ဖက်ဒရယ်စနစ် (Federal System)

Posted_Date

Image

federal system

Body

၁။       ပြည်ထောင်စုစနစ်ကို အင်္ဂလိပ်ဘာသာဖြင့် “Federal System”  သို့မဟုတ် “Federalism” ဟုခေါ်ဆို သည်။ “Federal System” သို့မဟုတ် “Federalism” ဟူသော စကားလုံးကို ၁၆ ရာစု နောက်ပိုင်းတွင် ဥရောပတိုက်၌ အချုပ်အခြာအာဏာပိုင်သည့် နိုင်ငံတော်များ (Sovereign States) ပေါ်ထွန်းခဲ့ပြီးမှသာ စတင် သုံးစွဲခဲ့သော ခေတ်သစ်နိုင်ငံရေး ဝေါဟာရစကားလုံးပင် ဖြစ်ပါသည်။

၂။       Federal ဟူသော စကားလုံးသည် လက်တင်ဘာသာစကားဖြစ်သည့် “Foedus” မှ ဆင်းသက်လာခြင်း ဖြစ်ပြီး အဓိပ္ပါယ်မှာ သဘောတူခြင်း၊ အပြန်အလှန် ညှိနှိုင်းအပေးအယူပြု ဆောင်ရွက်ခြင်း၊ နှစ်ဦးနှစ်ဘက် ကောင်းကျိုးအတွက် ပဋိညာဉ်ပြု ဆောင်ရွက်ခြင်း၊ နှစ်ဦးနှစ်ဘက် သဘောတူညီချက်များ ပြုလုပ်ထားရှိခြင်း တို့ဖြစ်သည်။

၃။       ခေတ်သစ်နိုင်ငံရေးပညာရှင်များက ဖက်ဒရယ်ပြည်ထောင်စုစနစ် လက်တွေ့ကျင့်သုံးမှု နှင့်စပ်လျဉ်း၍ “ဖက်ဒရယ်ပြည်ထောင်စုစနစ်ဆိုသည်မှာ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် အမျိုးသားစွမ်းအားကို အခိုင် အမာတည်ဆောက်နိုင်ရန်အတွက် ပြည်ထောင်စု(ဗဟို)အစိုးရနှင့် ပြည်နယ်အစိုးရတို့အကြား  ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ နိုင်ငံရေးအာဏာ ခွဲဝေကျင့်သုံးသောစနစ်” ဖြစ်ကြောင်း ဖော်ပြထားပါသည်။

၄။       ဖက်ဒရယ်စနစ်ကို မတူညီသော ဒီဂရီအမျိုးမျိုးဖြင့် ကျင့်သုံးနေကြသော်လည်း၊ “အဓိကကျသည့် အချက်မှာ အာဏာခွဲဝေမှု နှင့် ကိုယ်ပိုင်အုပ်ချုပ်ရေး ကျင့်သုံးမှု” ဖြစ်သည်။

(က)    အာဏာခွဲဝေမှု ဆိုသည်မှာ အုပ်ချုပ်ရေးအာဏာကို ခွဲဝေကျင့်သုံးခြင်းဖြစ်သည်။ နိုင်ငံ တစ်ခုလုံးကို အုပ်ချုပ်သည့် ဗဟိုအစိုးရအာဏာနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များ တွင် အုပ်ချုပ်သည့် အစိုးရတို့အကြား အာဏာမည်သို့ခွဲဝေထားသနည်း ဆိုခြင်းပင်ဖြစ် သည်။ တချို့သောနိုင်ငံများတွင် နှစ်ဆင့်မက သုံးဆင့်မျှ ခွဲဝေထားသည်လည်းရှိသည်။

(၁)     အုပ်ချုပ်ရေး

(၂)      ဥပ‌ဒေပြု‌ရေး      

(၃)     တရားစီရင်ရေး

(ခ)    ကိုယ်ပိုင်အုပ်ချုပ်ရေး ဆိုသည်မှာကား အဆိုပါခွဲဝေထားသော အာဏာများကို မိမိတို့ဒေသ အတွက် အကောင်းဆုံးဟု ယုံကြည်ယူဆသည့်အတိုင်း လွတ်လပ်စွာ ဆုံးဖြတ်ချက်ချ၊ လုပ်ပိုင်ခွင့်ရှိရေးပင်ဖြစ်သည်။ နိုင်ငံတစ်ခုလုံး၏ အစိတ်အပိုင်း ဖြစ်သည်ကို သိရှိနားလည် ရမည်ဖြစ်ပြီး၊ တစ်နိုင်ငံလုံးနှင့်ဆိုင်သည့် ဥပဒေများကို ရိုသေလိုက်နာရန် လိုအပ်မည် ဖြစ်သည်။

၅။       နိုင်ငံရေးသုတေသီများက ဖက်ဒရယ်စနစ် ကျင့်သုံးလာရခြင်း အခြေခံအချက် (၆) ချက် ရှိကြောင်း ဆိုသည်။

(က)    အုပ်ချုပ်မှုလွယ်ကူစေရန်၊

(ခ)    ပြည်ပခြိမ်းခြောက်မှုရန်ကို ကာကွယ်ရန်၊

(ဂ)    ပြည်တွင်းပဋိပက္ခများကို ဖြေရှင်းရန်၊

          (ဃ)    စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်၊

(င)    တိုင်းရင်းသားလူမျိုးများ၏ မတူကွဲပြားမှုကို အသိအမှတ်ပြု ထိန်းသိမ်းရန်။

(စ)    လူများစုနည်းတူ လူနည်းစုက ဒီမိုကရေစီအခွင့်အရေးများ ခံစားနိုင်စေရန်စသည့်အကြောင်း များကြောင့် ဖြစ်လေ့ရှိသည်။

၆။       ဖက်ဒရယ်စနစ်တွင် ပေါင်းစည်းမှုစနစ် (၂) မျိုး ရှိပါသည်။ နိုင်ငံသားတို့လိုက်နာရန် ဥပဒေများကို ဗဟိုအဆင့်ကသော်လည်းကောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့်ကသော်လည်းကောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေက ခွဲဝေသတ်မှတ်ထားသည့်အတိုင်း ပြဌာန်းအုပ်ချုပ်လေ့ရှိသည်။ နိုင်ငံတစ်နိုင်ငံတွင် ဖက်ဒရယ်စနစ် စတင်ဖြစ်တည်လာပုံ သို့မဟုတ် အာဏာများမည်သို့ ခွဲဝေထားပုံကိုကြည့်၍ အတူတကွယှဉ်တွဲ နေထိုင်ရေး ဖက်ဒရယ်စနစ်           (Coming together federalism)၊ အတူပေါင်းစည်းရေး ဖက်ဒရယ်စနစ် (Holding together federalism) ဟူ၍ နှစ်မျိုးနှစ်စား ခွဲခြားနိုင်သည်။

(က)    အတူတကွယှဉ်တွဲနေထိုင်ရေး ဖက်ဒရယ်ပုံစံ (Coming together federal) မှာ မူလက လွတ်လပ်စွာတည်ရှိခဲ့သော နိုင်ငံများ (သို့မဟုတ်) ယူနစ်များက စိတ်တူကိုယ်တူဖြင့် တစ်နိုင်ငံတည်းအဖြစ် ပေါင်းစည်းကြရန် ရည်ရွယ်ပြီး ဗဟိုအစိုးရ တစ်ရပ်ကိုဖန်တီးကာ အာဏာမည်မျှအပ်နှင်းမည်နည်းဆိုသည့် သမိုင်းဆိုင်ရာ အခြေခံမှပေါ်ပေါက်လာသည့် ပုံစံ ဖြစ်ပါသည်၊ အထင်ရှာဆုံး သာဓကမှာ အမေရိကန်ပြည်ထောင်စုဖြစ်ပြီး ဆွစ်ဇာလန်နှင့် ဩစတြေးလျနိုင်ငံတို့လည်း ပါဝင်သည်။

(ခ)    အတူပေါင်းစည်းရေး ဖက်ဒရယ်ပုံစံ (Holding together) မှာ မူလဗဟိုက တစ်စုတစ်စည်းထဲ ချုပ်ကိုင်ထားသော တစ်ပြည်ထောင်နိုင်ငံရေးစနစ်မှ လိုအပ်ချက်များအရ အာဏာများကို ဗဟိုနှင့် အောက်အဆင့်များ ခွဲဝေကျင့်သုံးသည့်ပုံစံဖြစ်သည်။

၇။      ပြည်နယ်များ၏ နယ်နိမိတ်သတ်မှတ်ရာတွင် ကျင့်သုံးသောပုံစံ (၂)မျိုးရှိပြီး  ပြည်ထောင်စုအဖွဲ့ဝင် အဆင့်ဆင့်သတ်မှတ်ရာတွင် အောက်ပါစနစ် (၂) ရပ်အနက် မိမိနိုင်ငံနှင့် သင့်တော်မည့် စနစ်ကို အခြေခံ အသုံးပြုကြပါသည်-

(က)    ပထဝီအနေအထားကို အခြေခံ၍ သတ်မှတ်ခြင်း။ နယ်မြေဒေသကို အခြေခံ၍ ဖွဲ့စည်းသော စနစ်ဖြစ်သည့် အမေရိကန်ပြည်ထောင်စု၊ ဂျာမနီ၊ ဩစတြေးလျ၊ ဘရာဇီးလ်စသည့် ပြည်ထောင်စု နိုင်ငံများတွင် ပါဝင်ဖွဲ့စည်းသော ယူနစ်များမှာ လူမျိုးအမည်များကို အခြေမခံဘဲ နေထိုင်ကြ သည့် နယ်မြေဒေသများကိုသာ အခြေခံ သည်။ 

(ခ)    လူမျိုးရေးကို အခြေခံ၍ သတ်မှတ်ခြင်း။ လူမျိုးအခြေခံ၍ဖွဲ့စည်းသော ဖက်ဒရယ် ပြည်ထောင်စု စနစ်မှာ ယခုအခါ ပြိုကွဲသွားပြီးဖြစ်သော ဆိုဗီယက်ယူနီယံ၊ ယူဂိုဆလားဗီးယား၊ ချက်ကို ဆလိုဗက်ကီးယားနှင့် ဘယ်လ်ဂျီယမ် စသည်တို့ဖြစ်သည်။

၈။      ဖက်ဒရယ်စနစ်ကို နိုင်ငံ‌ပေါင်း ၁၉၃ နိုင်ငံအနက် ၂၅ နိုင်ငံမှ ကျင့်သုံးလျက်ရှိပါသည်။ ပြည်ထောင်စု စနစ် တစ်နည်းအားဖြင့် ဖက်ဒရယ်စနစ်ဆိုသည်မှာ မတူညီကွဲပြားနေသည့် တိုင်းဒေသကြီးများ၊ ပြည်နယ် များ၊ လူမျိုးများ၊ လူမျိုးစုများကို စုစည်းရာ၌ အချုပ်အခြာအာဏာကို ခွဲဝေကျင့်သုံးသည့် အယူအဆ သဘောတရားတစ်ရပ်ဖြစ်သည်။ ဖက်ဒရယ်စနစ်ကို တစ်သမတ်တည်း ပုံသေမှတ်ယူ၍ မရပါ။ ကမ္ဘာပေါ်ရှိ ဖက်ဒရယ်စနစ် ကျင့်သုံးသောနိုင်ငံများ၏ ဖက်ဒရယ်စနစ်ကျင့်သုံးမှုမှာလည်း တစ်နိုင်ငံနှင့်တစ်နိုင်ငံ မတူညီကြဘဲ နိုင်ငံ၏ကွဲပြားခြားနားသော ပထဝီဒေသ၊ လူမျိုးဘာသာများအပေါ် အခြေခံပြီး ကျင့်သုံးပုံ အမျိုးမျိုးရှိကြောင်း တွေ့ရှိရသည်။

၉။       ပြည်ထောင်စု(ဖက်ဒရယ်)စနစ် ကျင့်သုံးသည့် နိုင်ငံတော်ဆိုရာတွင် ကွဲပြားခြားနားစွာ တည်ရှိ နေသော ပထဝီအနေအထား၊ ယဉ်ကျေးမှုဓလေ့ထုံးစံ၊ ဘာသာစကား၊ စာပေ၊ သမိုင်းကြောင်း စသည့် အမျိုးသားရေးစရိုက်လက္ခဏာများအရ တိုင်းရင်းသားလူမျိုးများ၏ နယ်မြေဒေသများကို ပြည်ထောင်စုဝင် ပြည်နယ်များအဖြစ် စုစည်းသတ်မှတ်ကာ ၎င်းတို့အားလုံး၏ တူညီသောအကျိုးစီးပွားအတွက် စနစ်တကျ ဖွဲ့စည်းထားသည့် နိုင်ငံတော်၏ ဖွဲ့စည်းမှုပုံစံတစ်ရပ်ပင်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။

 

မှီငြမ်း။ NSPD