မျိုးဆက်အလီလီ တာဝန်ကျေခဲ့ကြပါသည်
Posted_Date
Image

Body
၁၈၈၅ ခုနှစ် နိုဝင်ဘာ ၂၈ ရက် နံနက် ၁၀ နာရီ။ အင်္ဂလိပ်စစ်သေနာပတိချုပ် ဂျင်နရယ်ပရင်ဒါဂတ်က တပ်များချီတက်ရန် အမိန့်ထုတ်ပြန်ပြီးနောက် အင်္ဂလိပ်စစ်သင်္ဘောများ မန္တလေးမြို့ ဂေါဝိန်ဆိပ်သို့ ဆိုက်ရောက်လာကြသည်။ တစ်မြို့လုံးတိတ်ဆိတ်ငြိမ်သက်လျက် ရှိပေသည်။
နန်းတော်အတွင်းရှိ မည်သူတစ်ဦးတစ်ယောက်မျှ လာရောက်အဆက်အသွယ်ပြုခြင်း မရှိသဖြင့် ကာနယ်စလေဒင်တို့လူစု ရှေ့ဆောင်လမ်းပြ၍ ခေါ်ဆောင်သွားသော အင်္ဂလိပ်တပ်များသည် မြို့ရိုး၏ တောင်ဘက်တံခါးဝသို့ ညနေ ၃ နာရီတွင် ရောက်ရှိသွားကြသည်။ ထိုတံခါးမှ အတားအဆီးအခုအခံမရှိဘဲ ဝင်ရောက်သွားပြီးနောက် နန်းတော်သစ်တပ်အရှေ့ဘက်တံခါးဆီသို့ ဆက်လက်ချီတက်သွားကြ၏။ ထိုသစ်တပ်အရှေ့ဘက်တံခါးဝတွင် မိနစ်အနည်းငယ်မျှ အပန်းဖြေကြပြီးနောက် ကင်းဝန်မင်းကြီးကို စောင့်ဆိုင်းနေကြသည်။
ဤသို့စောင့်ဆိုင်းနေကြစဉ် ခပ်ဝေးဝေးမှ ကင်းဝန်မင်းကြီးဆင်စီး၍ အမြန်လာရောက်နေ သည်ကိုတွေ့ကြရ၏။ ထို့နောက် ကင်းဝန်မင်းကြီးက ကာနယ်စလေဒင်တစ်ဦးတည်းသူနှင့်အတူ နန်းတော်ထဲသို့ ဝင်ရောက်လိုက်ပါစေလိုကြောင်း၊ အတူပါလာသော အင်္ဂလိပ်တပ်များအား မည်သည့်အကြောင်းနှင့်မျှ သစ်တပ်အတွင်းသို့ ဝင်ရောက်ခွင့်မပြုကြောင်း ပြောကြားလေသည်။
သို့ဖြင့် ကာနယ်စလေဒင်သည် ရှေးဦးစွာ ကင်းဝန်မင်းကြီးနှင့်အတူ လွှတ်တော်ရုံးသို့ ရောက်ရှိသွား၏။ ထို့နောက် ကာနယ်စလေဒင်သည် ကင်းဝန်မင်းကြီးနှင့် မှူးမတ်များလိုက်ပါလျက်သီပေါမင်းရှိရာ ရွှေနန်းတော်ဆောင်သို့ ဝင်ရောက်၍ တွေ့ဆုံပြီး အိန္ဒိယဘုရင်ခံချုပ်အမိန့်အရ အရှင်နှစ်ပါးကို ကောင်းစွာစောင့်ရှောက်ဆောင်ယူခဲ့ရန် လာရောက်ခြင်းဖြစ်ကြောင်း လျှောက်ထားလေသည်။
သီပေါမင်းက “ယခုချက်ချင်း မိမိကိုရပ်ဝေးသို့ ရုတ်တရက်ခေါ်ဆောင်သွားမည့်အစား နန်းတော်တွင်းမှာပင် တစ်ရက်နှစ်ရက်မျှ စံမြန်းနေလိုကြောင်း၊ ဤအတွင်း မိမိသည် နန်းတော်မှဆင်း၍ တောင်ဥယျာဉ်တော်ရှိ နွေရာသီစံနန်းသို့ ပြောင်းရွှေ့စံနေတော်မူရန် ဆန္ဒရှိကြောင်း” ကာနယ်စလေဒင်အား မိန့်ကြားခဲ့သည်။
ကာနယ်စလေဒင်က ဤအခွင့်ကိစ္စအတွက် မိမိသည် စစ်သေနာပတိချုပ် ဂျင်နရယ် ပရင်ဒါဂတ်ထံ အကြောင်းကြားပေးမည်ဖြစ်ကြောင်း၊ သို့ရာတွင် မနက်ဖြန်ကျလျှင် ဘုရင်မင်းမြတ်သည် စစ်သေနာပတိချုပ်ထံ မိမိကိုယ်ကိုပေးအပ်ရန်လိုအပ်ကြောင်း ပြန်လည်လျှောက်ထားပြီး နန်းတော်မှ ပြန်လည်ထွက်ခွာကာ ပရင်ဒါဂတ်ထံ သတင်းပို့လေသည်။ ထိုအတောအတွင်း သီပေါမင်းသည် နန်းတော်တောင်ဥယျာဉ်ရှိ နွေရာသီစံအိမ်တော်တွင် စံမြန်းနေရာ ဟမ်ရှိုင်းယားတပ်မဟာမှ တပ်သားများက အထပ်ထပ်စောင့်ကြပ်ထားသည်။
နိုဝင်ဘာ ၂၉ ရက် နံနက်ပိုင်းတွင် အင်္ဂလိပ်တပ်များသည် ဂေါဝိန်ဆိပ်မှစတင် ချီတက်သွားကြရာ မွန်းလွဲပိုင်းတွင် နန်းတော်သို့ရောက်ရှိကြသည်။ ဂျင်နရယ်ပရင်ဒါဂတ်သည် အရေးပါသောဝန်ကြီး လေးပါးကိုခေါ်ယူပြီးလျှင် ကာနယ်စလေဒင်တို့နှင့်အတူ သီပေါမင်းကို သွားရောက်တွေ့ဆုံပြီးနောက် သီပေါမင်းနှင့်မိဖုရားအား ယခုပင်သင်္ဘောဖြင့် ခေါ်ဆောင်သွားတော့မည်ဖြစ်ကြောင်း ပြောကြားလေသည်။ ဘုရင်နှင့် မိဖုရားတို့က ရက်ရွှေ့ဆိုင်းနိုင်လျှင် ရက်ရွှေ့ပေးရန် မေတ္တာရပ်ခံခဲ့ကြသော်လည်း ပရင်ဒါဂတ်က မဖြစ်နိုင်ကြောင်း၊ ယခုချက်ချင်းလိုက်ပါရန် ပြင်ဆင်မှုပြုတော်မူပါဟု ပြောကြားပြီး နန်းတော်မှ စတင်ထွက်ခွာရန်တပ်များကို အစီအစဉ်ပြုလုပ်လေတော့သည်။
ညနေ ၃ နာရီခွဲအချိန်တွင် အင်္ဂလိပ်တပ်များသည် မင်းမိဖုရားနှစ်ပါးကို ခေါ်ဆောင်၍ နွေရာသီစံအိမ်မှ စတင်ထွက်ခွာခဲ့ကြလေသည်။ မြို့တော်ပြလမ်းမကြီး နံဘေးတစ်လျှောက်တွင်လည်းကောင်း၊ လမ်းဆုံလမ်းမများတွင်လည်းကောင်း မြို့သူမြို့သားများသည် ကြိတ်ကြိတ်တိုးလျက် ငိုကြွေးကြရင်းကပင်လျှင် အရှင်နှစ်ပါးအား နောက်ဆုံးဖူးမြော်ခြင်းဖြင့် ဖူးမြော်နှုတ်ဆက်ကြလေသည်။ ညနေ ၆ နာရီ ၁၅ မိနစ်အချိန်တွင် ဂေါဝိန်ဆိပ်သို့ ရောက်ရှိပြီး ဘုရင်နှင့်တကွ မိဖုရားအခြွေအရံများကို “သူရိယ” သင်္ဘောပေါ်သို့ ပို့ဆောင်ထားလိုက်၏။ ထိုနေ့ကား မြန်မာတို့မမေ့နိုင်သော မြန်မာသက္ကရာဇ် ၁၂၄၇ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်နေ့ ဖြစ်လေသည်။
ထို့နောက် ၁၈၈၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ တွင် အထက်မြန်မာနိုင်ငံနှင့်တကွ သီပေါမင်းပိုင်ဆိုင်အုပ်စိုးခဲ့ကြသော နယ်မြေတို့ကို အင်္ဂလိပ်ဧကရီ ဘုရင်မကြီးပိုင် နယ်မြေတစ်ခုအဖြစ် သိမ်းယူကြောင်း အိန္ဒိယဘုရင်ခံချုပ် လော့ဒ်ဒပ်ဖရင်က လက်မှတ်ရေးထိုးကြေညာချက်ထုတ်ပြန်လိုက်လေ သည်။
ဤသို့အားဖြင့် နှစ်ပေါင်းများစွာ ကိုယ့်ထီးကိုယ့်နန်းကိုယ့်ကြငှန်းဖြင့် ခမ်းနားထည်ဝါစွာ ရပ်တည်ခဲ့သော မြန်မာတို့သည် သီပေါမင်းအဖမ်းခံရသော တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်နေ့မှ စ၍ အင်္ဂလိပ်တို့လက်အောက် သူ့ကျွန်ဘဝသို့ ကျရောက်ခဲ့ကြရလေသည်။
မြန်မာတို့ စစ်ရှုံးရသော အကြောင်းအချက်များစွာရှိသည့်အနက် နိုင်ငံရေးညီညွတ်မှုမရှိခြင်း၊ လက်နက်ချင်းကွာခြားခြင်း၊ လေ့ကျင့်မှုမတူညီခြင်းတို့ကြောင့် ဖြစ်သည်။ အင်္ဂလိပ်တို့နှင့်ဖြစ်ပွားခဲ့သော စစ်ပွဲသုံးပွဲစလုံးတွင် ပါဝင်တိုက်ခိုက်ခဲ့ကြသော မြန်မာတပ်မှူး၊ တပ်သားတို့၏ သူရသတ္တိနှင့် ဇွဲဝီရိယတို့ညံ့ခဲ့ကြ၍မဟုတ်ဟု သမိုင်းပညာရှင်များက ဆိုခဲ့ကြသည်။
ပထမစစ်ပွဲ (၁၈၂၄-၁၈၂၆)တွင် ဦးစီးခဲ့သော စစ်သူကြီးမဟာဗန္ဓုလနှင့် ဝက်ထီးကန်တိုက်ပွဲတွင် အင်္ဂလိပ်တို့ကို တပ်လုံးပြုတ်လုနီးပါးချေမှုန်းခဲ့သော ဗိုလ်ချုပ်မဟာနေမျိုးတို့၏ စစ်စွမ်းရည်နှင့် သူရသတ္တိကို အင်္ဂလိပ်တို့ကပင် စံနမူနာတင်ကြရ၏။ ဒုတိယစစ်ပွဲ (၁၈၅၂-၁၈၅၄)တွင်လည်း ရွှေတိဂုံကုန်းခံတပ်ကိုဦးစီးသော မြို့ဝန်သတိုးမင်းကြီး မဟာမင်းလှမင်းခေါင်၊ ပဲခူးစစ်နယ်ဝှန်းတွင် ဦးစီးသော တောင်တွင်းကြီးမြို့စား မင်းရဲမင်းခေါင်ကျော်၊ ပြည်မြို့စစ်နယ်ဝှန်းကိုဦးစီးခဲ့သော ဗိုလ်မှူးဝန်ကြီး သတိုးသုဓမ္မမဟာမင်းခေါင် စသောတပ်မှူးကြီးများသည် ဇွဲသတ္တိကြီးမားစွာဖြင့် တိုက်ခိုက်ခဲ့ကြသည်။
တတိယစစ်ပွဲ (၁၈၈၅-၁၈၈၆)၌ မင်းလှခံတပ်မှ နေ၍ သဲသဲမဲမဲခုခံတိုက်ခိုက်ခဲ့သော ဗိုလ်ချုပ်မဟာသမိန်ဗရမ်းနှင့် တပ်မှူးတို့၏ ဇာတိမာန်စိတ်ဓာတ်နှင့် သူရသတ္တိမှာလည်း ရန်သူတို့ကပင် လေးစားချီးကျူးခြင်းခံခဲ့ရ၏။
မင်းလှခံတပ်တိုက်ပွဲနှင့်ပတ်သက်၍ အင်္ဂလိပ်သတင်းစာဆရာ၊ သမိုင်းဆရာတစ်ဦးဖြစ်သူ ဂရက်တန်ဂျယ်ရီက “မည်သို့ပင်ဖြစ်စေ၊ မြစ်အနောက်ဘက်ကမ်းမင်းလှခံတပ်မှ မြန်မာတပ်များသည် အားတက်သရော တိုက်ခိုက်သွားပေသည်။ အဂတိတရားမလိုက်စားဘဲ အမှန်အတိုင်းပြောရလျှင် မြန်မာတို့ကို သူရဲဘောကြောင်သောသူများဟု အညွန့်ချိုးနှိမ်ချခြင်းမပြုသင့်ပါ။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ရဲရဲရင့်ရင့်ဇွဲနဘဲကြီးစွာ အားသွန်တိုက်ခိုက်ခဲ့သောကြောင့်ဖြစ်သည်” ဟု ဝေဖန်ရေးသားခဲ့သည်။
သမိုင်းဆရာတစ်ဦးဖြစ်သူ ဒေါက်တာဒီ၊ ဒီဆင်ဟာကလည်း “အရှုံးပေးအညံ့ခံရသည်ထက် အမျိုးသားဇာတိမာန်စိတ်ဖြင့် တိုက်ခိုက်ရင်းသေသွားသည်ကမှ ကောင်းသေး၏ဟု ယူဆကာ တိုက်ခိုက်သွားကြလေသည်”ဟု ရေးသားခဲ့လေသည်။
ထို့အတူ နယ်ချဲ့အင်္ဂလိပ်တို့၏ လက်အောက်သူ့ကျွန်ဘဝသို့ မြန်မာနိုင်ငံကျရောက်ချိန်တွင်လည်း “သိင်္ဃတန်ဆောင်၊ ဘုန်းတော်မှောင်၍၊ ကုန်းဘောင်နေမီး၊ မထိန်ညီးက၊ တိုင်းကြီးပြည်ကြီး၊ အချည်းနှီးလျှင်၊ ထီးသုဉ်းနန်းသုဉ်း၊ မြို့သုဉ်းသုည၊ သုဉ်းသုံးဝဖြင့်၊ ဖြစ်လာရလေ၊ တို့တတွေသည်၊ သေသော်မှတည့်၊ ဪ-ကောင်း၏”ဟူသော ဆီဘန်းနီဆရာတော်၏ “တဖန်မှတ်စေ” ချီရတု ကဲ့သို့ မြန်မာ့ထီးနန်း ကျိုးပျက်ခြင်းကိုမခံနိုင်သော မျိုးချစ်ပုဂ္ဂိုလ်များသည် နယ်ချဲ့လက်အောက် သူ့ကျွန်ဘဝတွင် အသက်ရှင်နေရခြင်းထက် အမျိုးဘာသာသာသနာအတွက်၊ လွတ်လပ်ရေးအတွက် တိုက်ရင်းသေရသည်ကကောင်းသေး၏ဟူသော ဇာတိမာန်ဖြင့် စစ်နိုင်သောအင်္ဂလိပ်တို့ကို တော်လှန်တိုက်ခိုက်ခဲ့ကြပြန်လေသည်။
ထိုသို့ ဇွဲသတ္တိကြီးမားစွာ တွန်းလှန်တိုက်ခိုက်ခဲ့ကြသော မြင်းစိုင်းမင်းသား၊ လင်းပင်မင်းသား၊ ရွှေဂျိုးဖြူ မင်းသား၊ ဝန်းသိုစော်ဘွား ဦးအောင်မြတ်၊ မင်းကြီးရွှေလရောင်ဘွဲ့ခံ ဦးမင်းရောင်၊ ဗိုလ်ချို၊ ဗိုလ်ရာညွန့်၊ ဗိုလ်ရွဲစသော အနယ်နယ်အရပ်ရပ်မှ တိုင်းရင်းသား မျိုးချစ်အင်အားစုများကို အင်္ဂလိပ်တို့ သည် ရှစ်နှစ်ကြာမျှ နှိမ်နင်းခဲ့ကြရလေသည်။
တစ်ဖန် သက္ကရာဇ် ၁၂၄၇ ခုနှစ်တွင် မြန်မာတို့၏ နောက်ဆုံးဘုရင် သီပေါမင်းပါတော်မူပြီးနောက် သူ့ကျွန်ဘဝတွင် မြန်မာတို့အလေးအမြတ်ကိုးကွယ် ဆည်းကပ်ရာ ဗုဒ္ဓမြတ်စွာသာသနာတော်မှာလည်း မှေးမှိန်လာခဲ့သည်။ လူသူစည်ကားရာ မြို့ကြီးပြကြီးတွင် မှီခိုသီတင်းသုံးတော်မူကြသော ရဟန်းသံဃာတော်များပင် ဆွမ်း၊ ကွမ်းပါးရှားလာရာ စစ်ကိုင်းတောင်ရိုးပျော် ရဟန်းသံဃာတော်များကား ဆိုဖွယ်ရာပင်မရှိအောင် ပို၍ခက်ခဲလာခဲ့ကြသည်။
သို့နှင့် အမျိုး၊ ဘာသာ၊ သာသနာအကျိုးကို ရှေးရှုသောအားဖြင့် မန္တလေးမြို့ခံ၊ မြို့မိ မြို့ဖများနှင့် ပြည်သူများသည် ဘုရင်မရှိလို့ သာသနာပျက်ရ လေခြင်းအဖြစ်မျိုး မဖြစ်ရလေအောင် သာသနာတော်ဆက်လက်ရှင်သန်ပြန့်ပွားနိုင်ရေးအတွက် ဘုရင်ပါတော်မူပြီး ၁၁ နှစ်အကြာ ၁၂၅၈ ခုနှစ်တွင် မလွန်ဆန်လှူအသင်းကြီးကိုလည်းကောင်း၊ ပါတော်မူပြီး ၁၃နှစ်အကြာ ၁၂၆၀ ပြည့်နှစ်တွင် ပရိ ယတ္တိသာသနဟိတအသင်းကြီးကိုလည်းကောင်း ဖွဲ့စည်းတည်ထောင်ခဲ့ကြသည်။
လမင်း၏အလယ်တွင် ယုန်မင်းတံဆိပ်ခတ်နှိပ်ထားသော မလွန်ဆန်လှူအသင်းကြီးသည် စစ်ကိုင်းတောင်ရိုး၌ တရားရှာမှီးနေကြသော ရဟန်းသံဃာတော်၊ သီလရှင်နှင့် သူတော်စင်များအား မြန်မာဗုဒ္ဓ ဘာသာဝင် ရှင်ဘုရင်အဆက်ဆက်က ပစ္စည်းလေးပါး ထောက်ပံ့လှူဒါန်းသည့် နည်းတူ ဆွမ်း ဆန်တော်များကို ဆက်လက်ထောက်ပံ့လှူဒါန်းခဲ့ ကြပါသည်။
ထို့အတူ ပရိယတ္တိသာသနဟိတအသင်းကြီးကလည်း သီပေါမင်းပါတော်မူပြီးနောက် သူ့ကျွန်ဘဝတွင် မြို့ပျက်မတတ်ဖြစ်ပြီး သံဃာတော်များလည်း လျော့နည်းကာ သာသနာမှေးမှိန်သထက်မှေးမှိန်လာသည့်အတွက် ကျောင်းတိုက်ကြီးများမှ ကျန်ရှိရစ်ခဲ့သည့် စာချဆရာတော်ကြီးများ၏ စာရင်းကိုလိုက်ယူကာ လစဉ်ဆွမ်းဆန်တော်များနှင့်အတူ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်များပါလှူဒါန်းခဲ့ကြသည်။ ထို့ပြင် စာတော်ပြန်ပွဲ မကျင်းပနိုင်ခဲ့သည်မှာ ၁၈ နှစ်ခန့်ရှိလာသဖြင့် ၁၂၆၅ ခုနှစ်တွင် ပရိယတ္တိသာသနဟိတအသင်းကြီးက စာပြန်ပွဲကို စတင်ကျင်းပပေးခဲ့သည်။ စာပြန်ပွဲများကို သကျသီဟဘုရားကြီးဝင်းအတွင်းရှိ ဦးသာညှင်း၏ ကိုးခန်းအုတ်ဇရပ်ကြီးတွင်ကျင်းပခဲ့ရာမှ ပရိယတ္တိစာမေးပွဲများကို ရဟန်းလောကက “သကျသီဟစာမေးပွဲ” ဟု ခေါ်ဝေါ်ခဲ့ကြသည်။
မလွန်ဆန်လှူအသင်းကြီးနှင့် ပရိယတ္တိသာသနဟိတအသင်းကြီးကို မြို့လူထုနှင့်တကွ မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်မှ ဗုဒ္ဓဘာသာဝင်ပြည်သူအပေါင်းက ဝိုင်းဝန်းလှူဒါန်းခဲ့ကြရာမှ ယခုဆိုလျှင် နှစ်ပေါင်း ၁၀၀ ကျော် သမနိရှည်ကာ ဗုဒ္ဓမြတ်စွာသာသနာတော်ကြီးကို ထိထိရောက်ရောက် အကျိုးပြုလျက်ရှိသည်။ တိပိဋကဓရမင်းကွန်းဆရာတော်ကြီးကလည်း မလွန်ဆန်လှူအသင်းကြီးကို သာသနာ၏ မိခင်အသင်း၊ ပရိယတ္တိသာသနဟိတအသင်းကြီးကို သာသနာ၏ ဖခင်အသင်းအဖြစ် အသိအမှတ်ပြု သတ်မှတ်တော်မူခဲ့ပါသည်။
ထို့အတူ မြန်မာတို့သည် အမျိုးဘာသာသာသနာအကျိုးအတွက် ဝိုင်အမ်ဘီအေခေါ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီးကို ၁၉၀၆ ခုနှစ် မေလ ၁၀ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပြန်ပါသည်။ ဝိုင်အမ်ဘီအေကဲ့သို့ မြန်မာအသင်းအပင်းများ မပေါ်ပေါက်သေးချိန်က တိုင်းသူပြည်သားများသည် နယ်ချဲ့ဗြိတိသျှတို့၏ အုပ်ချုပ်ခံသက်သက်ပင်ဖြစ်ခဲ့သည်။ ဝိုင်အမ်ဘီအေပေါ်ပေါက်လာသောအခါ “အမျိုးဘာသာသာသနာပညာ” ဆိုသည့် ခေါင်းစဉ်အောက်မှ တိုင်းရေးပြည်မှုများကို ဆွေးနွေးတိုင်ပင်ခဲ့ကြပြီး ဗြိတိသျှအစိုးရထံတင်ပြတောင်းဆိုခဲ့ကြသည်။
သာသနာ့မြေနှင့် ဘုရားပုထိုးစေတီရင်ပြင်များတွင် နိုင်ငံခြားသားများ ဖိနစ်စီးသွားလာနေကြသည့်အတွက် ဖိနပ်ပြဿနာပေါ်ပေါက်လာသောအခါတွင်လည်း ဝိုင်အမ်ဘီအေအသင်းကြီးကပင် တိုင်းပြည်ကိုယ်စားဗြိတိသျှအစိုးရကို အရေးဆိုခဲ့ပါသည်။
တစ်ဖန် အိန္ဒိယကို အုပ်ချုပ်ရေးအဆင့်အတန်းတိုးပေးရန် ဗြိတိသျှအစိုးရကစီစဉ်သည့်အခါတွင်လည်း မြန်မာပြည်ကိုအလားတူ တိုးမြှင့်ပေးရန် ဝိုင်အမ်ဘီအေက ဦးစု၊ ဦးဖေ၊ ဦးဘဘေ၊ ဦးမေအောင်တို့လေးဦးကို အိန္ဒိယသို့ကိုယ်စားလှယ်လွှတ်ကာ အရေးဆိုခဲ့သည်။ သို့ရာတွင် ဗြိတိသျှအစိုးရက မြန်မာပြည်ကိုအုပ်ချုပ်ရေးတိုးမပေးဘဲ ချန်လှပ်ခဲ့သဖြင့် ၁၉၁၉ ခုနှစ်တွင် ဦးဘဘေ၊ ဦးပု၊ ဦးထွန်းရှိန် “ဘေ-ပု-ရှိန်” ကိုယ်စားလှယ်ကြီး သုံးဦးကို ဝိုင်အမ်ဘီအေကပင် အင်္ဂလန်သို့စေလွှတ်ကာ ထပ်မံအရေးဆိုစေခဲ့သည်။
၁၉၂၀ ပြည့်နှစ်တွင် ဝိုင်အမ်ဘီအေမှ ဂျီစီဘီအေအဖြစ် တိုးချဲ့ဖွဲ့စည်းကာ ဟုမ္မရူး (Home Rule) ခေါ် ကိုယ်ပိုင်အုပ်ချုပ်ရေးကို တောင်းဆိုခဲ့ပြန်သည်။ ထိုမှအစပြု၍ မြန်မာပြည်သူများ တစ်မျိုးသားလုံးနှင့်သက်ဆိုင်သည့် အရေးကိစ္စများတွင် နိုးနိုးကြားကြားပါဝင်လာခဲ့ကြ၍ ဝိုင်အမ်ဘီအေအသင်းကြီးကို “မြန်မာနိုင်ငံရေးအစ ဝိုင်အမ်ဘီအေက”၊ “လွတ်လပ်ရေးအစ ဝိုင်အမ်ဘီအေက”၊ “ဝံသာနုရက္ခိတအစ ဝိုင်အမ်ဘီအေ”က စသည်ဖြင့် ဆိုစမှတ်ပြုခဲ့ကြလေသည်။
ဝိုင်အမ်ဘီအေ၊ ဂျီစီဘီအေမှသည် ၁၉၃၀ ပြည့်နှစ်တွင် တို့ဗမာအစည်းအရုံးပေါ်ပေါက်လာသည်။ မြန်မာလူမျိုးများသည် ကျွန်လူမျိုးမဟုတ်၊ ကိုယ့်မင်းကိုယ်ချင်းသခင်ဘဝဖြင့် နှစ်ပေါင်းများစွာ ရပ်တည်လာခဲ့သော လူမျိုးဖြစ်၍ “သခင်မျိုးဟေ့- တို့ဗမာ” ဟူသည့် ကြွေးကြော်သံနှင့်အတူ နာမည်ရှေ့တွင် သခင်ဘွဲ့ခံခဲ့ကြလေသည်။ ထို့အတူ -
“ဗမာပြည်သည် - တို့ပြည်
ဗမာစာသည် - တို့စာ
ဗမာစကားသည် - တို့စကား
တို့ပြည်ကို - ချစ်ပါ
တို့စာကို - ချီးမြှင့်ပါ
တို့စကားကို - လေးစားပါ”
ဟူ၍ တပ်လှန့်ကြွေးကြော်ခဲ့ကြသည်။ တို့ဗမာအစည်းအရုံးကို သခင်ဘသောင်းက စတင်တည်ထောင်ခဲ့သည်။
ထို့နောက် တို့ဗမာအစည်းအရုံးမှသည် ဗိုလ်ချုပ် အောင်ဆန်းအမှူးပြုသော ရဲဘော်သုံးကျိပ်နှင့်အတူ ဗမာ့လွတ်မြောက်ရေးတပ်မတော်(BIA)၊ ဗမာ့ကာကွယ်ရေးတပ်မတော် (BDA) ပေါ်ပေါက်လာကာ နယ်ချဲ့တော်လှန်ရေး၊ ဖက်ဆစ်တော်လှန်ရေးများကို ဆက်တိုက်ဆင်နွှဲခဲ့ပြီး စစ်ပြီးခေတ်တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ဖဆပလအဖွဲ့ချုပ်၏ဦးဆောင်မှုဖြင့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံသည် နယ်ချဲ့ဗြိတိသျှ၏ အထက်မြန်မာနိုင်ငံကို နှစ်ပေါင်း ၆၀ ကျော်၊ အောက်မြန်မာပြည်ကို နှစ်ပေါင်း ၁၀၀ ကျော်အုပ်ချုပ်ခဲ့သည့် သူ့ကျွန်ဘဝမှလွတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံတော်အဖြစ် လွတ်လပ်ရေးကို ပြန်လည်ရယူနိုင်ခဲ့ပေသည်။
ယခုလာမည့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ သည် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အခါ သမယဖြစ်သည်။ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယတွင် တို့ကိုယ်ကျိုးလုံးလုံးမပါ၊ နောင်လာ နောက်သားကောင်းစားဖို့ရာဟူသည့် မွန်မြတ်သည့် စိတ်ထားဖြင့် မြန်မာ့လွတ်လပ်ရေးအတွက် အသက်သွေးချွေးများစွာပေးဆပ်ပြီး တာဝန်ကျေပွန်ခဲ့ကြသည့် အတိတ်ကမျိုးဆက်များနည်းတူ မျိုးဆက်သစ်များအနေဖြင့်လည်း ကိုယ်စီကိုယ်စီတာဝန်ကျေပွန်ကြရပါမည်။
မျက်မှောက်ကာလတွင် ကိုလိုနီနယ်ချဲ့လက်သစ်တို့သည် နိုင်ငံငယ်များအပေါ် ၎င်းတို့ဩဇာလွှမ်းမိုးနိုင်ရေးအတွက် နောက်ကွယ်မှကြိုးကိုင်ကာ အချင်းချင်းအကြားသွေးခွဲ၍ အိမ်ကြက်ချင်း အိုးမဲသုတ်ခွပ်ခိုင်းလျက်ရှိပေသည်။
သို့ဖြင့် အတိတ်က စည်းလုံးညီညွတ်မှု ပျက်ပြားခဲ့ရာမှ သီပေါမင်းပါတော်မူပြီး အချုပ်အခြာအာဏာနှင့် လွတ်လပ်ရေးဆုံးရှုံးခဲ့ရသည့်ဖြစ်စဉ်အပေါ် သမိုင်းသင်ခန်းစာရယူပြီး ကမ္ဘာတည်သရွေ့ အမိပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး တည်တံ့ခိုင်မြဲရေးအတွက် လွတ်လပ်ရေးကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးမှာ လက်ရှိမျိုးဆက်များနှင့် အနာဂတ်မျိုးဆက်သစ်များ၏ သမိုင်းပေးတာဝန်တစ်ရပ်သာဖြစ်ပေသည်။ ။
ကိုးကား - နတ်မောက်ဘုန်းကျော်၏
“အင်္ဂလိပ်-မြန်မာ စစ်သမိုင်း”
Source: www.moi.gov.mm