၊ အနစ်နာခံမှု၊ တစ်ကိုယ်ကောင်းမဆန်မှု၊ ရေသာမခိုမှု၊ စုပေါင်းစိတ်ဓာတ်ရှိမှု၊ ဥပဒေကို လေးစားတတ်မှု၊ မှန်ကန်သော ဆုံးဖြတ်ချက်ကို မငြိုမငြင်ခံယူတတ်မှု၊   အရှုံးကိုအပြုံးဖြင့် ရင်ဆိုင်တတ်မှုစတဲ့  စိတ်ဓာတ်ထားရှိရမှာဖြစ်ပါတယ်။ ဒါ့အပြင် တရားသောယှဉ်ပြိုင်မှုနဲ့ အောင်မြင်မှုကိုရယူဖန်တီးတတ်မှုစတဲ့ အရည်အချင်းကောင်းများလည်း ရှိထားကြရမှာဖြစ်ပါတယ်။ 

အားကစားဆိုတာ   ရုပ်ပိုင်းဆိုင်ရာ သန်စွမ်းနေရုံနဲ့မပြီးသေးပါဘူး။ စိတ်ပိုင်းဆိုင်ရာမှာလည်း  သန်စွမ်းနေရပါမယ်။  အားကစားပြိုင်ပွဲမှာ  မိမိယှဉ်ပြိုင်ဘက် အပေါ်လေးစားခြင်း၊  အနိုင်ရယူလိုစိတ်ရှိခြင်း၊ စည်းကမ်းလိုက်နာနိုင်ခြင်း၊ အဖွဲ့လိုက် အားကစားနည်းတွေကြောင့် အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် လုပ်ဆောင်တတ်ခြင်း၊ အပေးအယူမျှမျှတတဖြင့်   ပေါင်းသင်းဆက်ဆံရေးကောင်းခြင်း၊ စာနာနားလည်နိုင်ပြီး အသိအမှတ်ပြုတတ်လာခြင်း၊ အကျင့်စာရိတ္တကောင်းမွန်လာခြင်း၊  အရှုံးကိုလက်ခံနိုင်သလို အနိုင်ရလဒ်အပေါ်မှာ လည်းမောက်မာမှုကင်းခြင်း၊  ပြိုင်ပွဲမှာ မိမိရဲ့အားသာချက်၊ အားနည်းချက်ကို ရှာဖွေဖော်ထုတ်ခြင်း     စတာတွေဟာ အလွန်ပဲချစ်စရာကောင်းတဲ့ အားကစားစိတ်ဓာတ်ပါ။     အမျိုးသားအားကစားပွဲတော်မှာ    ဒီလိုမျိုးစိတ်ဓာတ်ကောင်းတွေနဲ့ ယှဉ်ပြိုင်ကြတာ တွေ့မြင်ရပါတယ်။

မည်သည့်အားကစားနည်းတွင်မဆို အားကစားစိတ်ဓာတ်နဲ့ အရည်အချင်းကောင်းများ ပြည့်ဝနေတဲ့အားကစားသမားများ ရှိနေပါက အောင်မြင်မှုလမ်းကြောင်းဆီသို့ ဦးတည်နေပြီလို့ ယူဆနိုင်ပါတယ်။

အဲဒီလိုမျိုး  စိတ်ဓာတ်ကောင်းရန်၊ အရည်အချင်းပြည့်ဝရန်မှာ     ပြုပြင်လေ့ကျင့်ယူရပါမယ်။  လေ့ကျင့်သားပြည့်ဝနေမှသာ အောင်မြင်မှုကို     မျှော်မှန်းနိုင်ကြမှာပါ။   

လေ့ကျင့်သားပြည့်ဝနေစေရန်မှာ   နည်းပြများရဲ့ သင်ကြားပို့ချမှု လက်တွေ့လေ့ကျင့်ခန်းများကို မခိုမကတ်၊ မညည်းမညူလိုက်ပါ လုပ်ဆောင်ကြရပါမယ်။   ချွေးထွက်များမှသွေးထွက်နည်းမယ်ဆိုတဲ့စကားဟာ အောင်မြင်မှုကို ညွှန်းဆိုခြင်းဖြစ်ပါတယ်။   လေ့ကျင့်

သားပြည့်ဝမှုဟာ အောင်မြင်မှုကို လမ်းခင်း ပေးခြင်းဖြစ်ပါတယ်။

အမျိုးသားအားကစား   ပွဲတော်ကြီးမှာ မြန်မာ့သိုင်းနဲ့ မြန်မာတို့ရဲ့ဆွေစဉ်မျိုးဆက် ကစားနည်းဖြစ်တဲ့ မြန်မာ့ရိုးရာခြင်းလုံးပြိုင်ပွဲ ထည့်သွင်းကျင်းပ ပေးတာကလည်း တကယ့်ကိုကောင်းမွန်တဲ့ ဆောင်ရွက်ချက်ဖြစ်ပါတယ်။

မြန်မာ့ရိုးရာခြင်းလုံးခတ် ကစားနည်းဟာ ရိုးရာအားကစားနည်း အစစ်အမှန်ဖြစ်လို့  ပြည်တွင်းပြိုင်ပွဲတွေသာမက   အရှေ့တောင်အာရှအားကစား ပြိုင်ပွဲတွေမှာလည်း အမြဲမပြတ် ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ လုပ်ဆောင်ကြရမှာဖြစ်ပါတယ်။ ယခုအမျိုးသား အားကစားပွဲတော်ကြီးမှာ မြန်မာ့ရိုးရာခြင်းလုံးပြိုင်ပွဲနဲ့ ပတ်သက်လို့ ပြိုင်ပွဲဝင်စည်းကမ်း သတ်မှတ်ချက်ကလည်း စိတ်ဝင်စားဖွယ်ဖြစ်ပါတယ်။

    မြန်မာ့ရိုးရာ    ခြင်းလုံးခတ်ပြိုင်ပွဲမှာ သတိပြုရမယ့်အချက်တွေအနေနဲ့ မူးယစ်ဆေးဝါး၊ အရက်သေစာ၊ ကွမ်း၊ ဆေးလိပ်၊ တားမြစ်ဆေးဝါးတွေ     သုံးစွဲမှုမရှိဖို့ အားကစားသမားတိုင်း ဆင်ခြင်ရပါမယ်။ အထူးသဖြင့် ခြင်းလုံးခတ်ပြိုင်ပွဲဟာ မြန်မာ့ရိုးရာအားကစားနည်း ဖြစ်တဲ့အတွက် အမျိုးသားတွေ  နားကပ်ဝတ်ဆင်တာ၊ ဆံပင်တွေအရောင်ဆိုးတာခွင့်မပြုပါဘူး။ ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲဟာ  မြန်မာနိုင်ငံမှာကျင်းပတဲ့ ဆီးဂိမ်းပြိုင်ပွဲမှာ    စပြီးပါဝင်ခဲ့တာဖြစ်ပါတယ်။  ရိုးရာခြင်းလုံးခတ်တဲ့ ကစားနည်းဆယ်မျိုးထဲက  မန္တလာခြေဖျား၊  မြင်းစီး ဖနောင့်၊ သမင်လည်ပြန်ဖနောင့်၊ လျှပ်ထိပ်တင်ဒူး စတဲ့ကစားနည်းတွေဟာ  လူကြိုက်အများဆုံးဖြစ်သလို  ကစားသမားတွေရဲ့ ခြင်းခတ်ကွက်တွေဟာ  လှပပြီးနှစ်သက်ဖွယ်ဖြစ်ပါတယ်။

ပဉ္စမအကြိမ်   အမျိုးသားအားကစား ပွဲတော်ကြီးမှာ   ထည့်သွင်းကျင်းပတဲ့ အားကစားနည်းတွေက   များပြားလှသလို ပါဝင်ယှဉ်ပြိုင်ကြတဲ့ အရေအတွက်ကလည်း များပြားလှတာမို့   ပွဲတော်ဖွင့်ပွဲမတိုင်မီ ဒီဇင်ဘာလ ၂ ရက်ကစတင်ပြီး အုပ်စုပွဲစဉ်တွေ  စတင်ကျင်းပပေးခဲ့တာဖြစ်ပါတယ်။ အဲဒီပြိုင်ပွဲတွေထဲမှာ   ထူးခြားမှုတစ်ခုကတော့ (၃၂)ကြိမ်မြောက်  အရှေ့တောင်အာရှ အားကစားပြိုင်ပွဲရဲ့   အမျိုးသား၊အမျိုးသမီး လမ်းလျှောက်ပြိုင်ပွဲမှာရရှိခဲ့တဲ့ စံချိန်ဟောင်းထက်    ယခုပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်မှာ  သာလွန်ကောင်းမွန်တဲ့ စံချိန်သစ်တွေ ရရှိခဲ့ကြတဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ မောင်နိုင်လင်းထွန်းနဲ့  ပြည်ထဲရေးဝန်ကြီးဌာနမှ မဇင်မေထက်တို့ကို မြန်မာနိုင်ငံ ပြေးခုန်ပစ်အဖွဲ့ချုပ်က မော်တော်ဆိုင်ကယ်တစ်စီးစီ အထူးဆု ချီးမြှင့်ပေးအပ်ခြင်းဖြစ်ပါတယ်။ ဒါဟာ ဝမ်းသာဖွယ်ကောင်းတဲ့ ကြည်နူးမှုဖြစ်ပါတယ်။

ဒါ့ထက် ပိုမိုပြီးကြည်နူးဖွယ်ကောင်းတဲ့ သတင်းကောင်းတစ်ခုရှိပါသေးတယ်။ အဲဒါကတော့  မြန်မာတစ်မျိုးသားလုံးနဲ့ဆိုင်တဲ့ ကိစ္စဖြစ်ပါတယ်။   ဒါကလည်းအမျိုးသားအားကစားပွဲတော်   ကျင်းပတဲ့ကာလမှာ ပေါ်ပေါက်လာတဲ့သတင်းကောင်းဖြစ်ပါတယ်။

အဲဒါကတော့  မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို   ယူနက်စကိုရဲ့  ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းမှာ ပါဝင်ခြင်း သတင်းကောင်းဖြစ်ပါတယ်။  အတာသင်္ကြန်ဆိုတာ ကမ္ဘာက အသိအမှတ်ပြုလိုက်တဲ့ မြန်မာရဲ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ဖြစ်သွားတာဟာ အားရဝမ်းသာဂုဏ်ယူဖွယ်ဖြစ်ပါတယ်။

ဒါ့ကြောင့်လည်း     ယူနက်စကိုရဲ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းမှာ ပါဝင်ခွင့်ရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြတဲ့   မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဒီဇင်ဘာလ ၁ဝ ရက်  နံနက်ပိုင်းမှာ  ရန်ကုန်မြို့ကို လေကြောင်းခရီးနဲ့  ပြန်လည်ရောက်ရှိလာတဲ့အခါ  ပြည်သူတွေက   သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြပါတယ်။ အနုပညာရှင်တွေကလည်း   သင်္ကြန်သီချင်းတွေသီဆိုကြပြီး ပြည်သူတွေကလည်း အကအဖွဲ့တွေနဲ့အတူ ပါဝင်ကပြကြိုဆိုခဲ့ကြပါတယ်။ ပျော်စရာမြင်ကွင်းပါ။ ပဉ္စမအကြိမ်  အမျိုးသားအားကစား ပွဲတော်ပိတ်ပွဲအခမ်းအနားမှာ ‘‘ရိုးရာအမွေ လက်ဆင့်ကမ်း  အတာသင်္ကြန်တစ်ခေတ်ဆန်း အစီအစဉ်တင်ဆက်ခြင်း’’ အစီအစဉ်ကိုထည့်သွင်းပြီး ဂုဏ်ပြုထားပါတယ်။  ပိတ်ပွဲအခမ်းအနားရဲ့ မြင်ကွင်းများကိုလည်း တိုက်ရိုက်ထုတ်လွှင့်ပေးခဲ့တာမို့ အများပြည်သူတွေနဲ့အတူ ကမ္ဘာ့ပြည်သူတွေလည်း မြင်တွေ့ခဲ့ကြပြီးဖြစ်လို့   အခမ်းအနားကျင်းပပုံကို အသေးစိတ်မရေးတော့ပါဘူး။  မြန်မာနိုင်ငံရဲ့ အားကစားသမိုင်းမှာတော့  ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးရဲ့ ကြီးကျယ်စည်ကားများပြားမှု၊ ပြည်သူတွေတစ်ခဲနက်အားပေးမှု၊ ပါဝင်ယှဉ်ပြိုင်သူတွေ များပြားမှု၊ ဆုတွေအများကြီးချီးမြှင့်မှုတွေဟာ    သမိုင်းတစ်ခေတ်ရဲ့မှတ်တမ်းဖြစ်ခဲ့ပါပြီ။ ဒါကနိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရဲ့ ဦးဆောင်မှုအောက်မှာ    ကျွန်တော်တို့ပြည်သူတွေရဲ့ စည်းလုံးညီညွတ်မှုအောင်ပွဲလည်း ဖြစ်ခဲ့ပါတယ်။   ဒါ့ကြောင့်မို့   ပျော်ပျော်ရွှင်ရွှင် အောင်အောင်မြင်မြင်နှင့် စည်ကားသိုက်မြိုက်စွာ  ကျင်းပပြီးစီးခဲ့ပြီဖြစ်သော အမျိုးသား အားကစားပွဲတော်ကြီးကို  အထူးပင်ဝမ်းမြောက် ဝမ်းသာစွာဂုဏ်ပြုပါကြောင်း ရေးသားလိုက်ရပါတယ်။   ။

Source- Myawady Webportal

ဘုန်းမောင်ဝင်း(ဖျာပုံ)