သူတို့ ပြင်းပြင်းထန်ထန်ကြိုးစားလေ့ကျင့်နေတာကြည့်ပြီး မိမိတို့ကိုယ်တိုင်မှာ ယုံကြည်ချက်တွေ တိုးလာတယ်။ သေချာပါတယ်။ သူတို့ဆီမှာရှိနေတဲ့ အနိုင်ယူမယ်ဆိုတဲ့ ယုံကြည်ချက်၊ အောင်ပွဲအလီလီရယူ မယ်ဆိုတဲ့ခံယူချက်၊ တစ်နည်းအားဖြင့် အောင်စိတ်၊ မောပန်းရုံနဲ့မရပ်၊ နိုင်မှရပ်မယ်ဆိုတဲ့ အောင်စိတ်မျိုး။ အောင်စိတ်ချည်းပဲမဟုတ်ပြန်၊ အနိုင်ရအောင် ဘယ်လိုပြင်ဆင်မလဲ၊ ဘယ်လိုလေ့ကျင့်မလဲဆိုတဲ့ နည်းစနစ်၊ ဒါမှသာ အကောင်းဆုံးစွမ်းဆောင်ရည်တွေပြသပြီး အကောင်းဆုံးယှဉ်ပြိုင်အနိုင်ယူ၊ ဆုတံဆိပ်တွေရပြီဆိုတဲ့ ရလဒ်ကောင်းကိုမြင်ရမယ်။
အနိုင်မခံ၊ အရှုံးမပေးခံယူချက်ရှိနေကြတဲ့အတွက် သူတို့ဟာနိုင်ငံအတွက် သူရဲကောင်းတွေ ဖြစ်မှာမလွဲ၊၊ ပြိုင်ပွဲအကြို ကြိုတင်မွေးထားရမယ့်ခံယူချက်နဲ့ စိတ်ဓာတ်တွေမှာ အရေးအကြီးဆုံးကကြုံရနိုင်တဲ့ စိုးရိမ်စိတ်တွေ၊ ဖိအားတွေပဲ၊ လျှော့ချထားရမယ်၊ ကြောက်စိတ်တွေ အငုံ့စိတ်တွေမထားရ၊ အရေးအကြီးဆုံးက စိတ်ဓာတ်ပါပဲ။ ကြောက်စိတ်နေရာမှာ အောင်ပွဲဆာလောင်စိတ်နဲ့ အစားထိုး၊ မိမိကိုယ်မိမိယုံကြည်မှုကို အမြင့်ဆုံးမှာတည်ဆောက်ကြဖို့ပဲ။
အားကစားမှာ 5 S’s ဖြစ်တဲ့ stamina, speed, strength, skill and spirit ဆိုတာရှိတယ်၊ သူတို့အားလုံး တစ်ခုနဲ့တစ်ခု ဟန်ချက်ညီနေရမယ်။ ခံနိုင်ရည်၊ ခွန်အား၊ အမြန်နှုန်း၊ ကျွမ်းကျင်မှုနဲ့ စိတ်ဓာတ်။ ထိုငါးချက်မှာ ကြိုတင်ပြင်ဆင်အောင်ပွဲဝင်၊ စိတ်ဓာတ်ကောင်းရင် အောင်ပွဲဆင် ဆိုတဲ့အတိုင်း မိမိတို့ရဲ့စိတ်ပိုင်းဆိုင်ရာစေ့ဆော်မှုတွေနဲ့အတူ ရုပ်ပိုင်းဆိုင်ရာ အင်အားတွေကို စုစည်းပြီး အကောင်းဆုံးသော အင်အားထုကြီးကို တည်ဆောက်ထားကြဖို့ပါပဲ။
အကောင်းဆုံးပြိုင်ပြီး အများဆုံးဆုတွေယူခဲ့ဖို့
အားလုံးသိတဲ့အတိုင်း ထိုင်းနိုင်ငံမှာ ကျင်းပမယ့်(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲကြီးက သုံးလသာလိုပါတော့တယ်။ နေရာသုံးနေရာခွဲပြီး ဆင်နွှဲကြမယ့်ပွဲမှာ အားကစားနည်း ၅၃ မျိုးထည့်သွင်းထားပြီး မြန်မာနိုင်ငံက အားကစားနည်း ၄၀ မှာ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ အခုအချိန်မှာ ပြိုင်ပွဲဝင်ကစားသမားအားလုံး ကြိုတင်လေ့ကျင့်ပြင်ဆင်နေကြပြီလည်း ဖြစ်ပါတယ်။ အောင်ပွဲဆိုတဲ့လမ်းဆုံးမရောက်မီ လေ့ကျင့်ပြင်ဆင်ခြင်းဆိုတဲ့ခရီလမ်းမှာ လျှောက်လှမ်းနေကြတဲ့ကာလတစ်ခုပါ။ ပြင်းပြင်းထန်ထန် လေ့ကျင့်ကြရင်းဖြင့် နိုင်ငံနဲ့ပြည်သူတစ်ရပ်လုံးရဲ့ အားပေးမှုနဲ့အတူ ကိုယ့်ကိုယ်ကိုယ်လည်း ပြန်ပြီးတွန်းအားပေးနေရတဲ့ အရေးကြီးဆုံးကာလအတွင်းမှာပါ။
ဝင်ရောက်ယှဉ်ပြိုင်တဲ့ အမျိုးအစားပေါင်းက ပြိုင်ခဲ့ဖူးသမျှ အကြိမ်တိုင်းမှာ အခုပြိုင်ပွဲက ၇၅ ရာခိုင်နှုန်းနဲ့ အများဆုံးဖြစ်ပါတယ်။ အားကစားသမား၊ နည်းပြ၊ အုပ်ချုပ်သူအရေအတွက်အားဖြင့်လည်း အများဆုံးဖြစ်ပါလိမ့်မယ်။ အရေးကြီးဆုံးက အခြားနိုင်ငံတွေမှာကျင်းပခဲ့တဲ့ ယခင်ပြိုင်ပွဲအားလုံးထက် ယခုဆီးဂိမ်းမှာ အကောင်းဆုံးဝင်ပြိုင်ပြီး ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်အများဆုံးရယူပေးနိုင်ဖို့ကသာ အဓိကဖြစ်တယ်။
စီမံမှုကောင်းတွေနဲ့အတူ ဖြစ်လာမယ့် အမှန်တကယ်အိပ်မက်
စိတ်ဓာတ်အင်အား၊ ရုပ်ပိုင်းအင်အားတွေကို အကောင်းဆုံးဖြစ်အောင် တည်ဆောက်ထားရမယ် လို့ဆိုခဲ့ပါတယ်။ စိတ်ပိုင်း၊ ရုပ်ပိုင်းကြံ့ခိုင်အောင်အတွက် စီမံမှုကောင်းတွေရှိပြီးဖြစ်ပေမယ့် မိမိကိုယ် မိမိတည်ဆောက်ရမယ့်အပိုင်းက ပိုပြီးအဓိကကျပါလိမ့်မယ်။ အခြေခံအားဖြင့်တော့ နိုင်ငံအတွက်၊ တစ်မျိုးသားလုံးအတွက် မြန်မာဆိုတဲ့စိတ်နဲ့ ပြိုင်နိုင်ရမယ်၊ အနိုင်ယူနိုင်ရမယ်။ ဆုတံဆိပ်တွေရခဲ့ရင် ပြည်သူနဲ့နိုင်ငံတော်က ချီးမြှင့်မယ့်ဆုလာဘ်တွေက မိမိတို့ရဲ့ပန်းတိုင်ကို တွန်းအားဖြစ်စေသလို ထိုချီးမြှောက်ခဲ့မှုများကပင် အောင်ပွဲဆီ အမှန်တကယ်လည်း ရှေးရှုပါတယ်။
အရေးအကြီးဆုံးက မိမိကိုယ်တိုင်သာလျှင်ပါ၊ လေ့ကျင့်မှုအပိုင်း၊ ပြင်ဆင်မှုအပိုင်းမှာ များစွာဝီရိယထားရပါမယ်။ နေ့ပေါင်းများစွာ၊ အပတ်ပေါင်း၊ လပေါင်းများစွာ အချိန်ယူလေ့ကျင့်ထားမှုအားလုံးက ရည်မှန်းချက်က တစ်ခုတည်းပါပဲ။ ပြိုင်ပွဲဝင် အားကစားသမားတွေဟာ အားကစားနဲ့ ဆေးဘက်ဆက်စပ်မှုအပိုင်းကို အထူးအလေးထားကြရပါတယ်။ နှလုံးအပါအဝင် ကျန်းမာရေးစစ်ဆေးမှု၊ ကြွက်သားအဆစ်ကြံ့ခိုင်မှု ဆန်းစစ်မှုတွေက နေ့စဉ်ဆောင်ရွက်ရတဲ့ အစီအစဉ်တွေဖြစ်ပါတယ်။
အာဟာရအပိုင်းမှာလည်း မိမိပြိုင်ပွဲဝင်မယ့်အားကစားနည်းနဲ့ သင့်တော်မယ့်အမျိုးအစား၊ ညီညွတ်မျှတတဲ့ အာဟာရမျိုးကို ရွေးချယ်စားသောက်ကြရတယ်။ နေ့စဉ်အစားအသောက် အစီအစဉ်အောက်မှာ အားကစားသမားတစ်ယောက် စားသင့်တဲ့ပမာဏဟာ ကျန်းမာရေးနဲ့ ညီညွတ်ရမယ့်အပြင် ပြင်းပြင်းထန်ထန်လေ့ကျင့်ထားလို့ ကုန်ခန်းသွားတဲ့ ကယ်လိုရီနဲ့ရေဓာတ်ကို ပြန်လည် ဖြည့်ဆည်းပေးရမယ့် အာဟာရအမျိုးအစား ပမာဏနဲ့ချိန်ပြီး စားသောက်ရတာမျိုးပါ။
ကြွက်သားဖွံ့ဖြိုးမှုကိုအားပေးပြီး ကိုယ်အလေးချိန်လည်းမတက်စေ၊ ကိုယ်ခံအားလည်း ကောင်းစေတဲ့ lean protein လို အစားအစာမျိုးတွေကို အားကစားအာဟာရပညာရှင်တွေရဲ့ လမ်းညွှန်မှုအောက်မှာ ကစားသမားအားလုံး တိတိကျကျ စားသောက်ကြရပါတယ်။ နောက်တစ်ချက်အရေးကြီးတဲ့ အားကစားဆိုင်ရာဆေးပညာကဏ္ဍမှာ ပြိုင်ပွဲဝင်ကစားသမားတွေရဲ့ ထိခိုက်ဒဏ်ရာရရှိ နိုင်မယ့်အန္တရာယ်ကိုလည်း ထည့်သွင်းတွက်ချက် ထားရတယ်။ မပြိုင်ခင်မှာ ထိခိုက်ဒဏ်ရာမရအောင် ကြိုတင်ကာကွယ်မှု၊ ဒဏ်ရာအနာတရဖြစ်ခဲ့ရင်လည်း ကုသမှုပရိုတိုကောလ် အစီအစဉ်တွေအတိုင်း လိုက်နာဆောင်ရွက်ကြရတယ်။
လေ့ကျင့်ပြင်ဆင်မှုအပိုင်းမှာ ရုပ်ပိုင်းဆိုင်ရာနဲ့အတူ စိတ်ပိုင်းဆိုင်ရာလေ့ကျင့်မှုကလည်း အောင်မြင်မှုအတွက် အခရာကျလွန်းပါတယ်။ အနိုင်ရလိုစိတ် ပြင်းထန်လာတဲ့အခါ စိတ်ကိုလေ့ကျင့်ထားမှ ကြုံရမယ့်ဖိစီးမှုတွေ၊ စိတ်လှုပ်ရှားမှုတွေကို လျှော့ချနိုင်မှာဖြစ်ပါတယ်။ ပြင်းပြတဲ့စိတ်ဓာတ်အပြင် တည်ငြိမ်တဲ့စိတ်ရှိနေဖို့လည်းလိုတယ်။ စိတ်တည်ငြိမ်ဖို့နဲ့ပတ်သက်ပြီး ပြိုင်ပွဲဝင်မယ့် အားကစားသမားတွေကို တရားထိုင်တဲ့ နည်းလမ်းတွေသုံးပြီး စိတ်ကိုလေ့ကျင့်ပေးကြတယ်လို့ဆိုပါတယ်။
နောက်တစ်ချက်က စည်းကမ်းပိုင်းပါ၊ ပြိုင်ပွဲစည်းကမ်းတွေဆိုတာ အလွန်အရေးကြီးပါတယ်။ လိုချင်တဲ့စိတ်နဲ့အတူ နာခံတဲ့စိတ်ရှိဖို့လည်းလိုတယ်။ အစားအသောက်ပုံစံ၊ အိပ်ရာဝင်ချိန်၊ အိပ်ရာထချိန်၊ နားချိန်ကအစပါ။ ပြိုင်ဘက်ကို အနိုင်ယူတဲ့အခါမှာ စည်းမျဉ်းစည်းကမ်းဘောင် အတွင်းက ကစားတတ်ဖို့၊ အနိုင်ယူတတ်ဖို့ အရေးကြီးပါတယ်။ တကယ်တော့ စည်းကမ်းဆိုတာ မိမိရောက်ရမယ့်ပန်းတိုင်နဲ့ ပြီးမြောက်မှုကြားက အကွာအဝေးခြားတစ်ခုသာ၊ ပန်းတိုင်နဲ့ပြီးမြောက်မှုအကြား ခင်းထားတဲ့ တံတားတစ်ခုမျှပါ။ အသင်းလိုက်ပြိုင်ပွဲတွေမှာ ပြိုင်ဘက်အသင်းနဲ့ ခိုက်ရန်ဖြစ်ပွားပြီး မိမိအသင်းအပေါ် အနုတ်လက္ခဏာ ဖြစ်မသွားအောင် စိတ်ကို ထိန်းသိမ်းနိုင်ဖို့လိုတယ်။ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး နောက်ဆက်တွဲနိုင်ငံနဲ့ လူမျိုးဂုဏ်သိက္ခာမထိခိုက်အောင် စောင့်ထိန်းရမယ့် စိတ်နေစိတ်ထားတွေ ရှိနေဖို့လိုပါတယ်။ လိုက်နာဖို့အပြင် ရင့်ကျက်မှုပါ ပြသနိုင်ဖို့လိုပါတယ်။
အောင်မြင်မှုပန်းတိုင်ဆီ ချီတက်မယ့်ခရီးလမ်းဘယ်လမ်းမဆို မချောမွေ့နိုင်ပါဘူး။ အခက်အခဲအတားအဆီးတွေရှိနိုင်တယ်။ ဘယ်လိုစီမံမှု၊ ဘယ်လိုပြိုင်ပွဲမဆို စိန်ခေါ်မှုဆိုတာ ရှိလာနိုင်တယ်။ မျှော်လင့်မထားတဲ့အချက်တွေကို ကြိုတင်မြော်တွေးထားရပါမယ်။ အထူးသဖြင့် နိုင်ငံတကာအားကစားပြိုင်ပွဲတွေမှာဖြစ်တယ်။ ဥပမာ-ရာသီဥတု အပြောင်းအလဲ၊ အစားအသောက်အပြောင်းအလဲ၊ နေရာအပြောင်းအလဲ၊ စိတ်ပိုင်းဆိုင်ရာဖိအား၊ စိတ်လှုပ်ရှားမှုတွေကနေ အိပ်စက်အနားယူခြင်းအပေါ် ထိခိုက်နိုင်မှုစတဲ့အချက်တွေကို ထည့်တွက်ရပါမယ်။ ဘယ်လိုစိန်ခေါ်မှုမျိုးဖြစ်ဖြစ်ပါ၊ စိန်ခေါ်မှုကို အခွင့်အလမ်းအဖြစ် ပြောင်းနိုင်စွမ်းရှိဖို့က ပိုအရေးကြီးပါတယ်။ ထိုသို့ပြောင်းနိုင်ခြင်းကပဲ ချန်ပီယံတစ်ယောက်၊ အောင်နိုင်သူတစ်ယောက်ရဲ့ လျှို့ဝှက်ချက်ဖြစ်ပါလိမ့်မယ်။
စိတ်ခွန်အားတွေ ပေးမြဲပေးလျက်
ဘာပဲဖြစ်ဖြစ် မြန်မာတစ်မျိုးသားလုံးက အားပေးလျက်ပါ။ မြန်မာတွေပါဝင်တဲ့ ပြိုင်ပွဲတိုင်း အားပေးနေပါတယ်။ ယခင့်ယခင်ခေတ်တွေနဲ့မတူအောင် နိုင်ငံတော်ဘက်ကလည်း အားကစားထူးချွန်သူတွေကို အလွန်အားပေးချီးမြှင့်မြှောက်စားတဲ့ အချိန်အခါကောင်းဖြစ်နေတယ်။ ပြည်သူတွေရဲ့ အားပေးမှုသြဘာသံတွေ၊ လက်ခုပ်သံတွေက သင်တို့ရဲ့စွမ်းဆောင်ရည်ကို မြင့်တက်စေမှာအမှန်ပါ။ ဒါကြောင့် နိုင်ငံ့ဂုဏ်ဆောင်မယ့် အားကစားသမားအားလုံး... မဆုတ်မနစ်သော လုံ့လနဲ့ ပုံမှန်လေ့ကျင့်ပြီး ကြိုးစားယှဉ်ပြိုင်ပေးကြပါ။
လေ့ကျင့်မှုဆိုတာ ဘယ်တော့မှပြီးဆုံးတယ်မရှိ၊ ဘယ်တော့မှလည်း အဆုံးသတ်တယ်မရှိ၊ လေ့ကျင့်နိုင်သမျှလေ့ကျင့်ပါ။ ကိုယ်ဝင်ပြိုင်မယ့် ကိုယ့်အားကစားကိုယ်ကိုယ်တိုင်ချစ်ပါ၊ တန်ဖိုးထားပါ၊ လေးစားပါ၊၊ လေ့ကျင့်မှုဆီကနေ အမြဲသင်ယူအမြဲလေ့လာပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည် မှုအမြဲရှိပါ၊
ယုံကြည်မှုရှိရင် အောင်မြေတစ်ဝက် နင်းပြီလို့မှတ်၊ ဖိအားဒဏ်ခံနိုင်အောင် စိတ်ကိုအမြဲလေ့ကျင့်ပါ။ အောင်မြင်မှုဆိုတာ ကြိုးစားမှုကြောင့်ရလာတာ အရည်အချင်းရှိလို့ရတာ၊ တိုက်ဆိုင်မှုမဟုတ်ကြောင်း ပြနိုင်ရမယ်၊၊ လဲကျမသွားနဲ့၊ ပြိုလဲမသွားနဲ့၊ လဲရင်ရုန်းထ ဘယ်တော့မှမရှုံးစေနဲ့။ ဘယ်လို အခက်အခဲရှိရှိလုပ်မယ်၊ ကိုင်မယ်ဆိုတဲ့ စိတ်ဓာတ်ကသာ အခရာ။ အသင်းလိုက်မှာ သက်သောင့် သက်သာနဲ့လိုက်မယ်ဆိုတဲ့စိတ် ဘယ်တော့မှမတွေးပါနဲ့၊၊ ချွေးထွက်များမှ သွေးထွက်နည်းမယ်၊ အနာခံမှအသာစံရမယ့် စိတ်ဓာတ်နဲ့အတူ မိမိဘဝတစ်သက်တာဂုဏ်ယူနေရမယ့် ချန်ပီယံဆိုတဲ့ ဆုလာဘ်အတွက်ယခု ခဏတာနာကျင်မှုတွေကို မေ့ထားလိုက်ပါ၊ အနာဂတ်ဆိုတာ မျှော်မှန်းနေရုံနဲ့မပြီး၊ ဖန်တီးမှုရှိမှသာ လှပတဲ့အနာဂတ်ဖြစ်လာမှာပါ။
နေ့တိုင်းနေ့တိုင်းမှာ မနေ့ကထက် ဒီနေ့ငါဘယ်လောက် ပိုကောင်းအောင်လုပ်နိုင်သလဲ၊ အမြဲဆန်းစစ်နေပါ။ ဒါမှသာ ယနေ့နာကျင်မှုဟာ နောက်တစ်နေ့အတွက် ချိုမြိန်မှုဖြစ်ပါမယ်။ အားကစားပြိုင်ပွဲတစ်ခု အောင်မြင်မှုအတွက် ဆန္ဒ၊ အသိ၊ နည်းနာထိုသုံးခုမှာ ထက်သန်တဲ့ဆန္ဒက အရေးကြီးဆုံးလို့ ယူဆပါတယ်၊ ဆန္ဒပြင်းထန်မှုရှိနေရင် အင်အားနဲ့နည်းနာ နည်းပရိယာယ်တို့ကလည်း နောက်ကထက်ကြပ်လိုက်ပါလာမှာပဲ။ သေချာတာကတော့ ထက်သန်တဲ့စိတ်ဓာတ်မရှိဘဲ အောင်မြင်မှုဆိုတာ ဘယ်တော့မှရောက်မလာဘူးဆိုတာပဲ။ ဒီလိုကြိုးစားရင် ဒီလိုအောင်မြင်မှုရမယ်ဆိုတဲ့ မမှိတ်မသုန်ယုံကြည်ချက်ရှိနေရင် ဒီပုံဒီနည်းလမ်းအတိုင်း လုပ်မယ်ကြိုးစားမယ်ဆိုတဲ့ ခံယူချက်လည်း လိုက်လာမှာပဲ။ ခံယူတဲ့အတိုင်း ကြိုးစားခဲ့ရင်အောင်မြင်မှုက လက်တစ်ကမ်းမှာပါ၊၊
နောက်ဆုံးအချက် အားပေးချင်တာက အိပ်မက်ဆိုတာ ဘယ်အိပ်မက်မှ မကြိုးစားဘဲနဲ့တော့ မရနိုင်ပါဘူး၊ ခက်ခက်ခဲခဲကြိုးစားမှုရဲ့နောက်မှာ ချိုမြိန်တဲ့အောင်မြင်မှု ရှိနေတယ်ဆိုတဲ့အတွက် ကြောင့်... သူတို့အားလုံး ကောင်းကောင်းလုပ်နိုင်ကြမယ်၊ ယခင်စံချိန်ကောင်းတွေကို ချိုးနိုင်ကြမယ်၊ နိုင်ငံတော်အလံ ကွင်းအနှံ့လွှမ်းသွားမယ်၊ အဆုံးမှာအောင်ပွဲနဲ့အတူ ပြန်လာကြမယ်ဆိုတာ ဘယ်အချိန်၊ ဘယ်ကာလ၊ ဘယ်နေရာမှာမှ သံသယရှိမှာ မဟုတ်တော့ပါ။
အထူးသဖြင့် ယခုဆောင်းပါးဟာ (၃၃)ကြိမ် မြောက် ဆီးဂိမ်းပြိုင်ပွဲဝင်တွေအတွက် အဓိကရည်ရွယ်တဲ့ အားပေးမှု၊ လှုံ့ဆော်တိုက်တွန်းမှုတွေဖြစ်သော်လည်း... ကိုယ်စီကိုယ်စီကောင်းမွန်တဲ့ အနာဂတ်တစ်ခုအတွက် ရည်မှန်းချက်ထား ကြိုးစားနေကြသူတွေ၊ ဘဝကိုအနိုင်မခံအရှုံးမပေး ကြိုးစားနေကြသူအားလုံး.. အထူးသဖြင့် ကျောင်းသားလူငယ်တွေအတွက်လည်း ရည်ရွယ်ချက်တွေ ပါဝင်သွားခဲ့ပြီးဖြစ်ပါတယ်။ ။
MOI
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်အတွက် နိုင်ငံ့ကုန်ထုတ်စွမ်းအားကိုမြှင့်တင်ပြီး ကုန်ထုတ်လုပ်မှုတိုးတက်အောင် စွမ်းဆောင်နိုင်မှသာ ဖြစ်နိုင်ပါမည်။ နိုင်ငံတိုးတက်မှုကိုရှာလိုလျှင် ပညာရေးကဏ္ဍကို လုံးဝဖယ်ထား၍မရ။ နိုင်ငံကိုတိုးတက်မှုလမ်းကြောင်းမှ ဖယ်ခွာစေသည့် အတားအဆီးများစွာ၊ ကုန်ထုတ်စွမ်းအားကို အဟန့်အတားဖြစ်စေသည့် အကြောင်းတရားများစွာ ရှိနေပါသည်။ ထိုအထဲမှ သဘာဝပတ်ဝန်းကျင်ကို ကောင်းစွာမထိန်းသိမ်းနိုင်ခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ထိုသို့ကုန်ထုတ်လုပ်မှု၊ ပညာရေးနှင့် သဘာဝပတ်ဝန်းကျင်အဆက်အစပ်တစ်ခုကို နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးခေါင်းစဉ်အောက်မှ ဒုတိယစာမျက်နှာသစ်တစ်ခု၏ Slogan တစ်ခုနှင့်အတူ ပြောင်းလဲဖွင့်လှစ်လာသည်ကို တွေ့မြင်ရသည့်အခါ......။
အမျိုးသားအကျိုးစီးပွားကို ထင်ဟပ်သည့်တိုက်တွန်းမှုများ
ကြွေးကြော်သံအဖြစ်လည်း ယူ၍ရသည်။ တိုက်တွန်းလှုံ့ဆော်ချက်များ၊ မျှော်မှန်းချက်များ ပါနေသည်ကိုလည်း သတိပြုမိသည်။ “နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့” ၊ “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကိုအားပေးစို့”၊ “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းကြစို့” ဟူသော ဆောင်ပုဒ် များမှာ လှုံ့ဆော်တိုက်တွန်းမှု၊ လမ်းညွှန်ချက်နှင့် မျှော်မှန်းချက်များ ပါနေသည်ကို သတိပြုမိသည်။
အခြေအနေအချိန်အခါအရလည်းမှန်ပါသည်။ ဖြစ်လည်းဖြစ်သင့်သည်။ တိုးတက်မှုများ ရှိနေသော်လည်း လိုအပ်ချက်များရှိနေဆဲကို လှစ်ပြနေသည်။ နိုင်ငံအနေဖြင့် သာမန်မဟုတ်သည့် အခြေအနေများအောက်တွင် ဖိအားများ၊ အခက်အခဲအကျပ်အတည်းများစွာနှင့် ရုန်းကန်ရင်ဆိုင်ခဲ့ရသည်။ အားနည်းချက်များကို သင်ခန်းစာယူ၍ တိုးတက်မှုအောင်မြင် မှုများဆုပ်ကိုင်ကာ ဒုတိယအဆင့် Second phase သို့ တစ်ဆင့်လှမ်းချီတက်နေသည်။ အကောင်းဆုံးဖြစ်အောင် ဆုံးဖြတ်လုပ်ကိုင်ခဲ့ကြပြီးလုပ်ငန်းများ ပုံမှန်ယန္တရားဖြင့် လည်ပတ်နေပြီဖြစ်၍လည်း တည်ငြိမ်မှုလမ်းကြောင်းမှာ ရပ်တည်နိုင်ခြင်း ဖြစ်သည်။
ဒုတိယစာမျက်နှာ၏ ဦးတည်ချက် ၄ ရပ်တွင် ပါတီစုံဒီမိုကရေစီစနစ် အောင်မြင်စွာ လျှောက်လှမ်း နိုင်ရေးအကြောင်းကောင်းများ ဖန်တီးပေးရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်ရေးအတွက် စိုက်ပျိုး မွေးမြူရေးအခြေခံသည့် စက်မှုကဏ္ဍနှင့် ပညာရေးနှင့်ကျန်းမာရေးတို့ကို အထူးအလေးပေးထားသည် ကိုတွေ့ရသည်။ နိုင်ငံအေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်အောက်မှာ နိုင်ငံရေးစနစ် တည်ငြိမ်မှုနှင့် စီးပွားရေးကောင်းမွန်ပြီး ပြည်သူတို့၏ လူမှုစီးပွားဘဝများကောင်းမွန်ရန် လိုအပ်သည်ဆိုသောအချက်များသည် တစ်ခုနှင့်တစ်ခုဆက်စပ်နေသည့် ဦးတည်ချက်ကောင်းများအဖြစ် မြင်မိပါသည်။
သို့သော် မြန်မာနိုင်ငံ၌ ကမ္ဘာ့နိုင်ငံအများစု စိန်ခေါ်ချက်များနည်းတူ ကိုဗစ်၊ မိုခါ၊ ရာဂီ၊ မန္တလေးငလျင်ဆိုသော ကပ်ဘေးဆိုးကြီးများကို ဆိုးဆိုးရွားရွားရင်ဆိုင်ခဲ့ရ၍ ဖွံ့ဖြိုးမှုလမ်းကြောင်းမှာ အတိုင်းအတာတစ်ခုအထိ နှောင့်နှေးနေရသည်ကိုလည်း သတိပြုရန်လိုပါသည်။ သဘာဝဘေးကြီးများ ဖြစ်ပေါ်ရသည့် အကြောင်းတရားများစွာအနက် အချို့ကာကွယ်နိုင်သည်များကို ကာကွယ်ရန်လိုအပ်သည်။ ထို့ကြောင့် ကျွန်တော်တို့၏ သဘာဝပတ်ဝန်းကျင်ကြီးကို ထိန်းသိမ်းစောင့်ရှောက်ရမည့် တာဝန်ကို ထပ်ဆင့်၍ ရေတို၊ ရေရှည်မျှော်မှန်းချက်များအဖြစ် ပုံဖော်ထားသည်ကို မြင်နိုင်ပါသည်။ ထို့ကြောင့်ကုန်ထုတ်လုပ်မှု၊ ပညာရေးနှင်သဘာဝပတ်ဝန်းကျင်ဟူသော ထိုအချက်သုံးချက်ကို တစ်မျိုးသားလုံး၏ အမျိုးသားရေးကြွေးကြော်သံ၊ အမျိုးသားအကျိုးစီးပွားကို ထင်ဟပ်သည့် တိုက်တွန်းချက်များအဖြစ် ယူဆမိပါသည်။
မြေကြီးမှရွှေသီးမည်အမှန်မှာ
ဖွံ့ဖြိုးမှုလမ်းကြောင်းတွင် ရပ်တည်နိုင်ရေးအတွက် စီးပွားရေးကောင်းမွန်ပြီး နိုင်ငံရေးတည်ငြိမ်ရန်လိုအပ်ပါသည်။ မြန်မာနိုင်ငံ စီးပွားရေးသည် စိုက်ပျိုးမွေးမြူရေးအပေါ်တွင် အခြေခံသည်။ စိုက်ပျိုးမွေးမြူရေး၏ အဓိက လူ့စွမ်းအားအရင်းအမြစ်မှာ ၇၀ % သော ကျေးလက်နေပြည်သူများဖြစ်သည်။ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးအခြေခံကုန်ထုတ်လုပ်ငန်းများကို အားပေးခြင်းသည် သူတို့၏ လူမှုစီးပွားဘဝများကို မြှင့်တင်ရာရောက်သည့်အပြင် ဆင်းရဲမွဲတေမှုနှုန်းကိုလည်း လျှော့ချရာရောက်ပါသည်။
စပါးနှင့်ဆီထွက်သီးနှံအပြင် ဒေသနှင့်ကိုက်ညီပြီး အကျိုးအမြတ် သေချာခိုင်မာသည့် ဂျုံ၊ ဝါ နှင့်ဝါးကိုပါ တိုးချဲ့စိုက်ပျိုးရန် တွန်းအားပေးလာသည်ကို တွေ့ရသည်။ အမှန်တကယ်လည်း ဂျုံစားသုံးခြင်း အထူးသဖြင့် ဂျုံကြမ်း၊ ဂျုံညိုနှင့် ဂလူတန်မပါသော ဂျုံမှုန့်နှင့်လုပ်ထားသည့်မုန့်များက ဆန်ထက်ပို၍ အာဟာရလည်းပြည့်ဝသလို ကျန်းမာရေးအတွက်လည်း သင့်တော်သည်ဟုဆိုပါသည်။ ဝါကိုစိုက်ပျိုးဧကတိုးချဲ့ပြီး ပန်းတိုင်အထွက်နှုန်းထွက်အောင် စိုက်ပျိုးခြင်းဖြင့် ဝါအခြေခံအထည်အလိပ်၊ ချည်ထည်ထုတ်ကုန်များကို တိုးမြှင့်ထုတ်လုပ်လာနိုင်မည်ဖြစ်သည်။
ထို့ပြင် ရွှေစိမ်းဟုပင် တင်စားလောက်သည့်ဝါးကို တိုးမြှင့်စိုက်ပျိုးခြင်းဖြင့်လည်း ဝါးအခြေခံလက်မှုပစ္စည်း၊ ပရိဘောဂ၊ မျှစ်ချဉ်၊ မျှစ်ခြောက်မှသည် ပြည်ပစျေးကွက်ဝင် တန်ဖိုးမြှင့်ပစ္စည်းများအထိပါ တိုးတက်ထုတ်လုပ်လာနိုင်မည်ဖြစ်သည်။ အဓိကဝါးကို တိုးချဲ့စိုက်ခြင်းဖြင့် ပြည်တွင်းစက္ကူ လိုအပ်ချက်မှသည် ပြည်တွင်းဖူလုံမှုအခြေအနေသို့ ရောက်ရှိရေးဖြစ်သည်။ စိုက်ပျိုးရေးကို တွန်းအားပေးသကဲ့သို့ မွေးမြူရေးကိုလည်း အားပေးဆောင်ရွက်နေသည်များ ရှိသည်။ အထူးသဖြင့် နိုင်ငံရေမြေသဘာဝနှင့်ကိုက်ညီသည့် ကြက်၊ ဝက်၊ ဆိတ်၊ နွား၊ ငါးများတိုးချဲ့မွေးမြူခြင်းဖြင့် ပြည်တွင်းဖူလုံမှုအပြင် ပြည်ပဝင်ငွေတိုးတက်ရရှိရေးအတွက်ပါ အခြေအနေကောင်းများဖန်တီးပေးရန် ဖြစ်ပါသည်။
သို့သော် နိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးကဏ္ဍကို ထိထိရောက်ရောက် တိုးတက်စေချင်လျှင် အချို့သော အခြေအနေများကို အမြဲဆန်းစစ်နေရမည်ကို သတိပြုသင့်ပါသည်။ အထူးသဖြင့် စိုက်ပျိုးရေးသွင်းအားစုများဖြစ်သည့် ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ မျိုး စသည်တို့၏ လိုအပ်ချက်နှင့်သုံးစွဲမှုကို ဆန်းစစ်၍ လိုအပ်ချက်ကို ပိုမိုဖြည့်ဆည်းပေးနိုင်ရေးအပြင် သွင်းအားစုစျေးနှုန်းများကိုပါ ထိန်းညှိပေးနိုင်ရန်ဖြစ်ပါသည်။
လယ်ယာသုံးစက်ပစ္စည်းများကို လိုအပ်သည့် တောင်သူများ လက်လှမ်းမီရရှိနိုင်ရေးလည်း ပါဝင်သည်။ ထို့ပြင် နိုင်ငံအလယ်ပိုင်းဒေသများတွင် စိုက်ပျိုးရေလုံလောက်စွာ ရရှိရေးကလည်း အရေးကြီးသည့်အပြင် ဒေသနှင့်ကိုက်ညီသည့် စိုက်ပျိုးနည်းစနစ်များရရှိရန်နှင့် တောင်သူများအနေဖြင့် ဓာတုဓာတ်မြေသြဇာများ၊ ပိုးသတ်ဆေးများကို စနစ်တကျသုံးစွဲတတ်ရန်လည်း လိုပြန်သည်။ နောက်ဆုံးတွင် တောင်သူများ စိုက်ပျိုးထုတ်လုပ်လိုက်သည့် သီးနှံများစျေးကောင်းရရှိရေးပင်ဖြစ်သည်။ မွေးမြူရေးအပိုင်းတွင်လည်း တောင်သူများ လက်လှမ်းမီမွေးမြူနိုင်ရေးမှသည် အသား၊ နို့၊ ဥများ ပိုမိုထွက်ရှိ နိုင်ရေး ခေတ်မီနည်းပညာဆန်းသစ်မှုများနှင့် လုပ်သားအင်အားနှင့် သွင်းအားစုများအခြေအနေ အပေါ်မူတည်၍ လိုအပ်ပါက ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လာနိုင်ပါသည်။ အနှစ်သာရမှာ ဖူလုံမှုမှသည် ပြည်ပပို့ကုန်အဖြစ်၊ အရေအတွက်မှသည် အရည်အသွေးဆီ၊ ပြည်တွင်းကုန်ထုတ်လုပ်မှုမှ ပြည်ပရောင်းကုန်အဖြစ်သို့၊ လိုငွေမှသည်ပိုငွေသို့ ရောက်ရှိလာရန်ဖြစ်ပြီး သို့မှသာ မြေကြီးမှရွှေသီးသည် အဖြစ်သို့အမှန်ရောက်ရှိနိုင်မည်ဖြစ်ပါသည်။
နိုင်ငံဖွံ့ဖြိုးရေးကို ပညာရေးက ဘယ်လိုမောင်းနှင်နေပါသလဲ
နောက်ထပ်မျှော်မှန်းချက်တစ်ခုမှာ ပညာရေးနှင့်စီးပွားရေးဆက်စပ်နေမှုကြောင့် ပညာရေးကို မြှင့်တင်ပြီး နိုင်ငံဖွံ့ဖြိုးအောင် ဆက်လက်ဆောင်ရွက် နေရန်ဖြစ်သည်။ ပညာရေးကဏ္ဍသည် ကုန်ထုတ်လုပ်မှုအခြေခံအုတ်မြစ်ဖြစ်သည့် လုပ်ငန်းကျွမ်းကျင်မှု၊ ဗဟုသုတနှင့် စွမ်းဆောင်ရည်များကို မြှင့်တင်ပေးသည့်အတွက် တိုင်းပြည်၏ စီးပွားရေး မောင်းနှင်အားများထဲတွင် ပညာရေးကိုမထည့်သွင်း၍မရပါ။ ပညာရေးသည် ကုန်ထုတ်လုပ်မှုအပေါ် များစွာသက်ရောက်မှုရှိပါသည်။ စွမ်းဆောင်ရည် (Efficiency) ပြည့်ဝပြီး အလိုက်သင့်ပြောင်းလဲနိုင်စွမ်း (Adaptability)နှင့် တီထွင်ဆန်းသစ်မှု (Innova-tion) အရည်အချင်းများသည် ပညာပြည့်ဝမှုအပေါ် မူတည်သည်ကို တောင်ကိုရီးယားနှင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံတို့ကို မြင်ကြည့်၍ရသည်။ စီးပွားရေးတိုးတက်သည့် နိုင်ငံများတွင် အဆင့်မြင့် ပညာရေးနှင့် အနာဂတ်အလုပ်ခွင်အတွက် တိုက်ရိုက်နှင့်လက်တွေ့အသုံးချနိုင်သည့် အခြေခံအသက်မွေးဝမ်းကျောင်းပညာရေး (Vocational training) အပေါ် အားထားကြသည်ကိုလေ့လာမိသည်။
ထို့ပြင် ပညာရေးမှရလာသည့် စဉ်းစားနိုင်စွမ်း၊ ဆင်ခြင်နိုင်စွမ်း၊ သုံးသပ်နိုင်စွမ်းနှင့် ပြဿနာကို ဖြေရှင်းနိုင်စွမ်းများကလည်း ကောင်းမွန်သောအုပ်ချုပ်ရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်ရေးတွင်များစွာအထောက်အကူပြုသော အရည်အချင်းများ ဖြစ်သည်ကိုတွေ့ရသည်။ ထိုကဲ့သို့ အခြေအနေများကို GDP တိုးတက်မှုနှင့် ပညာရေးဆက်စပ်မှုကို OECD ကဲ့သို့ ချမ်းသာသောနိုင်ငံများတွင်လည်းကောင်း၊ ထုတ်လုပ်မှုကျဆင်းခြင်း၊ ကျွမ်းကျင်မှုနှင့် လုပ်သားစျေးကွက်မကိုက်ခြင်းနှင့် ဦးနှောက်ယိုစီးမှု ပြဿနာများကြောင့် စီးပွားရေးတန့်ပြီး ဆင်းရဲချမ်းသာမညီမျှမှု ဖြစ်နေခြင်းများကို ပညာရေးအားနည်းပြီး ဆင်းရဲသောနိုင်ငံများတွင် လည်းကောင်း ဥပမာထား လေ့လာနိုင်ပါသည်။
ကျွန်တော်တို့ နိုင်ငံအစိုးရအနေဖြင့်လည်း ပညာရေးကို အထူးတန်ဖိုးထားလေးစားကာ လူငယ်များကို အတန်းပညာ၊ အခြေခံပညာတတ် များဖြစ်အောင်၊ ပညာရှင်များဖြစ်အောင် မြေတောင်မြှောက်ပေးလျက်ရှိပါသည်။ ပညာရေးဆိုင်ရာပြုပြင် ပြောင်းလဲမှုများကို ဆက်လက်ဆောင်ရွက်သွား မည့်အခြေအနေလည်းရှိနေပါသည်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတည်ရှိရာ ကျေးလက်နေ ပြည်သူများအတွက် ဦးတည်သည့် ပညာရေးရင်းနှီးမြှုပ်နှံမှုက မြို့ပြကျေးလက်မညီမျှမှုကို လျှော့ချပြီးဆင်းရဲမွဲတေမှုပါ လျော့ပါးသွားစေကြောင်းလည်း သိရှိထားပါသည်။
ယခုအခါ အခြေခံပညာအဆင့်ကျောင်းနေ ရာခိုင်နှုန်းနည်းပါးခြင်းကြောင့် ကျောင်းနေအရွယ် ကလေးအားလုံး KG + 9 အထိ မသင်မနေရပညာရေးကို အားထည့်ဆောင်ရွက်နေသည်။ အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက ဆောင်ပုဒ်ဖြင့် စိတ်ဓာတ်၊ စည်းကမ်း၊ ပညာကို အလေးထားဆောင်ရွက်နေသည်။ အနာဂတ်ပညာတတ်များ တိုးပွားလာရန် ရည်ရွယ်၍ Polytechnic University ၈ ခု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးအခြေခံပညာအထက်တန်းကျောင်း ၈၆ ကျောင်း ထိုမှတစ်ဆင့် တက္ကသိုလ်အဆင့်အထိ တိုးချဲ့ဖွင့်လှစ်နိုင်ရေး၊ တက္ကသိုလ်အားလုံးတွင် BA (Law)နှင့် BA (Eco)ဘွဲ့များသင်ကြားနိုင်ရေးတို့ကို ကြိုးစားဆောင်ရွက်လျက်ရှိသည်မှာ အားလုံးအသိဖြစ်သည်။ ဤသို့ဖြင့် နိုင်ငံကို ပညာဖြင့် ဦးဆောင်၊ ပညာဖြင့် စီမံခန့်ခွဲပြီးပညာအခြေခံသော ဖွံ့ဖြိုးတိုးတက်မှုဆီ ဆက်လက်လျှောက်လှမ်းကြ ရပါဦးမည်။
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အရင်းအမြစ်နှစ်ခုကို တင်ပြခဲ့ပါပြီ။ နောက်အရင်းအမြစ်မှာ သဘာဝပတ်ဝန်းကျင်မှပေးသော အကြောင်းတရားများဖြစ်သည်။ ရာသီဥတုပြောင်းလဲခြင်း၏ ဆိုးကျိုးများဖြစ်သော မုန်တိုင်း၊ မိုးခေါင်ရေရှားမှုနှင့် အပူချိန်ပြင်းထန်မှု၊ အင်အားပြင်းထန်ငလျင်ဘေးဒဏ်များကား နိုင်ငံအတွက် စိန်ခေါ်မှုကြီးတစ်ခုအဖြစ် ဆက်လက်တည်ရှိနေမှာပဲဖြစ်သည်။
ထို့ကြောင့်လည်း လူထုလှုပ်ရှားမှုအသွင်ဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် အရှိန်မြှင့်တင်ဆောင်ရွက် နေခြင်းဖြစ်သည်။ ယခုနှစ်တွင် အညာအပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးကို နိုင်ငံတော်အဆင့် အလေးထား ဆောင်ရွက်လာသည်။ ရာသီဥတုဖောက်ပြန်မှု ကြောင့် လူအများနေထိုင်ရခက်ပြီး ဒုက္ခသက်ရောက် ခြင်းများကြောင့် သဘာဝကပ်ဘေးအန္တရာယ်အရှိန် လျော့ကျလာအောင် ကြိုတင်ကာကွယ်ရ၊ ဖန်တီးဆောင်ရွက်ကြရသည်မှာ ယနေ့လူသားတို့၏ တာဝန်လည်းဖြစ်လာသည်။
သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်မှုအောက်တွင် စိတ်နှလုံးချမ်းမြေ့စွာဖြင့် အရိပ်အာဝါသအောက် သာသာယာယာနေရခြင်းသည် ချမ်းသာခြင်းတစ်မျိုးပင်ဖြစ်သည်။ သို့သော် စိုက်ပြီးသားအပင်များ ရှင်သန်ရန်၊ အမြဲမပြတ်ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် တရားမဝင်ခုတ်ယူမှုများကို တားဆီးရန် တာဝန်များကား ရှိနေသေးသည့်အတွက် သားစဉ်မြေးဆက် ထိန်းသိမ်းရမည့်တာဝန်အမွေ တစ်ခုအဖြစ် ဆက်လက်ခံယူသွားရန်သာ ဖြစ်ပါသည်။
အချုပ်အားဖြင့် နိုင်ငံတစ်နိုင်ငံသည် စီးပွားရေး အရ ချမ်းသာကြွယ်ဝနေမှ၊ လူမှုဘဝများ ဖွံ့ဖြိုးနေမှ၊ အေးချမ်းသာယာနေမှ တင့်တယ်ပါသည်။ ထို့ကြောင့် လည်း ငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင် အရောက် ခရီးရှည်ကြီးကို ကြိုးစားပမ်းစားသွားနေ ရခြင်းဖြစ်သည်။ ဆူးငြောင့်ခလုတ်ကန်သင်းများစွာ ကျော်ဖြတ်နေရခြင်းဖြစ်သည်။ ခရီးရောက်မှု မရောက်မှုက အားလုံးအပေါ်တွင် မူတည်သည့်အတွက်လည်း ကျွန်တော်တို့တွင် တာဝန်ရှိသည်ဟု ခံယူထားပါသည်။ အားလုံးတွင် တာဝန်ရှိသည်ဟု လည်း ခံယူစေလိုပါသည်။
အခြေအနေ၊ အချိန်အခါအလိုက် လိုအပ်ချက် များကား ရှိနေမည်သာ။ အရေးအကြီးဆုံးက စေတနာရှိရန်၊ ညီညွတ်ရန်၊ နိုင်ငံချစ်စိတ်ရှိရန်နှင့် စွမ်းဆောင်ရည်မြင့်ရန် အပိုင်းများတွင်ဖြစ်သည်။ သို့သော် အားလုံး၏အခရာမှာ ပညာသာဖြစ်ပါသည်။ ပညာဖြင့်ဦးဆောင်ပြီး စိတ်ဓာတ်ကောင်းကောင်းဖြင့် အလုပ်ကို အမှန်တကယ်လုပ်၊ ထိထိရောက်ရောက် လုပ်ကိုင်ကြမည်ဆိုလျှင် ဆောင်ပုဒ်တွင်ပါသည့် ကျွန်တော်တို့လိုချင်သော မျှော်မှန်းချက်များ၊ လိုလား ချက်များ အားလုံးသည် မလွဲဧကန်အမှန်ဖြစ်လာမည်ဟု ဆက်လက်ယုံကြည်ထားပါကြောင်း။ ။
MOI
Photo- Country of The World
အသည်းက လူ့ခန္ဓာကိုယ်ထဲမှာ အကြီးဆုံး ကိုယ်တွင်းအင်္ဂါဖြစ်တယ်။အသည်းက ကိုယ့်ရဲ့ညာဘက်ဝမ်းဗိုက် နံရံအိမ်ရဲ့အောက်မှာ တည်ရှိပြီးဘောလုံးတစ်လုံးနဲ့ တူတယ်။ အသည်းက အစာချေဖျက်မှုရဲ့ ခန္ဓာကိုယ်ကအဆိပ်အတောက်ကို ဖယ်ရှားပေးဖို့ အလွန်အရေးပါတယ်။
အသည်းရောဂါက မျိုးရိုးလိုက်တာ၊ ဗိုင်းရပ်စ်ပိုးနဲ့ အရက်သောက်သုံးမှုတို့နဲ့ ပတ်သက်နေပါတယ်။ အဝလွန်ခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။အသည်းရောဂါက အချိန်ကြာလာရင် နောက်ဆက်တွဲ အနေနဲ့ အသည်းအဆီဖုံးခြင်း၊ အသည်းရောင်ခြင်း၊ နာတာရှည် အသည်းရောင်ခြင်း၊ အသည်းခြောက်ခြင်း၊ အသည်းကင်ဆာရောဂါတို့ ဖြစ်နိုင်ပါတယ်။ အသည်းရောဂါဖြစ်စေတဲ့ အကြောင်းရင်းတွေရှိပါတယ်။
ရောဂါပိုးဝင်ခြင်း
ကပ်ပါးပိုး၊ ဗိုင်းရပ်စ်ပိုးတွေက အသည်းကိုရောင်ရမ်းစေပြီး အသည်းလုပ်ငန်းဆောင်တာ ကျဆင်းတာတွေဖြစ်စေနိုင်ပါတယ်။ အသည်းပျက်စီးခြင်းကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးတွေက သွေး၊ သုက်ပိုး၊ ညစ်ညမ်းတဲ့ရေ၊ အစားအစာနဲ့ ရောဂါပိုးရှိသူမှ တစ်ဆင့်ကူးစက်နိုင်ပါတယ်။ အဖြစ်များတဲ့အသည်းရောဂါပိုး အမျိုးအစားတွေက အသည်းရောင် A၊ အသည်းရောင် B၊ အသည်းရောင် C နဲ့ အသည်းရောင် E တို့ဖြစ်ပါတယ်။
ကိုယ်ခံအားစနစ်ပုံမှန်မဟုတ်ခြင်း
ကိုယ်ခံအားစနစ်ပုံမှန် မဟုတ်တဲ့အခါ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို မှားယွင်းတိုက်ခိုက်ပြီး အသည်းကိုပျက်စီးစေနိုင်ပါတယ်။
မျိုးရိုးလိုက်ရောဂါများ
မိဘတစ်ယောက် သို့မဟုတ် မိဘနှစ်ဦးစလုံးထံမှ ဆင်းသက်လာတဲ့ ပုံမှန်မဟုတ်တဲ့မျိုးရိုးဗီဇတွေက အသည်းအတွင်းမှာ အရာဝတ္ထုအမျိုးမျိုးကိုစုပြုံစေပြီး အသည်းပျက်စီးစေနိုင်ပါတယ်။ မျိုးရိုးလိုက်တဲ့ အသည်းရောဂါတွေက (၁)အသည်းသံဓာတ်စုပုံခြင်း (Hemochroma-tosis)၊ (၂)အသည်းမှာ အောက်ဇာလိတ်စုပုံခြင်း(Hyperoxaluria and Oxalosis)၊ (၃)ဝီလ်ဆင်ရောဂါစု သို့မဟုတ် အသည်းမှာကော့ပါးစုပုံခြင်း(Wilson's diseases)တို့ဖြစ်ပါတယ်။
အသည်းမှာရောဂါဖြစ်ပွားစေတဲ့ တခြားအကြောင်းရင်းတွေက အရက်သောက်ခြင်း၊ အဝလွန်ခြင်း၊ ဆေးဝါးနဲ့ အဆိပ်အတောက်တွေကြောင့် ဖြစ်ပါတယ်။အရက်အလွန်အကျွံသောက်ခြင်း၊ ဆေးထိုးအပ်မျှဝေ သုံးစွဲခြင်း၊ မသန့်တဲ့အပ်နဲ့ ဆေးမင်ကြောင်ထိုးခြင်း၊ တခြားသူရဲ့သွေး၊ ခန္ဓာကိုယ် အရည်များထိတွေ့ခြင်း၊ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း၊ ဆီးချိုရောဂါ၊ အဝလွန်ခြင်း၊ သွေးအတွင်း ထရိုင်ဂလစ်စရိုက်များခြင်းတို့ကြောင့် အသည်းရောဂါဖြစ်စေပါတယ်။အသည်းရောဂါရဲ့လက္ခဏာတွေက အသားဝါလာခြင်း၊ မျက်လုံးဝါခြင်း၊ ဗိုက်နာခြင်း၊ ဗိုက်အောင့်ခြင်း၊ ခြေချင်းဝတ်၊ ခြေထောက်ရောင်ခြင်း၊ ဝမ်းဗိုက်ဖောခြင်း၊ အသားယားယံခြင်း၊ ဆီးအရောင်ရင့်ခြင်း၊ ဝမ်းအရောင်ဖျော့ခြင်း၊ ပျို့အန်ခြင်း၊ အစားအသောက်ပျက်ခြင်းနဲ့ အညိုအမည်း စွဲလွယ်ခြင်းတို့ဖြစ်ပါတယ်။
အထက်ပါရောဂါလက္ခဏာတွေ ကြာရှည်နေမယ်ဆိုရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။အသည်းရောဂါဖြစ်ပွားရခြင်းအကြောင်းရင်းတွေနဲ့ အသည်းရောဂါ ပျက်စီးမှုပမာဏကို သိထားခြင်းက ကုသမှုအတွက် အရေးကြီးပါတယ်။
ဒါတွေကိုသိရှိဖို့ ရောဂါရာဇဝင်မေးမြန်းတာ၊ စမ်းသပ်တာ၊ ဆေးစစ်တာတွေ လုပ်ရပါတယ်။ ရောဂါသိရှိဖို့ သွေးစစ်ဆေးချက်၊ အင်ဇိုင်းစစ်ဆေးချက်၊ ပုံရိပ်(MRI၊ CT၊ USG)စစ်ဆေးချက်၊ အသည်းအသားစယူ(biopsy)စစ်ဆေးချက်ဆိုပြီး စစ်ဆေးနိုင်ပါတယ်။
ပုံမှန်အသည်းကနီနီရဲရဲဖြစ်ပြီး ချောမွတ်နေတယ်။ အသည်းရောင် အသားဝါ B ပိုး၊ C ပိုး၊ အရက်၊ ဆေးဝါးစတဲ့တစ်ခုခုကြောင့် အသည်းမှာ ဒဏ်ရာရပြီဆိုရင် အသည်းရောင်၊ အသည်းမာ၊ အသည်းခြောက်တာတွေ တစ်ဆင့်ပြီးတစ်ဆင့် ပြောင်းလဲလာတယ်။ နောက်ဆုံးအဆင့်မှာ အသည်းခြောက်ခြင်းနဲ့ အသည်းကင်ဆာရောဂါ အထိဖြစ်နိုင်ပါတယ်။
အရက်သောက်သုံးသူတွေရဲ့ အသည်းက အဆီဖုံးတယ်။ အသည်းရောင်တယ်။ နာတာရှည် အသည်းရောင်တယ်။ အသည်းအမာရွတ်ဖြစ်ပြီး အသည်းခြောက်တယ်။ အသည်းခြောက်သူရဲ့ ၂၀ ရာခိုင်နှုန်းက အသည်းကင်ဆာရောဂါ ပြောင်းသွားနိုင်ပါတယ်။အသည်းရောဂါဖြစ်ရင် အသားဝါတယ်။ ရေဖျဉ်းစွဲတယ်။ ခန္ဓာကိုယ်ပေါ်မှာ အနီစက်တွေတွေ့ရတယ်။ အစာအိမ်မှာ သွေးကြောထုံးတွေတွေ့ရတယ်။ သွေးအန်တဲ့ လက္ခဏာတွေ တွေ့ရတတ်ပါတယ်။ အဲဒီရောဂါလက္ခဏာတွေက အချိန်နောက်ကျမှ တွေ့ရတတ်ပါတယ်။ အသည်းရောဂါဝေဒနာရှင်တွေအနေနဲ့ ဒီလိုလက္ခဏာတွ ေတွေ့ရပြီဆိုရင် လပိုင်း၊ နှစ်ပိုင်းအနည်းငယ်သာ အသက်ရှင်ခွင့်ရကြပါတယ်။ ဒါကြောင့် အသည်းရောဂါရှိလာရင် အသည်းမာ၊ အသည်းခြောက်မဖြစ်ခင် အသည်းရောင်ကတည်းက သေချာစွာကုသဖို့လိုပါတယ်။ ဒီလိုကုသရင် အသည်းမာ၊အသည်းခြောက်၊ အသည်းကင်ဆာရောဂါမှ ကာကွယ်နိုင်ပါတယ်။
အသည်းမာ၊ အသည်းခြောက်ရင် ဦးနှောက် မကြည်လင်ဘဲ စိတ်တွေက ထိုင်းမှိုင်းနေတတ်ပါတယ်။ ကြွက်သားတွေမရှိတော့ဘဲ ပိန်လှီနေတတ်တယ်။ ဗိုက်ပူပြီး ပိုဆိုးတာက သွေးပါအန်တတ်ပါတယ်။အသည်းကအဆင့်ဆင့်မာလာတာနဲ့အမျှ နေရတဲ့သက်တမ်းက တိုသွားပါတယ်။ အသည်းမာခါစ လူအယောက် ၁၀၀ မှာ ၉၉ ယောက်က တစ်နှစ်အတွင်း ကောင်းကောင်းနေနိုင်ပါတယ်။ ရောဂါအခြေအနေ ပိုဆိုးလာရင်တော့ တစ်နှစ်မှာ သုံးယောက်လောက် သေဆုံးနိုင်ပါတယ်။ ဒါကြောင့် အသည်းမမာခင်နဲ့ အသည်းမခြောက်ခင်မှာ ကုသဖို့လိုပါတယ်။
အသည်းရောင်အသားဝါပိုးက ကမ္ဘာပေါ်မှာ အသည်းရောင်အသားဝါ A ပိုးကြောင့် နာတာရှည် အသည်းရောဂါမဖြစ်ပါဘူး။ အသည်းရောင်အသားဝါ B ပိုး၊ အသည်းရောင် C ပိုးကြောင့်သာ နာတာရှည် အသည်းရောဂါဖြစ်ပွားရပါတယ်။ B ပိုးကအများဆုံးဖြစ်ပြီး ကမ္ဘာပေါ်မှာ လူပေါင်း သန်း ၄၀၀၀ မှာ အသည်းရောင်အသားဝါ B ပိုးကူးစက်နေပါတယ်။ အဲဒီထဲက သန်း ၃၅၀ လောက်က နာတာရှည်အသည်းရောဂါကို ခံစားနေရပါတယ်။ ဘယ်အသက်ရွယ်မဆို သွေးစစ်လို့ B ပိုးမတွေ့ရင် အသည်းရောင်အသားဝါ B ပိုးကာကွယ်ဆေးကို နှစ်လ၊ လေးလ၊ ခြောက်လနဲ့ငါးနှစ် ထိုးနှံသင့်ပါတယ်။
မြန်မာနိုင်ငံမှာ လူဦးရေသန်း ၅၀ ကျော်ရှိပြီး ၁၂ ရာခိုင်နှုန်းက နာတာရှည်အသည်းရောင် အသားဝါ B ရောဂါခံစားနေရလို့ မပေါ့ဆသင့်ပါဘူး။ ကမ္ဘာပေါ်မှာ C ပိုးက သန်း ၁၇၀ လောက်ရှိပါက C ပိုးကကုသဆေးရှိပြီး C ပိုးနဲ့ HIV၊ C ပိုးနဲ့ B ပိုးတွဲဖြစ်နေရင် C ပိုးသတ်ဆေးကိုဝေမျှပေးပါတယ်။ C ပိုးက မြန်မာနိုင်ငံမှာ မူးယစ်ဆေး သုံးစွဲသူတွေနဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံများသူတွေမှာ တွေ့ရတတ်ပါတယ်။
MWD Web Portal
“တက်လူတေးသံ”
* ကြက်ဖသာလျှင်
အရုဏ်ရောင်လှ ဝင်းဝါကြ၏။
* ဥဩသာလျှင်
ရာသီနွေလ ဖူးပွင့်ကြ၏။
* ဖားငယ်သာလျှင်
အာကာမိုးက မိုးရွာကြ၏။
* တက်လူသာလျှင်
မြန်မာပြည်လှ အားသစ်ရ၍
ဇေယျအောင်လံ ထူမည်တည်း။
ဇော်ဂျီ
(အိုးဝေမဂ္ဂဇင်း၊ ဒီဇင်ဘာလ၊ ၁၉၃၅ ခုနှစ်)
ယနေ့ကျောင်းနေအရွယ်မောင်မယ်တို့သည် တက်လူငယ်များဖြစ်ကြသည်။ တက်လူငယ်တို့သည် အနာဂတ်ကိုပိုင်စိုးကြရမည်။ အနာဂတ်ကို ပုံဖော်ထုဆစ်ကြရမည်။ အနာဂတ်သည် ယနေ့တက်လူငယ်တို့၏ လက်ထဲတွင်ရှိနေသည်။ ယနေ့တက်လူငယ်တို့၏ စွမ်းရည်စွမ်းအားအပေါ် တည်မှီနေသည်။ ယနေ့ကျောင်းနေအရွယ် တက်လူငယ်တို့၏ စွမ်းရည်စွမ်းအားပြည့်ဝသည့်အလျောက် အနာဂတ်သည် တောက်ပြောင်၊ ထွန်းသစ်နေမည်မှာ မြေကြီးလက်ခတ်မလွဲပေ။ ခေတ်မီဖွံ့ဖြိုးတိုးတက်နေမည်မှာလည်း သေချာသည်။
ကမ္ဘာဦးကာလ လူနေမှုအဆင့်အတန်းသည် နိမ့်ကျ၏။ ယနေ့မျက်မှောက်ကာလ လူနေမှုအဆင့်အတန်းသည် မြင့်မား၏။ ကမ္ဘာဦးကာလနှင့် ယနေ့မျက်မှောက်ကာလသည် လွန်စွာကွာခြားသွားသည်။
အဆင့်ဆင့်ဖွံ့ဖြိုးတိုးတက်လာသောကြောင့် နိမ့်ရာမှမြင့်ရာသို့ ရောက်ရှိလာခြင်းဖြစ်သည်။အဆင့်ဆင့်ဖွံ့ဖြိုး တိုးတက်လာသော ဖြစ်စဉ်များတွင် လူသားတို့၏ တီထွင်ဆန်းသစ်မှု၊ တွေးခေါ်မြော်မြင်မှု၊ စဉ်းစားဆင်ခြင်ချင့်ချိန်မှု၊ ကြံရည်ဖန်ရည်ဉာဏ်ရည် ကျယ်ပြန့်လာမှုတို့က အခရာကျသည်။ ဖွံ့ဖြိုးတိုးတက်မှု အလုံးစုံ၏ မူလရင်းမြစ်လည်းဖြစ်သည်။
ထိုမူလရင်းမြစ်များကို ပိုင်ဆိုင်သူများသည်ကား မဟာလူသားများဖြစ်ပေသည်။မဟာလူသားများဟုခေါ်ဆိုဂုဏ်ပြုအပ်သော ယနေ့ ကျောင်းနေအရွယ် တက်လူငယ်တို့သည် လူသားအရင်းအမြစ်များ၏ အညွန့်အဖူးများပင် မဟုတ်ပါလော။
လူသားအရင်းအမြစ် အညွန့်အဖူးများကို ရှင်သန်ကြီးထွားလာအောင် ပြုစုပျိုးထောင် မြေတောင်မြှောက်ပေးကြရသည်။ ဗလငါးတန်ပြည့်ဝအောင် ဖြည့်ဆည်းပေးကြရသည်။
ထိုသို့ဖြည့်ဆည်းရာတွင် အခြေခံပညာသင်ကျောင်းများသည် အရေးကြီးသော အခန်းကဏ္ဍ၌ ပါဝင်နေပေသည်။ အကြောင်းမူကား အခြေခံပညာကျောင်းများသည် ပညာအခြေခံကောင်းများဖြစ်သည့် “ကာယ၊ ဉာဏ၊ စာရိတ္တနှင့် ရသ၊ သက်မွေးဘက်စုံပညာရေး”ကို သင်ကြားလေ့ကျင့် ပေးနေသောကြောင့်ဖြစ်သည်။ အတန်းလိုက်သင်ရိုးညွှန်းတမ်းများသည် “ကာယ၊ ဉာဏ၊ စာရိတ္တနှင့် ရသ၊ သက်မွေးဘက်စုံပညာရေး”ကို ဦးတည်ထားခြင်းဖြစ်သည်။
ယခုအခါအကောင်အထည်ဖော် ဆောင်ရွက်နေသော အခြေခံပညာရေး အဆောက်အအုံသည် (KG+12)သူငယ်တန်း+ဒွါဒသမတန်း အဆောက်အအုံဖြစ်သည်။ အခြေခံပညာရေး အဆောက်အအုံသည် အခြေခံပညာမူလတန်းဆင့် အုတ်မြစ်ပေါ်တွင် အခြေခံပညာအလယ်တန်းဆင့်နှင့် အခြေခံပညာအထက်တန်းဆင့်တို့ကို ဆင့်တင်ထားခြင်းဖြစ်ပေသည်။ အခြေခံပညာရေး၏ အုတ်မြစ်ဖြစ်သော အခြေခံပညာမူလတန်းဆင့်တွင် KG+ ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း၊ စတုတ္ထတန်း၊ ပဉ္စမတန်းအထိ တန်းစဉ်(၅)ဆင့်၊ အခြေခံပညာအလယ်တန်းဆင့်တွင် ဆဋ္ဌမတန်း၊ သတ္တမတန်း၊ အဋ္ဌမတန်း၊ နဝမတန်းအထိ တန်းစဉ်(၄)ဆင့်၊ အခြေခံပညာအထက်တန်းဆင့်တွင် ဒသမတန်း၊ ဧကာဒသမတန်း၊ ဒွါဒသမတန်းအထိ တန်းစဉ်(၃)ဆင့်ရှိသည်။ အခြေခံပညာရေးအုတ်မြစ်ဖြစ်သော အခြေခံပညာမူလတန်းဆင့်(၅)ဆင့်ပေါ်တွင် အခြေခံပညာအလယ်တန်းဆင့်(၄)ဆင့်၊ နောက်အခြေခံပညာအထက်တန်းဆင့်(၃)ဆင့်ဖြင့် တြိဂံပုံ(၅၊ ၄၊ ၃)အဆင့်(၃)ဆင့်နှင့်တည်ဆောက်ထားရာ အခြေခံပညာရေး အဆောက်အအုံသည် တောင့်တင်းခိုင်မာနေသည်။
အခြေခံပညာမူလတန်းဆင့်တွင်သင်ရိုးဝင် ဘာသာရပ်များဖြစ်သော မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး ဘာသာရပ်များနှင့် တွဲဖက်သင်ရိုးဝင် ဘာသာရပ်များဖြစ်သော စာရိတ္တနှင့်ပြည်သူ့နီတိ၊ ဘဝတွက်တာ ကျွမ်းကျင်စရာ၊ ကာယပညာ၊ အနုပညာ(ဂီတနှင့်ပန်းချီ) စသည့်ဘာသာရပ်များ၊ အခြေခံပညာအလယ်တန်းဆင့်တွင် သင်ရိုးဝင် ဘာသာရပ်များဖြစ်သော မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ ပထဝီဝင်၊ သမိုင်းဘာသာရပ်နှင့်တွဲဖက်သင်ရိုးဝင် ဘာသာရပ်များဖြစ်သော စာရိတ္တနှင့်ပြည်သူ့နီတိ၊ ဘဝတွက်တာကျွမ်းကျင်စရာ၊ ကာယပညာ၊ အနုပညာ(ဂီတနှင့်ပန်းချီ)စသည့် ဘာသာရပ်များ၊ အခြေခံပညာ အထက်တန်းဆင့်တွင် ာသာတွဲအလိုက်ယူထားသော သင်ရိုးဝင်ဘာသာရပ်များဖြစ်သည့်မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ၊ ဘောဂဗေဒ၊ စိတ်ကြိုက်မြန်မာစာ၊ ပထဝီဝင်၊ သမိုင်းဘာသာရပ်များနှင့် တွဲဖက်သင်ရိုးဝင်ဘာသာရပ်များဖြစ်သော စာရိတ္တနှင့်ပြည်သူ့နီတိ၊ ဘဝတွက်တာကျွမ်းကျင်စရာ၊ ကာယပညာ၊ အနုပညာ(ဂီတနှင့်ပန်းချီ)စသည့် ဘာသာရပ်များကို သင်ကြားလေ့ကျင့်ပေးနေသည်။
အတန်းလိုက်သင်ရိုးဝင်ဘာသာရပ်များကို သင်ယူလေ့ကျင့်ခြင်းဖြင့် ဘာသာရပ်နယ်ပယ်အလိုက် တတ်မြောက်ကျွမ်းကျင်လာမည်။ အတန်းလိုက်တွဲဖက်သင်ရိုးဝင် ဘာသာရပ်များကို သင်ယူလေ့ကျင့်ခြင်းဖြင့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု၊ ကြံ့ခိုင်သန်စွမ်းမှု၊ တစ်ကိုယ်ရေသန့်ရှင်းမှု၊ ဖြောင့်မတ်တည်ကြည်မှု၊ ရိုးသားဖြူစင်မှု၊ ကျင့်ဝတ်စည်းကမ်းစောင့်ထိန်းလိုက်နာမှု၊ ပူးပေါင်းဝိုင်းဝန်းဆောင်ရွက်မှု၊ ပေါင်းသင်းဆက်ဆံရေး ဝင်ဆံ့မှု၊ ထောက်ထားညှာတာစာနာမှု၊ သည်းခံခွင့်လွှတ်မှုစသည့် အလေ့အကျင့်ကောင်းများကို ရရှိလာမည်။ သင်ရိုးဝင်ဘာသာရပ်များက စဉ်းစားမြော်မြင်တွေးခေါ်ဆန်းသစ်နိုင်သည့် ဉာဏ်ရည်ဖွံ့ဖြိုးထက်သန်စေသည်။
တွဲဖက်သင်ရိုးဝင်ဘာသာရပ်များက စာရိတ္တနှင့် ကိုယ်ကျင့်တရားကိုကြံ့ခိုင်စေသည်။ ထိုသည်ကား ဘက်စုံပညာရေး၏ အနှစ်သာရဖြစ်သည်။ အခြေခံပညာကျောင်းများက သင်ကြားလေ့ကျင့်ပေးနေသော ဘက်စုံပညာရေးသည် ဗလငါးတန်နှင့်ပြည့်စုံသည့် ကျောင်းနေအရွယ် တက်လူငယ်များကို မွေးဖွားပေးနေခြင်းပင်မဟုတ်ပါလော။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ လက်ထက်တွင် ဘက်စုံပညာရေးမှတစ်ဆင့် ဗလငါးတန်ပြည့်ဝသည့်တက် လူငယ်များကိုမွေးဖွားပေးနိုင်ရန် အတွက် အထူးတလည် အကောင်အထည်ဖော်ကာ စီမံဆောင်ရွက်ပေးနိုင်ခဲ့သည်။ အခြေခံပညာကျောင်းများမှ သင်ကြားလေ့ကျင့်ပေးလိုက်သော ကျောင်းနေအရွယ်ကလေးများ ပညာရေးအဟောသိကံဖြစ်စေမည့်၊ သင်ယူမှုအခွင့်အလမ်း အလှမ်းဝေးစေမည့်၊ ပညာသင်ယူရန်အဟန့်အတားဖြစ်စေမည့် စသည့်စိန်ခေါ်မှုများကို ကူညီပံ့ပိုးဖြေရှင်းပေးကာ အတန်းကူးပြောင်းမှုနှုန်း မြင့်မားအောင် စီမံဆောင်ရွက်ပေးနိုင်ခဲ့သည်။ အဆက်ဆက်က မသင်မနေရ မူလတန်း ပညာရေးကိုသာ အကောင်အထည်ဖော်နိုင်ခဲ့သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရက ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာအလယ်တန်းဆင့် နဝမတန်း(KG+9)အထိ သင်မနေရပညာရေးကို အောင်မြင်စွာ ဆောင်ရွက်ပေးနိုင်ခဲ့သည်မှာ အနာဂတ်လမ်းအတွက် ပညာပန်းများဖြင့် လမ်းခင်းပေးနိုင်ခဲ့ခြင်းဖြစ်ပေသည်။
အခြေခံပညာအလယ်တန်းဆင့်နဝမတန်း(KG+9)အထိ မသင်မနေရပညာရေးနှင့်အတူ အခြေခံပညာအလယ်တန်းဆင့် နဝမတန်း(KG+9)ကို ပြီးမြောက်အောင်မြင်သူများသည် အခြေခံပညာအထက်တန်းကျောင်းများသို့ လည်းကောင်း၊ စက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး အခြေခံပညာအထက်တန်းကျောင်းများသို့ လည်းကောင်း နှစ်သက်ရာ၊ ဝါသနာပါရာ၊ စိတ်ဝင်စားရာအခြေခံပညာ အထက်တန်းကျောင်းများသို့ စိတ်ကြိုက်ရွေးချယ်ကာ သင်ယူနိုင်သည့် အခွင့်အလမ်းများကိုလည်း လမ်းဖွင့်ပေးထားသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်တွင် စက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး အခြေခံပညာ အထက်တန်းကျောင်းပေါင်း ၈၉ ကျောင်းကိုဖွင့်လှစ်ပေးခဲ့သည်။ အခြေခံပညာ အထက်တန်းကျောင်းများမှ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများသည် သက်ဆိုင်ရာတက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်/သိပ္ပံအသီးသီးသို့ တက်ရောက်ပြီး ပညာသင်ယူနိုင်သကဲ့သို့ စက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး အခြေခံပညာ အထက်တန်းအောင်မြင်သူများသည်လည်း သက်ဆိုင်ရာ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်/သိပ္ပံအသီးသီးသို့ တက်ရောက်ပြီး ပညာသင်ယူနိုင်သည်။
အနာဂတ်ပညာတတ်လူငယ်များ များပြားလာစေရန် ရည်ရွယ်၍ ပညာရေးဝန်ကြီး၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးတို့နှင့် တိုင်ပင်ဆွေးနွေးပြီး Polytechnic တက္ကသိုလ်များဖွင့်လှစ်နိုင်ရေးကို ဆောင်ရွက်ခဲ့ရာ Polytechnic တက္ကသိုလ် ၈ ခုအထိဖွင့်လှစ်ပေးနိုင်ခဲ့သည်။ ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရာတွင် ဥပဒေဆိုင်ရာ၊ စီးပွားရေးဆိုင်ရာများနှင့် ပတ်သက်ပြီး သိရှိထားရန်လိုအပ်သည်။ ထို့ကြောင့် တက္ကသိုလ်အားလုံးတွင် ဥပဒေပညာရပ်ဆိုင်ရာနှင့် စီးပွားရေးပညာရပ်ဆိုင်ရာ B.A(Law)နှင့် B.A(Eco)ဘွဲ့များ သင်ကြားနိုင်အောင် ဆောင်ရွက်ပေးခဲ့သည်။ ထိုသို့နိုင်ငံတော်က စီမံဆောင်ရွက်အားပေးနေခြင်းသည် အနာဂတ်မျိုးဆက်သစ် လူငယ်များ ပညာရည်မြင့်မားပြီး ပညာရည်မြင့်မားသော အနာဂတ်မျိုးဆက်သစ် လူငယ်များနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် တည်ဆောက်လိုသောကြောင့်ဖြစ်သည်။ ထိုသို့ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်တည်ဆောက်ရာတွင် အရေးကြီးဆုံးသော အချက်မှာ လူသားအရင်းအမြစ်ပင်ဖြစ်သည်။ ဘက်ပေါင်းစုံသော ကဏ္ဍတို့တွင် ကျွမ်းကျင်သော အသိပညာရှင်၊ အတတ်ပညာရှင်များ ရှိနေမှသာလျှင် မိမိတို့နိုင်ငံသည် သူများနိုင်ငံများနည်းတူ ကမ္ဘာ့အလယ်တွင် ရင်ပေါင်တန်းနိုင်ပေလိမ့်မည်။ ဥပမာအနေဖြင့် မြန်မာနိုင်ငံ၏ အဓိကစီးပွားရေးဖြစ်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးတွင် မိရိုးဖလာနည်းအတိုင်း စိုက်ပျိုးမွေးမြူနေ၍ မလုံလောက်တော့ပေ။ ခေတ်မီနည်းစနစ်များနှင့် ပေါင်းစပ်မှသာ အထွက်နှုန်းပိုမိုကောင်းမွန်ခြင်း၊ အရည်အသွေးကောင်းသော ထွက်ကုန်များထွက်ခြင်း စသည့်ရလဒ်များကို ပိုင်ဆိုင်ရလိမ့်မည်ဖြစ်သည်။ ထိုသို့ခေတ်မီနည်းစနစ်များကို ပညာတတ်သော အသိပညာရှင်၊ အတတ်ပညာရှင်တို့ကသာ ဦးဆောင်လမ်းပြ နိုင်ပေလိမ့်မည်။ ဤသည်မှာ ပညာ၏အရေးပါပုံ၊ အရာဝင်ပုံကို ရိုးရှင်းစွာဥပမာပြခြင်းပင်ဖြစ်သည်။ အခြားဘက်ပေါင်းစုံသော ကဏ္ဍတို့တွင်လည်း ထိုသို့သာဖြစ်သည်။
သို့အတွက်ကြောင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့ဆိုလျှင် ယခုကဲ့သို့ပင် ပညာရေးကိုအစဉ်တစိုက် အားပေးဆောင်ရွက်နေရမည်မှာ မလွဲမှားနိုင်သော ဧကန်အမှန်တရားပင်ဖြစ်သည်။ ကျောင်းနေအရွယ် တက်လူငယ်များကို ပညာပြည့်ဝနှလုံးလှသည့် လူ့စွမ်းအား အရင်းအမြစ်များဖြစ်ပေါ်လာအောင် သင်ကြားလေ့ကျင့် မွေးမြူပေးကြရမည်ဖြစ်သည်။ လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့် တက်လူငယ်မောင်မယ်များ၏ စွမ်းရည်စွမ်းအားစွမ်းပကားက မိုးပေါ်ရောက်အောင် ပျံသန်းနိုင်သည်အထိ အစွမ်းထက်လှပါပေသည်။ ကျောင်းနေအရွယ် တက်လူငယ်မောင်မယ်များသည် နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် ခိုင်မာစေရေးအတွက် ဇေယျအောင်လံထူပေးကြမည့် လူ့စွမ်းအားအရင်းအမြစ်များပင် မဟုတ်ပါလော။
ထို့ကြောင့် “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကို အားပေးစို့” ဆိုသည့်အတိုင်း ကျရာကဏ္ဍအသီးသီးမှ တက်ညီလက်ညီဖြင့် ဝိုင်းဝန်းကြိုးပမ်းအကောင် အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်သည်။ ။
MWD Web Portal
မိုးမရွာ ရေမတက်လို့
အက်ကြောင်းနဲ့ ဗရပွေ
တို့မြေကွဲ့လယ်တော။
နေ့ချင်းကွယ် ရေလျှံလို့
ညချင်းကွယ် ရေလျှံလို့
တာတမံ အနိုင်တုတ်ရတယ်
စုပ်ရေကပေါ။
မင်းသုဝဏ်
“စိုက်ပျိုးရေလိုအပ်ချိန် နွေရာသီမှာ ရေခန်းခြောက်နေပေမယ့် စိုက်ပျိုးပြီး မိုးရာသီရောက်ရင်ရေဖုံးနေလို့ တောင်သူအများစု ဆင်းရဲတွင်းနက်နေပါတယ်”
“မိုးရေတစ်ခုကိုအားကိုးပြီး တစ်နှစ် တစ်ကြိမ်မီအောင် ကြိုးစားပမ်းစား စိုက်ရတဲ့ စားသုံးသီးနှံများ ယခင်ကလို မစိုက်နိုင်တာ နှစ်တွေကြာခဲ့ပါပြီ”
“ဆောက်ခဲ့တဲ့ ဆည်အချို့ဟာ ရေမရှိတဲ့ ဆည်ကောများသာဖြစ်နေတယ်၊ ရေရှိတဲ့ဆည်အချို့ကျတော့ မြောင်းမရှိလို့ ရေမသွယ်နိုင်ဘူး”
“မြောင်းရှိတဲ့ဆည်များရဲ့အနီးတစ်ဝိုက် အများဆုံးသုံးလေးမိုင်ခန့်သာ ရေသောက်သီးနှံစိုက်နိုင်တယ်”
ဤသည်တို့မှာ မြန်မာနိုင်ငံအလယ်ပိုင်း ခြောက်သွေ့ဒေသ တောင်သူအချို့၏ ညည်းတွားသံ မကျေမနပ် ပြောဆိုသံများဖြစ်ကြသည်။ မြန်မာနိုင်ငံ၏ ခြောက်သွေ့ဒေသသည် ရေသံသရာ ပျက်ယွင်းလာမှုကြောင့် မိုးတွင်း၌ ရေပို၍ကြီးလာ၊ မုတ်သုံကာလ တိုတောင်းလာသောဒဏ်ကို ခံနေရသော ဒေသများထဲတွင်ပါသည်။ သဘာဝက မိုးနည်းနေသော်လည်း အဆိုပါအနည်းငယ် ရွာကျသည့် မိုးရေများသည်ပင် စိုက်ပျိုးရေး၊ သောက်သုံးရေရရှိရေးတို့ကို မည်သို့မျှ အကျိုးမပြုဘဲ ခြောက်သွေ့ဒေသ တောင်သူများ၏ မျက်စိအောက်တွင်ပင် ချောင်းများ၊ မြစ်များထဲသို့ စီးဆင်းသွားနေကြသည်မှာ ရေဘက်ဆိုင်ရာစီမံခန့်ခွဲမှု၌ အားနည်းချက်ကို ထုတ်ဖော်ပြသနေခြင်းပင်ဖြစ်သည်။
လျှံရေကို အသုံးချ
ခြောက်သွေ့ဒေသများတွင် မြေအောက်ရေ၊ မိုးတွင်း၌ရွာသော မိုးရေအသင့်အတင့်အပြင် ဒေသဝန်းကျင်ရှိ တောင်တန်းများ၊ ကုန်းမြင့်များမှ စီးဆင်းလာသော တောင်ကျရေများကိုလည်း ရယူအသုံးချနိုင်သည်။
တောင်ကျရေများ၏ သဘာဝအတိုင်း တောင်ပေါ်၌ မိုးရွာပြီးမကြာမီ ဝါးလုံးထိုးကျလာကာ အချို့သောချောင်းခြောက်များတွင် လျှံတက်လာသည်အထိ စီးဆင်းပြီး မိုးတိတ်သည်နှင့် ရေပြန်ခန်းသွားရာ ယင်းရေများကို အသုံးမချနိုင်လျှင် ထီပေါက်ပြီး လက်မှတ်ပျောက်သူ၏ အဖြစ်နှင့် အလားတူသည်။
အာဖရိက၊ အနောက်အာရှ၊ ဗဟိုအာရှ၊ အရှေ့အလယ်ပိုင်းနှင့် မြောက်အမေရိကတိုက် တို့ရှိ ခြောက်သွေ့ဒေသများ၊ တစ်ဝက်တစ်ပျက် ခြောက်သွေ့ဒေသအချို့တွင် “လျှံရေရယူသိုလှောင် အသုံးချခြင်းစနစ်”ဟုခေါ်သည့် တောင်ကျရေဖြင့် စိုက်ပျိုးရေးနှင့် သောက်သုံးရေရယူရေးကို လုပ်ဆောင်လျက်ရှိသည်။ ယင်းစနစ်သုံးစိုက်ပျိုးဧကသည် တစ်ကမ္ဘာလုံးတွင် ဧကခြောက်သန်းကျော်မျှရှိသည်ဟု ခန့်မှန်းကြသည်။ မြန်မာနိုင်ငံတွင် လျှံရေစနစ်သုံး စိုက်ပျိုးမြေအချို့ကို တွေ့နိုင်သော်လည်း လက်ရှိထက် များစွာတိုးချဲ့နိုင်သေးသည်ဟု သိရသည်။
လျှံရေတားဆီးလွှဲယူသည့် တမံကိုချောင်းအကျယ်အတိုင်းဖြစ်စေ၊ ချောင်းအကျယ်၏ တစ်စိတ်တစ်ပိုင်းဖြစ်စေတည်ဆောက်၍ ရေလွှဲယူနိုင်သည်။ ကွန်ကရစ်အုတ်စသည်ကို သုံး၍ အခိုင်အမာ တည်ဆောက်သည်လည်းရှိ၍ သစ်တုံး၊ သစ်ခက်၊ ကျောက်တုံး၊ မြေသား စသည်တို့ဖြင့်လည်း ယာယီတည်ဆောက်ကြသည်။ ယာယီတမံတို့သည် ဒေသတွင်းရနိုင်သော ပစ္စည်းနှင့်လူအင်အားတို့ဖြင့် ဆောက်လုပ်သဖြင့် ကုန်ကျစရိတ် မများလှသော်လည်း လျှံရေပမာဏများ၍ အရှိန်ပြင်းသောအခါတွင် လည်းကောင်း၊ ချောင်းကြမ်းပြင် မြေသားမတည်ငြိမ်လျှင်လည်းကောင်း တမံများပြိုလဲပျက်စီးနိုင်သည့် အားနည်းချက်ရှိသည်။ အာဖရိကတိုက် ကျေးရွာအချို့တွင် ချောင်းခြောက်ထဲ၌ ယာယီရေတားတမံလုပ်ပြီး တောင်ကျရေကို လွှဲယူကြသည်။ ရေစီးအားကောင်း၍ ယာယီတမံပြိုသောအခါ ရွာသားတို့၏ လုပ်အားဖြင့် နောက်တမံတစ်ခု ထပ်ဆောက်ကြသည်။ ဝင်ငွေနည်းသောဒေသဖြစ်၍ ယင်းနည်းအတိုင်း ဒေသထွက်ပစ္စည်းများ၊ ရွာသားတို့၏ ညီညွတ်သော လုပ်အားတို့ဖြင့် လျှံရေရယူနေကြသည်။ ရေရှည်တည်တံ့သော လျှံရေတားတမံကိုဆောက်လျှင်မူ ဒေသ၏ ဇလဗေဒအချက်အလက်တို့ကို လေ့လာပြီးမှ ဒီဇိုင်းထုတ်တည်ဆောက်ရန် လိုအပ်သည်။
လျှံရေစနစ်သုံးဒေသများတွင် မိုးရေစတင်စီးဆင်းရာ မြေမှပါလာသောအနည်များသည် မြေဩဇာအာဟာရများအဖြစ် အပင်များကို အကျိုးပြုသည်။ သို့သော် အနည်ပို့ချမှုများလာသည့်အခါ တမံထိန်းသိမ်းရေး၌ အခက်အခဲတွေ့နိုင်သည်။ မိုးပြတ်သည့်နောက် မြေဆီလွှာထဲတွင် တင်ကျန်ရစ်သောရေများကြောင့် အပင်များ ဆက်လက်ရှင်သန်နိုင်သည်။ ထို့ပြင် မြေပေါ်တွင် အချိန်အတိုင်းအတာ တစ်ခုအထိ ကျန်နေသော ရေများကြောင့် အပင်ကြီးများ ပေါက်ရောက်နိုင်သည်။
လျှံရေများကို ချောင်းဘေးစိုက်ခင်းများသို့ လွှဲယူသကဲ့သို့ မြစ်များ၊ တောင်ကြားများထဲတွင် ရေစီး၏လားရာကို ကန့်လန့်ဖြတ်ရေတားတည်ဆောက်ပြီး လျှံရေကိုတန့်စေကာ မြစ်ကြမ်းပြင်အောက်မြေသားထဲ စိမ့်ဝင်စေခြင်းဖြင့်လည်း အပင်များကို ရေပေးစိုက်ပျိုးနိုင်သည်။ ပိုလျှံသောရေများသည် ရေတားကိုကျော်၍ ချောင်းရိုး၊ မြစ်ရိုးအတိုင်း ဆက်လက်စီးဆင်း သွားသည်။ ရေကြီးရေလျှံမှုကို အထိုက်အလျောက် တားဆီးထားခြင်းဖြင့် မြေလွှာများရေ တိုက်စားခံရမှု လျော့နည်းခြင်း အကျိုးကိုလည်း ရသည်။ ပြန့်ပြူးသောမြေပြင်တွင် ဖြတ်စီးသောချောင်းကို ကန့်လန့်ဖြတ်၍ ရေတားကို တစ်ဖက်ပါပုံအတိုင်း တည်ဆောက်ခြင်းဖြင့် ရေစီးကိုဖြန့်ထုတ်ကာ ဘေးပတ်ဝန်းကျင်မြေပြင်ကို ဖုံးလွှမ်းစေခြင်း၊ မြေအောက်သို့စိမ့်ဝင်စေခြင်းဖြင့် အပင်စိုက်ဧရိယာကို ချဲ့ထုတ်သော စိုက်ခင်းများလည်းရှိသည်။
ရေစီးတွင်ပါလာပြီး တမံ၏နောက်တွင် ထိုင်ကျန်ခဲ့သော မြေသားနှင့် အနည်များသည် စိုက်ခင်းဖြစ်လာသည်။ မြေသားထဲတွင် စိမ့်ဝင်နေသောရေများကြောင့် အပင်များရှင်သန်သည်။ ပုံပါစနစ်သည် တည်ဆောက်စရိတ် အမေရိကန်ဒေါ်လာ ၃၀ဝ၀ ကုန်ပြီး ထိန်းသိမ်းစရိတ် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၉၀ဝ ခန့်ရှိသည်။ တစ်နှစ်လျှင် ခုနစ်လခန့် စိုက်ပျိုးနိုင်သည်။
လျှံရေရယူခြင်းစနစ်ကို ထိန်းသိမ်းရန် ဒေသခံတို့၏လုပ်အားကို အဓိကမှီခိုရသည့်အတွက် ယင်းတို့ဝင်ငွေကောင်းသော အခြားအလုပ်အကိုင်များ ရလာသည့်အခါတွင် လည်းကောင်း၊ မြေအောက်ရေရလာသည့်အခါတွင် လည်းကောင်း ယင်းစနစ်ကို ဆက်မသုံးတော့သဖြင့် လျှံရေရယူခြင်းစနစ်သည် ပို၍တွင်ကျယ်လာခြင်းမရှိပေ။ သို့သော် ခြောက်သွေ့ဒေသအများအပြားတွင် ဆက်သုံးနေကြဆဲဖြစ်သည်။
ပုံမှန်မိုးရေ
ရံဖန်ရံခါပေါ်လာသော မုန်တိုင်းကြောင့် အလုံးအရင်းနှင့် ရေကြီးရေလျှံကာ မုန်တိုင်းစဲသည်နှင့် ပြီးပြီးပျောက်ပျောက် ဖြစ်သွားခြင်းမဟုတ်ဘဲ တောင်တန်းနှင့် ကုန်းမြင့်တို့မှ မိုးကာလတစ်လျှောက်လုံး ရွာကျစီးဆင်းလာသော မိုးရေကို ခံယူအသုံးချသည့်စနစ်များလည်းရှိသည်။ ဤစနစ်တွင် မိုးရေများကို စိုက်ခင်းသို့ တိုက်ရိုက်ပို့ဆောင် အသုံးပြုကြသကဲ့သို့ အထက်ပုံပါအတိုင်း စိုက်ခင်းထဲမဝင်မီ ရေလှောင်ကန်ဖြင့် သိုလှောင်၍လည်း တစ်ဆင့်ခံအသုံးချနိုင်သည်။ ရေလှောင်ကန်ကြားခံခြင်းဖြင့် ရေဝေဒေသတွင် ရွာကျသော မိုးအနည်းအများကိုကြည့်၍ စိုက်ခင်းထဲဝင်သော ရေပမာဏကို လိုသလိုထိန်းညှိပေးနိုင်သည်။ မိုးပြတ်ပြီးသည့်နောက်တွင် ဆက်လက်ရေပေးနိုင်သည်။ ကန်အောက်ခြေမှရေများ မြေအောက်သို့စိမ့်ဝင်ကာ မြေအောက်ရေကို ဖြည့်တင်းပြီးလည်း ဖြစ်သွားသည်။ မြေပေါ်ရေပြတ်သည့်အခါ မြေအောက်ရေကို စုပ်ယူအစားထိုးအသုံးပြုနိုင်သည်။ မိုးပြတ်ကာလရှည်ကြာသော ဒေသများ၊ မိုးရေချိန် အနည်းအများကွာဟမှု ကြီးမားသောဒေသများတွင် အသုံးတည့်သော စနစ်ဖြစ်သည်။
ဤစနစ်သည် အကြီးစားဆည်များနှင့် သဘောတရား တူညီသော်လည်း ပြင်ပအကူအညီ အနည်းဆုံးဖြင့် ဒေသတွင်း ပစ္စည်းကိရိယာ၊ ငွေကြေးအင်အား၊ လူသားအရင်းအမြစ်ကို သုံး၍ တည်ဆောက်ထိန်းသိမ်းနိုင်သော စနစ်များကိုသာ မိုးရေရယူသိုလှောင် အသုံးချခြင်းစနစ်ဟု ခေါ်ကြသည်။ ရေဝေဒေသ အကျယ်အဝန်းအားဖြင့် ၅ ဧကမှ အများဆုံး ဧက ၅၀ဝ အထိရှိသည်။
ဥပမာတစ်ခုအနေဖြင့် အာဖရိကတိုက် ဇမ်ဘီယာနိုင်ငံတွင် အသုံးများသည့် စနစ်တစ်ခု တည်ဆောက်ပုံကို လေ့လာနိုင်သည်။ တမံတူးမည့်မြစ်ကြမ်းပြင်ကို ကန့်လန့်ဖြတ်၍ ကျင်းငယ်တစ်ခုတူးသည်။
ကျင်းတစ်ဖက်တစ်ချက်တွင်လည်း ရွှံ့ရောသောမြေများကို စီ၍ချထားသည်။ ရေစိမ့်မထွက်နိုင်အောင် ရွှံ့များကို လူအား၊ စက်အားတို့ဖြင့် ကောင်းစွာသိပ်ထည့်သည်။ တမံမျက်နှာပြင်နှစ်ဖက်တွင် ရေတိုက်စားမှုမရှိအောင် မြက်စိုက်သည်။ တမံအလျားသည် ပေ ၁၅၀ ခန့်ရှည်ပြီး ရေအနက် ၁၅ ပေခန့် သိုလှောင်ထားနိုင်သည်။ ရေလှောင်ပမာဏမှာ ကုဗပေ ၁၇၀ဝဝဝ၀ ကျော်ဖြစ်သည်။ ဆောက်လုပ်စရိတ် အမေရိကန်ဒေါ်လာ ၅၀ဝဝဝ ခန့်ကုန်ကျသည်။ ဇမ်ဘီယာနိုင်ငံ၏တောင်ပိုင်း ပြည်နယ်တစ်ခုတည်းတွင်ပင် ယင်းတမံမျိုး ၃၀ဝ ခန့်ရှိပြီး လူတစ်သန်းကျော်၏ စိုက်ပျိုးမွေးမြူရေးနှင့် သောက်သုံးရေတို့အတွက် အထောက်အကူပြုလျက်ရှိသည်။
တောင်တန်းနှင့်ကုန်းမြင့်တို့မှ စီးကျလာသော လျှံရေနှင့် ပုံမှန်မိုးရေတို့ကို မိုးရေလှောင်ကန်ဖြင့် စုဆောင်းရယူခြင်း၏ အခြားကောင်းကျိုးမှာ မြေတိုက်စားခံရမှု သက်သာခြင်းဖြစ်သည်။ အဟုန်ပြင်းသောမိုးရေကြောင့် မြေသားတိုက်စားခံရပြီး သဲနုန်းမြေသားတို့ အနိမ့်ပိုင်းရှိ ချောင်းများ၊ မြစ်များ၊ ကန်များ စသည်တို့အတွင်းသို့ ဝင်ရောက်ကြသည်။ သဲနုန်းပို့ချခြင်းကြောင့် မြစ်ချောင်းကန်ကြမ်းပြင်များ မြင့်တက်လာပြီး ရေစီးနိုင်သည့်နေရာနည်းသွားခြင်းသည် ရေကြီးရေလျှံမှုကိုဖြစ်စေသောအကြောင်းတစ်ရပ်ဖြစ်သည်။ ရေကြီး၍ ကမ်းပါးတိုက်စားခံရခြင်း၊ ရေကြောင်းပြောင်းခြင်း၊ ဆည်များထဲ ဝင်ရောက်ပို့ချလျှင် လှောင်ရေထုထည်နည်းသွားခြင်း စသည့် ဆိုးကျိုးများပေါ်ပေါက်သည်။ မိုးရေလှောင်ကန်များသည် ယင်းဆိုးကျိုးများကို လျော့ပါးစေသည်။
သဲတမံ
သဲတမံဟုဆိုရာတွင် သဲဖြင့်တည် ဆောက်ထားသော ရေတားတမံဟု ဆိုလိုခြင်းမဟုတ်ပေ။ သဲချောင်းများ၊ သဲဆန်သော မြေသားရှိရာဒေသများတွင် ချောင်းထဲ၌ ရေတားတမံတည်ဆောက်ကာ တမံနောက်တွင် ဖြည်းဖြည်းချင်း ပြည့်တက်လာသော သဲများထဲတွင် ရေသိုလှောင်သောစနစ်ကို ခေါ်ခြင်းဖြစ်သည်။ တောင်တန်းနှင့်ကုန်းမြင့်တို့မှ စီးဆင်းလာသောမိုးရေများကို မြေပေါ်တွင်မဟုတ်ဘဲ ချောင်းကြမ်းပြင်ပေါ် မို့တက်လာသော သဲထုထဲတွင် သိုလှောင်အသုံးချခြင်းဖြစ်သည်။
သဲတမံတည်ဆောက်နည်းမှာ သဲချောင်းများထဲတွင် ရေစီးကိုကန့်လန့်ဖြတ်၍ အောက်ခြေကျောက်လွှာ သို့မဟုတ် ရေမစိမ့်နိုင်သော မြေမာအထိရောက်အောင်တူးပြီး အုတ် သို့မဟုတ် ကွန်ကရစ်ဖြင့် တမံနိမ့်တည်ဆောက်ရသည်။ ရန်ပုံငွေမလုံလောက်မှုကြောင့် အုတ်နှင့်ကွန်ကရစ်ကို မသုံးနိုင်လျှင် အောက်ပိုင်းတွင် ရွှံ့စေးများကို ရေဖြတ်မစီးနိုင်အောင်အထိ သိပ်ပေးကာ မြေတွင်ပေါ်နေသည့်အပိုင်းကို မြေမာများဖြင့် ခိုင်ခံ့အောင်စီမံ၍လည်း တမံတည်ဆောက်နိုင်သည်။ တမံပြီး၍ မိုးရေစီးဆင်း ဝင်ရောက်လာသည့်အခါ နုန်းများ၊ အရွယ်သေး၍ ပေါ့ပါးသောမြေမှုန်များသည် ရေနှင့်အတူ တမံကိုကျော်၍ ဆက်လက်စီးဆင်းသွားပြီး တမံနောက်တွင် သဲကြမ်းများ တဖြည်းဖြည်း မို့တက်လာကာ တမံထိပ်အထိ ရောက်လာသည်။
အချို့နေရာများတွင် မိုးတစ်ကြိမ်ရွာပြီးသည်နှင့် သဲများဖြင့်ပြည့်သွားကြပြီး အချို့ဒေသများတွင်မူ မိုးနှစ်ကြိမ်သုံးကြိမ်ခန့် ရွာသောအခါမှ သဲပြည့်သည်။ မျက်မြင်၌ သဲကိုသာတွေ့ရသော်လည်း သဲပြင်အောက်သဲလုံးများကြားတွင် ရေများပြည့်နေသည်။ သဲထုထည် ၂၅ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းသည် ရေများဖြစ်ကြသည်။
ဘေးနှစ်ဖက်မြေပြင်ရှိ သဲများထဲသို့လည်း ရေများစိမ့်ဝင်ကူးလူးကာ တင်ကျန်နေသည်။ ယင်းရေများကို လက်ယက်တွင်းများဖြင့်လည်းကောင်း၊ ဆန်ခါတပ်ထားသောပိုက်ဖြင့် တမံဘေးမှဖောက်၍လည်းကောင်း၊ ရေတွင်းများ လက်ဆွဲတုံကင်များဖြင့်လည်းကောင်း ရယူအသုံးချနိုင်သည်။
သဲတမံများသည် ရေဂါလန်ပေါင်းသိန်းနှင့်ချီ၍ သိုလှောင်ထားနိုင်ပြီး သုံးလိုက်၊ မိုးရွာလျှင် ပြန်ပြည့်လိုက်ဖြစ်နေသောကြောင့် လူဦးရေ ၁၀ဝ၀ ခန့်ကို တစ်နှစ်ပတ်လုံး သောက်သုံးရေ၊ စိုက်ရေများပေးနိုင်သည်။
သဲကြောထဲရှိရေများသည် တိရစ္ဆာန်အညစ်အကြေး စသည်တို့ကြောင့် ညစ်ညမ်းမှုနည်းပါးသည့်အပြင် မြေပေါ်ရေကဲ့သို့ အငွေ့ပြန်ဆုံးရှုံးမှုမရှိသဖြင့် လှောင်ထားသောရေအား ကြာကြာသုံးရသော အကျိုးကိုရရှိသည်။ ခြင် စသည့်ပိုးမွှားများ ပေါက်ပွားခြင်းမပြုနိုင်။ အခြားတမံကြီးများကဲ့သို့ ဂေဟစနစ်ကို ထိခိုက်နိုင်ခြင်းမရှိ။
တမံကို ချောင်း၏ကြမ်းပြင်ပေါ်အထိ မဆောက်ဘဲ မြေအောက်တွင်သာ မြှုပ်ထားခြင်းဖြင့် မြေအောက်တမံတည်ဆောက်ကာ မြေအောက်သဲလွှာများတွင်း၌ ရေသိုလှောင်ထားနိုင်သည်။
ယင်းနည်းဖြင့် ဆောက်ထားသော သဲတမံများသည် မိုးရေရယူသိုလှောင်အသုံးချစနစ် အမျိုးမျိုးတွင် ကုန်ကျစရိတ်အနည်းဆုံးဖြစ်သည်။ ရေအမြဲမစီးသည့် တောင်ကျချောင်းများ၌ တောင်ပေါ်တွင် မိုးရွာသည်နှင့် သဲနုန်းများ၊ သစ်ပင်များ၊ အမှိုက်သရိုက်များ အရှိန်ဖြင့်ဆင်းလာကာ စီးရာလမ်းတစ်လျှောက် အပျက်အစီးများစွာ ဖြစ်ပေါ်စေနိုင်ရာ သဲတမံများက ယင်းအန္တရာယ်ကို လျော့နည်းစေသည်။
ရေထုထည် ကုဗပေ ၃၅၀ဝဝဝ မှ ကုဗပေ ၃၅၀ဝဝဝ၀ဝ အထိ သိုလှောင်နိုင်သော သဲတမံများကို ခြောက်သွေ့ဒေသများ၌ တွေ့နိုင်သည်။ အာဖရိကတိုက် ကင်ညာနိုင်ငံရှိ သဲတမံအများစုသည် ၆ ပေအမြင့် ပေ ၁၂၀ ခန့်ရှည်သည်။ ဘိလပ်မြေအိတ် ၅၀ဝ အပါအဝင် ပစ္စည်းနှင့်လုပ်အားခ အမေရိကန်ဒေါ်လာ ၁၀ဝဝဝ ခန့်ကုန်ကျသည်။ ထိန်းသိမ်းစရိတ် အလွန်နည်းပါးသည်။ သဲတမံတစ်ခုသည် ပျမ်းမျှနှစ်ပေါင်း ၅၀ ခန့်ခံသည်။ ကင်ညာနိုင်ငံရှိ ရေထုထည်ကုဗပေ ၇၀ဝဝဝ ခန့်အထိ သိုလှောင်ထားနိုင်သော သဲတမံတစ်ခုက အနီးရှိရွာတစ်ရွာအပေါ် အကျိုးပြုနိုင်မှုကို လေ့လာသည့်အခါ ပေါ်ထွက်လာသောရလဒ်မှာ အောက်ပါအတိုင်းဖြစ်သည်။ ။

သရက်သီးအမှည့်၏ဆေးဖက်ဝင်ပုံ
သရက်သီးသည် ချိုချဉ်အရသာရှိပြီး ခံတွင်းမြိန်စေသည်။ သွေးသည်းခြေကို ဖျက်စေတတ်ကာ လေသလိပ်ကိုနိုင်ပြီးကျင်ကြီးအစုကိုဖျက်၍ ဝမ်းကိုရွှင်စေသည်။ ကိုလက်စထရောဓာတ်ကို လျှော့ချပေးပြီး ကင်ဆာရောဂါကိုကာကွယ်ပေးနိုင်ကာ အစာကြေစေသည်။ ဦးနှောက်သွေးကြောပြတ်ခြင်းအတွက် ကောင်းမွန်စေပြီး မျက်လုံးအတွက် ဆေးတစ်မျိုးလည်းဖြစ်သည်။ သရက်သီးအမှည့်က သေးပြီးချိုသည့်အရသာနှင့် ဖန်သည့် အရသာအနည်းငယ်ရှိသည်။ အအေးမိခြင်း၊ Allergic ကြောင့် နှာခေါင်းအတွင်း ပိုင်းရောင်ရမ်းနာကျင်ခြင်းကို သက်သာစေသည့်အပြင် ခန္ဓာကိုယ်အားအင်တိုးပွား စေရန် သရက်သီးမှည့်ဖျော်ရည်ကို ပျားရည်နှင့်ရောပြီး သောက်ပေးနိုင်သည်။ ဦးရေပြားကိုလည်း ကျန်းမာစေသည်။
သရက်သီးက သွေးတွင်းအက်စစ်ဓာတ်ကို လျော့နည်းစေသောကြောင့် အဆစ်အမျက်ကိုက်ခဲခြင်း၊ ကျောက်ကပ်တွင် ကျောက်တည်ခြင်းတို့ကို ကာကွယ်ပေးသည်။ သရက်သီးတွင် ပိုတက်ဆီယမ် ဓာတ်ကြွယ်ဝစွာပါဝင်မှုကြောင့် နှလုံးခုန်မမှန်ခြင်းနှင့် ကြွက်သားအားနည်းခြင်းတို့ကိုသက်သာစေသည်။ သရက်သီးတွင်ပါဝင်သည့် Glutamic Acid က အာရုံကြော များကို လှုံ့ဆော်ပေးပြီး အာရုံစူးစိုက်မှုကိုအားကောင်းစေကာ ဦးနှောက်၏စွမ်း ဆောင်ရည်များကို ပိုပြီးကောင်းမွန်စေသည်။ ထို့ပြင် ဖောလစ်အက်စစ် ၊ မဂ္ဂနီ ဆီယမ်၊ ကယ်လ်စီယမ်၊ ဖော့စဖရပ်စ်နှင့် ပိုတက်ဆီယမ်တို့ ပါဝင်သောကြောင့် ကိုယ်ဝန်ဆောင်မိခင်များ သရက်သီးကို စားပေးလျှင် ကလေးကြီးထွားဖွံ့ဖြိုးမှုကို အထောက်အပံ့ဖြစ်စေသည်။
သောက်သုံးသင့်သောသရက်သီးဖျော်ရည်
သရက်သီးသည် ခန္ဓာကိုယ်ကိုအေးမြစေသော အစွမ်းသတ္တိပါရှိသဖြင့် ပူပြင်းသောနွေရာသီတွင် သရက်သီးဖျော်ရည် သောက်ပြီး အပူဒဏ်ကိုကာကွယ်နိုင်သည်။ ထို့ပြင် ဆီးရွှင်စေသဖြင့် ဆီးကျောက် တည်မှုအန္တရာယ်ကို လျှော့ချပေးပြီး ကျောက်ကပ်ကိုသန့်စင်စေကာ ခန္ဓာကိုယ်တွင် ဆီးဆိပ်တက်ခြင်းပြဿနာကိုမဖြစ် ပေါ်စေနိုင်ပါ။ သရက်သီးအမှည့်ကို ဖျော်သောက်ပေးမည်ဆိုပါက ရာသီဥတု ပူပြင်းမှုကြောင့် ခန္ဓာကိုယ်တွင်ဖြစ်လာနိုင်သည့် အပူလျှပ်ခြင်းကဲ့သို့ ဝေဒနာများမဖြစ်ပေါ်စေရန် ကာကွယ်ပေးနိုင်မည် ဖြစ်သည်။
အမျိုးသမီးများနှင့်သင့်လျော်သော သရက်သီး
သွေးအားနည်းရောဂါရှိသူများသည် ညစာစားပြီးတိုင်း သရက်သီးကို မှန်မှန် မှီဝဲစားသုံးခြင်းဖြင့် သွေးနီဥပမာဏ တိုးပွားလာစေနိုင်သည်။ အမျိုးသမီးများ ဓမ္မတာလာစဉ် နာကျင်ကိုက်ခဲမှုဝေဒနာတို့ကို သက်သာစေသကဲ့သို့ သွေးဆုံးပြီးစ အချိန်အတွက်လည်း သရက်သီးက အထူးသင့်လျော်သည်။ ထို့ပြင် ကယ်လ်စီယမ်နှင့် မဂ္ဂနီဆီယမ်တို့ပါရှိခြင်းကြောင့် သားလျှော သားပျက်ခြင်းမှ ကာကွယ်ပေးနိုင်ရုံမျှမက သံဓာတ်ကြွယ်ဝခြင်း၊ HB ပမာဏကိုထိန်း ညှိကာ ခန္ဓာကိုယ်တွင်း အောက်ဆီဂျင် ကောင်းစွာ လည်ပတ်စေနိုင်ခြင်းတို့ကြောင့် ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့်လည်း သရက်သီးနှင့် သရက်သီးဖျော်ရည်တို့ကို သောက်သုံးပေးသင့်သည်။
ကင်ဆာတချို့ကို ကာကွယ်ပေးနိုင်သော သရက်သီး
သရက်သီးတွင် ဓာတ်တိုးဆန့်ကျင်အာနိသင်များ ပါဝင်သောကြောင့် အူမကြီး ကင်ဆာ၊ ရင်သားကင်ဆာ၊ သွေးကင်ဆာ နှင့် ဆီးကျိတ်ကင်ဆာများမဖြစ်စေရန် ကာကွယ်ပေးသည့်အပြင် ဘီတာကယ်ရို တင်း၊ ပိုတက်ဆီယမ်နှင့် ဆီလီနီယမ်တို့ ပါရှိသဖြင့် နှလုံးနှင့်နှလုံးကြွက်သားများကို ကျန်းမာကြံ့ခိုင်စေပြီး သွေးဖြူဥကိုလှုံ့ဆော်ပေးကာ မလိုလားအပ်သည့် ဗက်တီးရီးယားများကို ပျက်စီးစေနိုင် သည်။
သွေးတွင်းကိုလက်စထရောကျစေနိုင်သော သရက်သီး
သရက်သီးတွင် အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်သောကြောင့် သွေးတွင်းကိုလက် စထရောပမာဏ ကျဆင်းအောင်လည်း လုပ်ဆောင်ပေးနိုင်သည်။ သရက်သီးတွင် ဖိနိုလစ်ကွန်ပေါင်းတစ်မျိုး ပါဝင်သည့်အတွက် အရွယ်တင်နုပျိုစေခြင်း၊ ကျန်းမာ ရေးပြဿနာများကို ဖြစ်ပွားစေနိုင်သောဖရီးရယ်ဒီကယ်များကို ထိန်းထားပေးနိုင်သည့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများပေါကြွယ်ဝစွာပါရှိသည့်အတွက် သွားဖုံးသွေး ယိုရောဂါ၊ ချောင်းဆိုး၊ အဖျားတက်ခြင်း၊မအီမသာပျို့အန်ခြင်း၊ ပင်လယ်လှိုင်းမူးခြင်း၊ ကြွက်တက်ခြင်းစသည့် ဝေဒနာများကို ပျောက်ကင်းစေနိုင်ကြောင်း တရုတ် ဆေးကျမ်းများတွင် ဖော်ပြထားသည်။
ဆီးကျောက်ကြေစေသော သရက်သီးအမှည့်
ဆီးကျောက်တည်သူများ၊ ဆီးလမ်းကြောင်း ပိုးဝင်သူများ ဓာတ်စာအနေဖြင့် သရက်သီးဖျော်ရည် တစ်ဖန်ခွက်နှင့်လတ်ဆတ်သည့် မုန်လာဥနီဖျော်ရည် ဖန်ခွက်တစ်ဝက်ကိုရော၍ နေ့စဉ် သောက်ပေးခြင်းဖြင့် ဆီးကျောက်ကို ကြေစေကာ ဆီးလမ်းကြောင်းပိုးဝင်ပြီး ခံစားရသည့် လက္ခဏာများကိုလည်း သက်သာစေမည်ဖြစ်သည်။
အသားအရေကိုလှပစေနိုင်သောသရက်သီး
သရက်သီးမှည့်တွင် ဗီတာမင်-A၊ ဗီတာမင်-C နှင့် ဗီတာမင်-E များပါဝင် မှုကြောင့် အသားအရေကိုချောမွေ့လှပ စေပြီး အရေပြားတွင် ကြာဆူးကဲ့သို့အဖုများထွက်ခြင်း၊ အသားအရေခြောက် သွေ့ခြင်း၊ အရေပြားတွန့်ခြင်းနှင့်ပါးရေတွန့်ခြင်းတို့ကို သက်သာစေသည်။ တင်း တိပ်၊ မှဲ့ခြောက်နှင့် ဝက်ခြံထွက်ခြင်းတို့ကို သက်သာပျောက်ကင်းစေပြီး အသားအရေကိုစိုပြည်ချောမောလှပကာ အရွယ် တင်နုပျိုစေသည်။ သရက်သီးက အသား အရေကိုချောမွေ့စေပြီး ဝက်ခြံများကိုသက်သာစေနိုင်သောကြောင့် အသားအရေ လှပချင်သူများအနေဖြင့် သရက်သီးကို စားသုံးပေးသင့်သည်။
သရက်သီးကို စားပေးရုံမျှမက မျက်နှာ ပြင်ပေါ်ရှိချွေးပေါက်များကိုလည်း ပွင့်စေသဖြင့် မျက်နှာပေါင်းတင်ရန်အတွက် လည်းအသုံးပြုနိုင်သည်။ သရက်သီးကိုခပ် ပါးပါးလှီးပြီး မျက်နှာပေါ်တွင် ညင်သာစွာကပ်ကာ ၁၅ မိနစ်ခန့်အကြာတွင် ရေနွေးဖြင့် သန့်စင်ဆေးကြောပေးပါက ချွေးပေါက်များကိုပွင့်စေပြီး ဝက်ခြံပေါက်ခြင်း မှကာကွယ်နိုင်သည်။
အမြင်အာရုံကောင်းမွန်စေသောသရက်သီး
ကွန်ပျူတာနှင့်ဖုန်း နေ့စဉ်အသုံး ပြုသူများအနေဖြင့် တစ်နေ့တာလိုအပ် သော ဗီတာမင်-A ၏ ၂၅ ရာခိုင်နှုန်းခန့်ပါဝင်သည့်အပြင် Flavonoids ၊ Beta-carotene၊ Alpha-caroteneနှင့် Beta-cryptoxanthin တို့ပါရှိသော သရက်သီး မှည့်ကိုစားခြင်းဖြင့် အမြင်အာရုံကောင်း မွန်စေပြီး မျက်စိယားယံခြင်း၊ ရောင်ကိုင်းခြင်း၊ ကြက်မျက်သင့်ခြင်း၊ မျက်လုံးခြောက်သွေ့ခြင်းနှင့်မျက်ကြည်လွှာရောဂါအမျိုးမျိုးကို ပျောက်ကင်းစေနိုင်သည်။ သရက် သီးမှည့်ပုံမှန်စားပေးခြင်းဖြင့် မျက်စိကို ခရမ်းလွန်ရောင်ခြည်(UV) ဝင်ရောက်သည့်ဒဏ်ကို ကာကွယ်ပေးသောကြောင့် အမြင်အာရုံထိခိုက်ပျက်စီးခြင်းမှ ကာကွယ် ပေးသည်။
ဆံသားများကိုကောင်းမွန်စေသောသရက်သီး
သရက်သီးတွင်ပါဝင်သည့် ဗီတာမင်ဓာတ်များက ဆံပင်အရည်အိတ်ငယ်လေးများကို အားကောင်းစေသောကြောင့် ဆံပင်အသစ်များကိုလည်း ထွက်စေပြီးဆံပင်သန်ကာ အရောင်တောက်စေသောကြောင့် ဆံပင်ကျွတ်ပြီး ဆံသားခြောက်သွေ့နေသူများအနေဖြင့် သရက်သီးကိုစားပေးခြင်းဖြင့် ဆံပင်များ ပြန်လည်ကောင်းမွန် လာစေနိုင်သည်။
အစာကြေစေသောသရက်သီး
သရက်သီးတွင် အမျှင်ဓာတ်နှင့်အစာ ခြေအင်ဇိုင်းတစ်မျိုးဖြစ်သည့် Amylase ကြွယ်ဝစွာပါဝင်သောကြောင့် စားသောက်လိုက်သည့်ကာဗိုဟိုက်ဒရိတ်များကို Am-ylase အင်ဇိုင်းများက ကောင်းစွာချေဖျက် ပေးနိုင်သဖြင့် အူလမ်းကြောင်း ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ရှိစေသည်။ သရက်သီးမှည့်တွင် ချေဖျက်လွယ်သော အမျှင်ဓာတ်များစွာ ပါဝင်သောကြောင့် ဝမ်းပျော့စေပြီး ဝမ်းချုပ်တတ်သူ များ သရက်သီးမှည့် တစ်နေ့တစ်လုံးပုံမှန် စားသုံးခြင်းဖြင့် ဝမ်းမှန်စေသည့်အပြင် အစာအိမ်နှင့်အူများကို သန့်စင်စေရုံသာမက အသည်းကိုပါ ကောင်းကျိုးများစေသည်။ သရက်သီးမှည့်တွင် အစာခြေစနစ် အတွက် အဓိကဖြစ်သောအမျှင်ဓာတ်နှင့် ရေဓာတ်ကြွယ်ဝသဖြင့် သရက်သီးစားသုံး ခြင်းဖြင့် ဝမ်းချုပ်ခြင်းကို ကင်းဝေးစေ သည်။
သရက်သီးမစားသင့်သောသူများ
အရမ်းငယ်သော ကလေးများမှလွဲ၍ သရက်သီးကို လူတိုင်းစားပေးနိုင်သော်လည်း အလွန်အကျွံမဖြစ်ရန်လိုသည်။
သရက်သီးသည် အမျိုးသမီးများနှင့်သင့်လျော်ကောင်းမွန်သော်လည်း မွေးဖွားခါနီး မိခင်လောင်းများ အလွန်အကျွံမစားသုံးသင့်ပေ။ သရက်သီးများများစားပြီးနောက် ရေနိုင်နိုင်ချိုးပေးခြင်းဖြင့် အပူကန်မိတ်ဖု ထွက်ခြင်းနှင့် မျက်စိအခိုးဝေခြင်းတို့မှ သက်သာစေသည်။ သရက်သီးအမျိုးအစားအစုံကို ဈေးနှုန်းချိုသာစွာ ဝယ်ယူရရှိနိုင်သောကြောင့် ကျန်းမာရေးအတွက် အရည်အသွေးကောင်းမွန်ပြီး လတ်ဆတ်သောသရက်သီးများကို သင့် တင့်မျှတစွာဖြင့် အရသာရှိရှိ စားသုံးနိုင်ရန် ရာသီစာသရက်သီး၏ ဆေးဖက်ဝင်ပုံကို ရေးသားတင်ပြလိုက်ရပါသည်။
ဇူလိုင်လ ၂၇ ရက်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထုတ်ပြန်ကြေညာခဲ့သည်။ ကျောင်းသားမိဘများသည် အောင်စာရင်း ထုတ်ပြန်မည့်ရက်ကို လက်ချိုးရေတွက်ခဲ့ရသည်။
ဇူလိုင်လ ၂၆ ရက် ညပိုင်းကတည်းက ကျောင်းသားမိဘများနှင့် ကလေးများကောင်းကောင်းမအိပ်နိုင်ဘဲ အောင်စာရင်းအတွက် ရင်ခုန်နေကြသည်။ ထို့နောက် ဇူလိုင်လ ၂၇ ရက် နံနက်စောစောတွင် မိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ ဝမ်းသာ၊ ဝမ်းနည်းဖြစ်ခဲ့ရသည်။ စာမေးပွဲအောင်မြင်သူများသည် ပျော်လို့မဆုံးဖြစ်နေကြသည်။ ဂုဏ်ထူးများစွာနှင့်အောင်မြင်သောကလေးများသည် အတိုင်းထက်အလွန်ပင်ဖြစ်သည်။
အထူးသဖြင့် မိဘများသည် ပို၍ပင်ပျော်ရွှင်နေကြသည်။ သူတို့၏အပျော်များသည် ပတ်ဝန်းကျင်ရှိ မိတ်ဆွေများနှင့်သူငယ်ချင်းများကို ဝမ်းသာပီတိဖြစ်စေသည်။ စာမေးပွဲကျရှုံးသည့် ကလေးများသည် ဝမ်းနည်းပက်လက်ငိုကြွေးနေကြသည်။ တချို့သော မိဘများသည် မစားနိုင်မသောက်နိုင်ပင်ဖြစ်နေကြသည်။ စိတ်မကောင်းစရာပင်ဖြစ်သည်။
အောင်ချက်ရာခိုင်နှုန်း
၂ဝ၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ နိုင်ငံခြားစာစစ်ဌာနအပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းသား၊ ကျောင်းသူ ၂၀၇၈၉၈ ဦးဖြေဆိုခဲ့ရာ ၉၉၉၂၄ ဦးအောင်မြင်ခဲ့သောကြောင့် အောင်ချက်ရာခိုင်နှုန်း ၄၈ ဒသမ ၀၆ ရာခိုင်နှုန်းရှိခဲ့သည်။ ဆိုရလျှင် စာမေးပွဲဖြေဆိုသူ နှစ်ဦးလျှင် တစ်ဦးနီးပါးခန့် အောင်မြင်ခဲ့ခြင်းဖြစ်သည်။
မွန်ပြည်နယ် စာစစ်ဌာနသည် ၅၇ ဒသမ ၁၆ ရာခိုင်နှုန်းဖြင့် အောင်ချက်အမြင့်မားဆုံးဖြစ်သည်။ ခြွင်းချက်အနေဖြင့် နိုင်ငံခြားစာစစ်ဌာနသည် အောင်ချက် ၉၅ ရာခိုင်နှုန်းရှိသည်။
မုဒိတာပွားမိ
စာမေးပွဲအောင်စာရင်းသည် ကျောင်းသားတစ်ဦး၊ တစ်ယောက်ချင်းစီ၏ တစ်နှစ်တာကာလအတွင်း ကြိုးပမ်းအားထုတ်ခဲ့မှုများကို မှတ်ကျောက်တင်ပေးခြင်းဖြစ်သည်။ အောင်စာရင်းတွင် ဂုဏ်ထူး ရရှိသည့်ဘာသာရပ်များကို ဖော်ပြထားလေ့ရှိသည်။ ထို့ကြောင့် ဂုဏ်ထူးဖြင့်အောင်မြင်သည့်ကလေးများသည် ပို၍ပျော်ရွှင်ကြမည်ဖြစ်သည်။ အထူးသဖြင့် တစ်နိုင်ငံလုံးတွင် အဆင့် ၁ဝ အတွင်းဝင်သည့် ကျောင်းသား၊ ကျောင်းသူများသည် သူတို့၏ကြိုးပမ်းမှုရလဒ်အတွက် ကျေနပ်နေလိမ့်မည်ဖြစ်သည်။ မိဘများသည် သားသမီးများအတွက် ဂုဏ်ယူဝင့်ကြွားပျော်လို့မဆုံး တပြုံးပြုံးဖြစ်နေကြမည်။ မိဘချင်း ကိုယ်ချင်းစာမိသည်။ ထိုအောင်မြင်မှုများကိုလည်း လှိုက်လှိုက်လှဲလှဲမုဒိတာပွားမိသည်။ မည်သို့ပင်ဆိုစေကာမူ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ကြသည့် ကျောင်းသား၊ ကျောင်းသူအားလုံးအတွက် များစွာဂုဏ်ယူမိသည်။
ကိုယ်တွေ့ကြုံခဲ့ရ
တက္ကသိုလ်ဝင်စာမေးပွဲသည် လက်ရေးလက်သား အပါအဝင် အမှတ်ပေးစည်းမျဉ်းနှင့်အညီ သပ်သပ်ရပ်ရပ် စနစ်တကျဖြေဆိုနိုင်မှသာလျှင် မျှော်မှန်းသလောက် ရလဒ်ထွက်ရှိမည်ဖြစ်သည်။ တချို့သောကလေးများသည် အားလုံးဖြေဆိုခဲ့သော်လည်း အဖြေလွှာကို ပြန်လည်စစ်ဆေးခြင်းမရှိသဖြင့် မျှော်မှန်းမထားသော စာလုံးပေါင်းသတ်ပုံအမှားအယွင်းများပါသွားနိုင်ပေသည်။
စာရေးသူတို့လည်း ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း မထုတ်ပြန်ခင်က အောင်စာရင်းကို ရင်တမမဖြင့် မျှော်လင့်ခဲ့ရသည်။ ထိုစဉ်က သမီးကြီးသည် ဂုဏ်ထူးငါးဘာသာခန့်မျှော်မှန်းထားသော်လည်း အောင်စာရင်း ထွက်သည့်အချိန်တွင် သုံးဘာသာပါရှိခဲ့သဖြင့် စိတ်မကောင်းဖြစ်ခဲ့ရသည်။ သို့သော် အမှတ်စာရင်းထွက်သည့်အချိန်တွင် အမှတ်ကောင်းသဖြင့် စိတ်ဖြေဆည်ရာရရှိခဲ့သည်။ သမီးကြီးသည် စာမေးပွဲဖြေဆိုရာတွင် စိတ်လောလေ့ရှိသဖြင့် စိတ်အေးအေးထား၍ဖြေဆိုဖို့ရန် အမြဲတမ်းသတိပေးခဲ့ရသည်။
စာမေးပွဲအောင်စာရင်းတွင် ပါမလာသော်လည်း စာမေးပွဲဖြေဆိုခါနီးအချိန်တွင် ကျန်းမာရေးနှင့် အခြားလူမှုရေး အခက်အခဲတစ်ခုခုကြောင့် ခြေချော်လက်ချော်ဖြစ်သွားနိုင်သည်။
ထိုကလေးများအနေဖြင့် လက်ရှိအခြေအနေထက် ပိုမိုကောင်းမွန်သည့် အခြေအနေတစ်ရပ်ကို ဖန်တီးလာသည်ဟု သဘောထားရမည်ဖြစ်သည်။ အရာရာတိုင်းကို ပုံသေကားကျတွက်၍ စိတ်ဓာတ်ကျဆင်းနေရန် မလိုပေ။ အနာဂတ်တွင်ပိုမိုကောင်းမွန်သော အခွင့်အလမ်းများ တွေ့ရှိလာနိုင်သည်။ ဘဝကို အပြုသဘောဆောင်စွာ ရှုမြင်ထားသင့်သည်။ စာမေးပွဲတစ်ခါကျရှုံးခြင်းသည် ဘဝတစ်ခုလုံးအတွက် ဆုံးရှုံးမှုကြီးမဟုတ်ပေ။ လာမည့်ပညာသင်နှစ်တွင် နှစ်စကတည်းက ဖိဖိစီးစီးသာ ကြိုးစားသွားမည်ဆိုလျှင် ဂုဏ်ထူးများစွာဖြင့်ပင် အောင်မြင်နိုင်မည့်အခွင့်အလမ်းရှိနေပါသေးသည်။ အောင်စာရင်းတွင် ပါရှိမလာသော်လည်း စိတ်ဓာတ်ကျနေစရာမလိုပေ။ ကျရှုံးသော်လည်း ထပ်မံကြိုးစားပါက အောင်မြင်မှုအတွက် အခွင့်အလမ်းများစွာရှိနေပြီး မုချအောင်မြင်နိုင်မည်ဖြစ်သည်။
ဆန္ဒသာရှိမည်ဆိုလျှင်
လက်ရှိစာမေးပွဲကျရှုံးမှုကို ဘဝအတွက် သင်ခန်းစာအဖြစ် သဘောထား သွားရမည်ဖြစ်သည်။ အောင်စာရင်းတွင် ပါလာခြင်းမရှိသည့် ကျောင်းသား၊ ကျောင်းသူတစ်ဦးအနေဖြင့် ပထမဆုံးဆောင်ရွက် ရမည့်အလုပ်သည် လွန်ခဲ့သော တစ်နှစ်တာကာလအတွင်း လုပ်ဆောင်ခဲ့မှုများကို ပြန်လည်သုံးသပ်သွားရန်လိုအပ်သည်။ ပထမဆုံးအချက်မှာ မိမိဖြေဆိုခဲ့သော အမှတ်စာရင်းတောင်းကြည့်ရမည်ဖြစ်သည်။ အမှတ်စာရင်းတွင် အားနည်းချက်ရှိသော ဘာသာရပ်များကို ယခုနှစ်တွင် ပိုမိုလေ့ကျင့် ကျက်မှတ်သွားရန် လိုအပ်သည်။ အားသာချက်ရှိပြီးသော ဘာသာရပ်များကို ဆက်လက်လေ့ကျင့် ကျက်မှတ်လိုက်မည်ဆိုလျှင် သေချာပေါက် ဂုဏ်ထူးထွက်မည်ဖြစ်သည်။ မည်သည့်အရာတွင်မဆို အောင်မြင်လိုသည့်ဆန္ဒသာ အမှန်တကယ်ရှိနေမည်ဆိုလျှင် တစ်နေ့တွင် ထိုက်တန်သောအောင်မြင်မှုကို ဧကန်မုချရရှိသွားမည်ဖြစ်သည်။
နေထိုင်မှုပုံစံပြောင်းရန်လို
လက်ရှိအချိန်တွင် စမတ်ဖုန်းများသည် လူငယ်များ၏ နေ့စဉ်ဘဝကို လွှမ်းမိုးလာနေပြီဖြစ်သည်။ တက္ကသိုလ်ဝင်တန်းတက်မည့် ကလေးများအနေဖြင့် ဖုန်းသုံးစွဲချိန်ကို လျှော့သွားရန်လိုအပ်သည်။ လူမှုကွန်ရက်သည် သုံးတတ်လျှင် အကျိုးရှိနိုင်သော်လည်း မသုံးတတ်လျှင် အချိန်နှင့် ငွေကြေးကုန်ကျပြီး ပညာသင်ကြားရေးကိုပါ ထိခိုက်နိုင်သည်။
တချို့သောယောကျ်ားလေးများသည် ဖုန်းဖြင့်ဂိမ်းဆော့နေတတ်ပြီး မိန်းကလေးများသည် လူမှုကွန်ရက်ပေါ်မှနေထိုင်မှု ပုံစံများအပေါ်တွင် သာယာနေတတ်ကြသည်။ ထို့ကြောင့် မိဘအုပ်ထိန်းသူများသည် သားသမီးများ၏ တယ်လီဖုန်းသုံးစွဲချိန်ကို စောင့်ကြည့်ကန့်သတ်ထားသင့်သည်။ သားသမီးများကို အလိုလိုက်ခြင်းသည် ချစ်ရာမကျဘဲ နှစ်သလိုဖြစ်နေတတ်ပေသည်။ ပကာသနဆန်သော ပြိုင်ဆိုင်မှုများသည် ကလေးများကို လမ်းမှားသို့တွန်းပို့စေနိုင်သဖြင့် မိဘအုပ်ထိန်းသူများအနေဖြင့် ချင့်ချိန်ဆောင်ရွက်သွားရန် လိုအပ်ပေသည်။
လက်တစ်ကမ်းတွင်ရှိနေ
တချို့သောသူများသည် တစ်ခါကျရှုံးရုံမျှဖြင့် စိတ်ဓာတ်ကျဆင်းသွားတတ်ကြသည်။ စိတ်ထင်ရာလျှောက်လုပ်တတ်ကြသည်။ အပေါင်းအသင်းမှားပြီး မူးယစ်ဆေးဝါး သုံးစွဲတတ်သည်။ အဆိုးရွားဆုံးအချက်သည် လွဲမှားသောနည်းလမ်းဖြင့် ထွက်ပေါက်ရှာခြင်းဖြစ်သည်။
အောင်မြင်သူများကိုကြည့်မည်ဆိုလျှင် အချို့သူများသည် တစ်ချိန်ကကျရှုံးခဲ့ဖူးသည်။ သို့သော် အောင်မြင်လိုသည့် ခိုင်မာသောဆန္ဒရှိနေသဖြင့် အကြိမ်ကြိမ်ကြိုးစား၊ အကြိမ်ကြိမ်ရုန်းကန်ထခဲ့ကြရသည်။
မိမိလည်း ကြိုးပမ်းသွားမည်ဆိုလျှင် မအောင်မြင်စရာ အကြောင်းမရှိချေ။ မလျှော့သော ဇွဲ၊ လုံ့လ၊ ဝီရိယတို့သာလိုသည်။ အောင်မြင်မှုသည် မိမိ၏လက်တစ်ကမ်းတွင်ရှိနေသည်။
ထူးချွန်စွာအောင်မြင်နိုင်
စင်စစ်အားဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးခဲ့သူများသည် စိတ်ဓာတ်ကျဆင်း နေစရာမလိုပေ။ တမှိုင်မှိုင်တတွေတွေဖြင့် နောင်တရနေရန်လည်း မလိုပေ။ အဓိကလုပ်ဆောင်သွားရမည့် အချက်သည် လာမည့် ပညာသင်နှစ်အတွက် စိတ်သစ်ခွန်အားသစ်များနှင့် ကြိုးစားသွားရန်သာ လိုအပ်သည်။ ပညာသင်နှစ်အစမှစ၍ တစ်နေ့စာတစ်နေ့ပြတ်အောင်သာ ကြိုးစားလေ့ကျင့် ကျက်မှတ်သွားမည်ဆိုလျှင် အတန်းတင်စာမေးပွဲကြီးကို အလွယ်တကူဖြေဆို အောင်မြင်နိုင်မည်ဖြစ်သည်။ စနစ်တကျသာ လေ့လာသင်ယူလေ့ကျင့် ကျက်မှတ်သွားမည်ဆိုလျှင် ဂုဏ်ထူးများစွာဖြင့်ပင် ထူးချွန်စွာအောင်မြင်နိုင်သည်။
ကြိုးပမ်းအားထုတ်မှုနှင့် အောင်မြင်မှု အသီးအပွင့်များမည်သည့်အရာမဆို အချိန်ကကုစားသွားမည်ဖြစ်သည်။ မိဘများအနေနှင့်ကလည်း ကလေးများကို စိတ်ဒဏ်ရာရရှိအောင် လွန်လွန်ကဲကဲဖိအားမပေးသင့်ပေ။ အဆိုးထဲမှ အကောင်းပင်ဖြစ်သည်။
ကောင်းမွန်သောအခြေအနေတစ်ရပ်ကို ဖန်တီးလာခြင်းဖြစ်သည်ဟု သဘောထားသွားရန်သာ လိုအပ်သည်။ ဆိုလိုသည်မှာ လက်ရှိအခြေအနေထက် ပိုမိုကောင်းမွန်အောင် ကြိုးပမ်းနိုင်ရေးအတွက် အခွင့်အလမ်းရှိသည်ဟု သဘောထားရန်သာ လိုအပ်သည်။ တက္ကသိုလ်ဝင်စာမေးပွဲကျရှုံးခဲ့သည့် ကျောင်းသား၊ကျောင်းသူများသည် လာမည့်စာမေးပွဲတွင် အောင်မြင်အောင် ကြိုးစားသွားမည်ဆိုသည့် ခိုင်မာသော သန္နိဋ္ဌာန်စိတ်ဖြင့်သာ ကြိုးပမ်းသွားမည်ဆိုလျှင် အောင်မြင်မှု အသီးအပွင့်များကို ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင်နိုင်မည်မှာ သေချာပါသည်။ ။
MWD Web Portal
ငကျွဲနှင့် ဧည့်မထ၊ မှည့်သမျှ ရွှေငွေ။
ဟဲ့အလှ မယ်မေရယ်၊ လယ်မြေနှံ့ဖြန့်ကြဲ။
စိုက်ကြစို့ ဘာမဖြုံတယ်၊ ရတနာပုံဆိုက်ဖို့မလွဲ။
ကျွန်တော်တို့ အလယ်တန်းကျောင်းသားဘဝက သင်ခဲ့ရသည့် အမျိုးသားစာဆိုကဗျာ ဆရာကြီး ဇော်ဂျီ၏တို့လယ်သမား ဗုံထောက်သံကဗျာမှ ဖြစ်သည်။ ထိုဗုံထောက်သံကို စာသင်သားဘဝကတည်းက ကျွန်တော်တို့တစ်တွေ ပျော်ပျော်ရွှင်ရွှင် ရွတ်ခဲ့၊ ဆိုခဲ့၊ ဖတ်ခဲ့ကြသည်။ ကြားနာခဲ့ကြသည်။ နှစ်ကာလကြာညောင်း၍ ယနေ့တိုင်သည်အထိလည်း ကဗျာ၏အဓိပ္ပာယ်မှာ တိုး၍သာပြည့်ဝ လေးနက်နေဆဲဖြစ်ပါ၏။ ဘာမဖြုံအောင် စိုက်ကြပါလျှင် ရတနာပုံဆိုက်ဖို့ မလွဲဆိုသည်မှာ ကျွန်တော်တို့နိုင်ငံ၏ ရေ၊ မြေအနေအထားနှင့်ဆိုရပါသော် ခေတ်အဆက်ဆက်မှန်ကန်နေမည့် အရှိတရားတစ်ခုပင်။
တစ်ဆက်တည်းမှာပင် မူလတန်းအဆင့်တွင် သင်ကြားခဲ့ရသည့် “မြေကြီးက ရွှေသီးရမည်”ဟူသော ဆိုရိုးစကားကိုလည်း သတိရမိပြန်သည်။ ဆိုလိုရင်းအနက်မှာ ကျွန်တော်တို့နိုင်ငံသည် သဘာဝသယံဇာတပစ္စည်းများကြွယ်ဝပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်သော နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း နောင်လာနောက်သားများ သိရှိခံယူနိုင်ရန် ကျောင်းသင်ရိုးတွင် ထည့်သွင်းဖော်ပြခြင်း ဖြစ်တန်ရာသည်ဟု အောက်မေ့မိသည်။
နိုင်ငံတစ်နိုင်ငံ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းစဉ်များစီမံဆောင်ရွက်ရာတွင် သဘာဝသယံဇာတပစ္စည်းများထုတ်ယူခြင်းထက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအပေါ် အဓိကဦးတည်သော နည်းလမ်းကို ပိုမိုရွေးချယ်သင့်ကြောင်း ကမ္ဘာ့နိုင်ငံအသီးသီးမှ ဖြစ်စဉ်ဖြစ်ရပ်များက သက်သေခံနေကြသည်။
အကြောင်းမှာ သဘာဝသယံဇာတပစ္စည်းများထုတ်ယူခြင်းအပေါ် အလွန်အကျွံမှီခိုခြင်းသည် သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်စေရုံမျှမက တစ်ချိန်ချိန်တွင် နိုင်ငံသားတို့၏ အနာဂတ်ကိုပါ ကြီးကြီးမားမား ခြိမ်းခြောက် လာနိုင်သောကြောင့်ဖြစ်သည်။
စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်နိုင်ဖို့ဆိုလျှင် ရေခံမြေခံကစကားပြောသည်။ အရေးလည်းကြီးသည်။ လက်မှုဖြစ်စေ၊ စက်မှုဖြစ်စေ အဓိကအားဖြင့် စိုက်ပျိုးမြေအကျယ်အဝန်းနှင့် ရေအရင်းအမြစ်ပေါများ ကြွယ်ဝနေရန်လိုအပ်သည်။
ကျွန်တော်တို့နိုင်ငံ၏ ပထဝီဝင်အနေအထားမှာ အားရဖွယ်ကောင်းသည်။
မြေပြန့်ဒေသများ၊ လွင်ပြင်များ၊ ကုန်းပြင်မြင့်များ၊ တောင်တန်းများ စသည်ဖြင့် မြေမျက်နှာသွင်ပြင်အမျိုးမျိုးရှိသည်။ ရာသီဥတုတွင်လည်း အပူပိုင်းဒေသ၊ သမပိုင်းဒေသနှင့် အအေးပိုင်းဒေသဆိုပြီး သုံးမျိုးကွဲသည်။ ပင်လယ်ရေမျက်နှာပြင် အနိမ့်အမြင့်မှာလည်း မတူညီသည့်အတွက် ကမ္ဘာနှင့်အဝှမ်း သဘာဝအလျောက် ပေါက်ရောက်ရှင်သန်နေသော သစ်တောသစ်ပင်အများစုကို ကျွန်တော်တို့နိုင်ငံ အနှံ့အပြားတွင် စုံလင်စွာ တွေ့ရနိုင်သည်။
သက်ရှိလောကတွင် သတ္တဝါများနှင့် အပင်များအတွက် ရေကမရှိမဖြစ် လိုအပ်သော အခြေခံအကြောင်းတရားဖြစ်သည်။
အသက်သွေးကြောတမျှ အရေးပါသည်။ ဧရာဝတီမြစ်သည် ကျွန်တော်တို့နိုင်ငံအတွက် သဘာဝကပေးထားသော ဆုလာဘ်ကြီးဖြစ်သည်။ မြန်မာနိုင်ငံ တစ်နံတစ်လျားကို ဖြတ်သန်း၍ မြောက်မှတောင်သို့ စီးဆင်းနေသည်။ ၎င်းဧရာဝတီမြစ်ရေကိုအသုံးပြုပြီး မြန်မာနိုင်ငံ အလယ်ပိုင်း မြေပြန့်ဒေသများတွင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို နိုင်ငံတကာအဆင့်မီသည်အထိ အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်နိုင်သော အခွင့်အလမ်းများ များစွာရှိနေသည်။ ကျွန်တော်တို့နိုင်ငံ အရှေ့ဘက်ပိုင်းတွင် သံလွင်မြစ်နှင့်စစ်တောင်းမြစ်၊ အနောက်ဘက်ပိုင်းဆိုလျှင် ချင်းတွင်းမြစ်၊ မဏိပူရမြစ်နှင့်ကုလားတန်မြစ်တို့က အသီးသီး စီးဆင်းနေကြသည်။ အခြားသောမြစ်ငယ်များနှင့် ချောင်းကြီးချောင်းငယ် အသွယ်သွယ်တို့ကလည်း ပြည်လုံးအနှံ့ ဝန်းပတ်ရစ်ခွေ စီးဆင်းလျက်ရှိနေကြပြန်သေး၏။မြေအကျယ်အဝန်းအားဖြင့် ကျွန်တော်တို့နိုင်ငံမှာ ဧရိယာစတုရန်းမိုင်ပေါင်း နှစ်သိန်းခြောက်သောင်းကျော် စတုရန်းမိုင်၊ တစ်နည်းအားဖြင့် ဧက ၁၆၈ သန်းရှိသည်ဟု ဆိုနိုင်သည်။ ရေဝေရေလဲထိန်းသိမ်းကာကွယ်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးတို့အတွက် ဧက ၆၈ သန်းကို ချန်လှပ်ထားဦးမည်ဆိုလျှင်ပင် အသုံးပြုနိုင်သည့် မြေအကျယ်အဝန်းမှာ ဧကသန်း ၁၀၀ ကျန်ရှိနေဦးမည်ဖြစ်သည်။
သည်မျှ ကျယ်ပြန့်သော စိုက်ပျိုးမြေဧက၊ မတူကွဲပြားသော မြေမျက်နှာသွင်ပြင်၊ ရာသီဥတုအမျိုးမျိုးနှင့် မြစ်ချောင်းအင်းအိုင်များ ပေါများစွာတည်ရှိနေခြင်းမှာ နိုင်ငံတော်ရွှေသီးဖို့ အခြေအနေကောင်းများ ဖြစ်ပေါ်လာစေရန် သဘာဝတရားက ဖန်တီးပေးထားလေသလားဟု ရည်ညွှန်းပြဆိုရတော့မည်ဖြစ်သည်။ ရေခံလည်းကောင်း၊ မြေခံလည်းကောင်းသဖြင့် စိုက်ပျိုးသီးနှံများနှင့် မွေးမြူရေးတိရစ္ဆာန်များကို နေရာဒေသအသီးသီးတွင် မိမိတို့စိတ်ကြိုက် ရွေးချယ်စိုက်ပျိုးမွေးမြူနိုင်သည့် အခွင့်အလမ်းရှိသော နိုင်ငံတစ်နိုင်ငံဟုသာ ဂုဏ်ယူစွာဆိုလိုက်ချင်သည်။
ပင်စင်စားဝန်ထမ်းတစ်ဦးဖြစ်သော ကျွန်တော်သည် မနက်မိုးလင်းသည်နှင့် နေ့စဉ်ထုတ်သတင်းစာ တစ်စောင်စောင်ကို ဖတ်လိုက်ရမှ ချဉ်ခြင်း အာလယပြေပျောက်လေ့ရှိသည်။ ငယ်စဉ်ကတည်းက စွဲခဲ့သောအစွဲဖြစ်သည်။ သတင်းများရရှိမှုနှင့်ပတ်သက်၍ ကျွန်တော်တို့ငယ်ငယ်တုန်းကနှင့်စာလျှင် ယနေ့ခေတ်က ပို၍သတိကြီးကြီးထားဖွယ်ဖြစ်သည်။ ပိုင်းဖြတ်ဝေဖန်နိုင်သော ဆင်ခြင်တုံတရားအားနည်းလျှင် အားနည်းသည့်အလျောက် သတင်းတု၊ သတင်းလိမ်များက မိမိတို့၏နေ့စဉ်လူမှုဘဝကို ဖုံးလွှမ်းဝါးမျို သွားနိုင်သောကြောင့်ဖြစ်သည်။
ဩဂုတ်လ ၁ ရက်နေ့ထုတ် သတင်းစာနောက်ကျောဖုံးများတွင် ထင်ထင်ရှားရှားဖော်ပြထားသည့် “နိုင်ငံတော်ရွှေသီးဖို့ကုန်ထုတ်လုပ်မှုအားပေးစို့”၊ “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကိုအားပေးစို့”၊ “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းကြစို့”ဟူသောအကြောင်းအရာသုံးခုကို သတိပြုလိုက်မိသည်။ ကျွန်တော်တို့နိုင်ငံ၊ ကျွန်တော်တို့ ရေမြေသဘာဝနှင့် အင်မတန်ဆီလျော်ကိုက်ညီသော အချက်များပင်ဖြစ်သည်။
နိုင်ငံတော်တွင် ရွှေသီးသကဲ့သို့ တစ်ပြည်လုံးချမ်းသာ၍ လူမှုစီးပွားဘဝများ မြင့်မားစေဖို့ဆိုလျှင် ကနဦးအနေဖြင့် ပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်ရမည်သာဖြစ်သည်။ခေတ်နှင့်အညီတိုးတက်လာသော နည်းပညာရပ်များနှင့်အတူ ကျွန်တော်တို့၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ပန်းတိုင်ရည်မှန်းချက်ရောက်သည်အထိ တစ်ဆင့်ထက်တစ်ဆင့်မြင့်၍ ပူးပေါင်းဆောင်ရွက်ကြရမည်လည်းဖြစ်သည်။
နောက်တစ်ဆင့်တက်သော် ထိုစိုက်ပျိုးမွေးမြူရေးမှ ရရှိလာသော အခြေခံကုန်ကြမ်းများကိုပင် အခြေပြု၍ မိမိတို့ပြည်တွင်းမှာပင် ကုန်ထုတ်စွမ်းအားမြင့်မား တိုးတက်ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပေါများလာအောင် စီမံဆောင်ရွက်ကြရမည်ဖြစ်သည်။
ကျွန်တော်တို့နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်က ကျေးလက်နေပြည်သူများဖြစ်သည်။ နိုင်ငံ့လူဦးရေ၏ ၅၀ ရာခိုင်နှုန်းကျော်ခန့်မှာ စိုက်ပျိုးမွေးမြူရေးနှင့် သစ်တောကဏ္ဍတို့တွင် တစ်နည်းနည်းဖြင့် လုပ်ကိုင်နေကြသူများဖြစ်သည်။
ဒေသအလိုက်၊ လူဦးရေအလိုက် နေ့စဉ်လိုအပ်သော စားရေရိက္ခာများဖြည့်ဆည်း ပေးနိုင်ရေးအတွက် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို တိုးချဲ့ဆောင်ရွက် သွားမည်ဆိုလျှင်ပင် ကျွဲကူးရေပါဆိုသကဲ့သို့ အလုပ်အကိုင် အခွင့်အလမ်းများ တိုးပွားလာပြီး ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများလည်း ဖွံ့ဖြိုးတိုးတက်လာကြမည်ဖြစ်သည်။
စိုက်ပျိုးရေးလုပ်ငန်းစဉ်များတွင် မျိုး၊ မြေ၊ ရေ၊ နည်း ဆိုသည့် အင်္ဂါရပ်လေးမျိုး ပြည့်စုံကောင်းမွန်စေရန် နိုင်ငံတော်အစိုးရမှသည် သက်ဆိုင်ရာဌာန အသီးသီးနှင့်တောင်သူလယ်သမားများအထိ အသိတူ၊ အလုပ်တူ၍ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်နေကြသည်များကို တွေ့မြင်ကြားသိနေရသည်မှာ အားရစရာကောင်းလှသည်။
နိုင်ငံနှင့်အဝှမ်း နေရာဒေသတိုင်းတွင် ကြက်၊ ဝက်၊ ဆိတ်၊ သိုး၊ နွား၊ ငါးစသည်တို့ကို အောင်မြင်စွာမွေးမြူနိုင်သည့် အခြေအနေမျိုးရှိနေခြင်းမှာ ကျွန်တော်တို့နိုင်ငံအတွက် သဘာဝကပေးအပ်ထားသည့် အားသာချက်တစ်ရပ်ဟုဆိုရပါမည်။
ပြည်သူများနေ့စဉ်စားသုံးနေသည့် စားရေရိက္ခာဖူလုံရေးအတွက် မွေးမြူရေးလုပ်ငန်းများကလည်း စိုက်ပျိုးရေးလုပ်ငန်းများနည်းတူ အရေးကြီးသော မဏ္ဍိုင်ကြီးတစ်ရပ်ဖြစ်သည်။ မွေးမြူရေးလုပ်ငန်းများ အောင်မြင်အောင် လုပ်ဆောင်ခြင်းဖြင့် စားသုံးသူများအတွက် ဖူလုံပေါများ၍ ဈေးနှုန်းသင့်တင့် အကျိုးဖြစ်ထွန်းစေသလို မွေးမြူသူများအနေဖြင့်လည်း လူမှုစီးပွားဘဝနှင့် အလုပ်အကိုင်အခွင့်အလမ်းများကို တိုးပွားလာစေမည်ဖြစ်သည်။
ထို့ထက်ပို၍ဆိုရပါလျှင် ထိုထိုသော စိုက်ပျိုးမွေးမြူရေး ထွက်ကုန်များကို အရည်အသွေးမြင့်ထုတ်ကုန်များအဖြစ် တိုးတက်ထုတ်လုပ်ခြင်းအားဖြင့် နိုင်ငံတော်အတွက် ကြီးမားသော အကျိုးဖြစ်ထွန်းစေမှုနှင့် အမျိုးသားအကျိုးစီးပွားကို မြင့်မားစေမည်လည်းဖြစ်သည်။
ကျွန်တော်တို့နိုင်ငံအနေဖြင့် အလုပ်လုပ်နိုင်သော ရေခံမြေခံကောင်းများ၊ အခြေခံကောင်းများရှိပြီး ဖြစ်သော်လည်း အမှန်တကယ်အကျိုးရှိအောင် အလုပ်လုပ်နိုင်ရန်လိုအပ်နေသေးသည်ဟု ဆိုရ မည်ဖြစ်သည်။ သည့်အတွက် နိုင်ငံတော်အနေဖြင့် အလုပ်လုပ်နိုင်ရန်အတွက် အခြေအနေကောင်းများ၊ အခွင့်အလမ်းကောင်းများကို စဉ်ဆက်မပြတ် ဖန်တီးပေးလျက် ရှိသည်ကိုလည်း တွေ့ရသည်။ အဓိကဦးစားပေးအနေဖြင့် လိုအပ်သောအရင်းအနှီးများနှင့် နည်းပညာများ လိုလေးသေးမရှိ ဖြည့်ဆည်းပေးနေသည်ကို ထောက်ချင့်၍ သိနိုင်သည်။
ယနေ့ကမ္ဘာကြီးတွင် နိုင်ငံအသီးသီးသည် မိမိတို့အမျိုးသားအကျိုးစီးပွားကိုသာ အလေးထား ဦးစားပေးလာကြသည်ကို ွေ့ရမည်ဖြစ်သည်။ နိုင်ငံတိုင်း၊ နိုင်ငံတိုင်းသည် မိမိတို့နိုင်ငံ၏ GDP တိုးတက်လာရေးအတွက် ပြည်တွင်းအားဖြင့် ကြိုးပမ်းဆောင်ရွက်နေကြခြင်းဖြစ်သည်။ သည့်အတွက် ကျွန်တော်တို့နိုင်ငံအနေဖြင့်လည်း နိုင်ငံ့ GDP တိုးတက်စေရေးအတွက် ရည်မှန်းချက်များခိုင်ခိုင် မာမာချမှတ်ပြီး ကုန်ထုတ်လုပ်ငန်းများတိုးတက်လာအောင် စွမ်းအားရှိသမျှ အားထုတ်ကြိုးပမ်း ဆောင်ရွက်နေကြခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဇွန်လပိုင်းအတွင်းက နိုင်ငံတော်အကြီးအကဲ၏ ဘယ်လာရုစ်နိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်သတင်းများကို ဖတ်လိုက်ရသည်။
ဘယ်လာရုစ်နိုင်ငံ၏ GDP မှာ အမေရိကန်ဒေါ်လာ ၇၃ ဒသမ ၁ ဘီလီယံရှိကြောင်း သိရှိရသည်။ စိုက်ပျိုးမွေးမြူရေး ပို့ကုန်များမှ ရရှိမှုကပင် အမေရိကန်ဒေါ်လာ ၆ ဒသမ ၈ ဘီလီယံမှ ၈ ဒသမ ၂ ဘီလီယံရှိသည်ဟုသိရသည်။ အားကျဖွယ်ကောင်းလှသည်။ ကျွန်တော်တို့နိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးပို့ကုန်များမှရရှိမှုမှာ အမေရိကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံခန့်သာရှိသေးသည်။
ဘယ်လာရုစ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်နှိုင်းယှဉ်ပါက ဧရိယာအကျယ်အဝန်း သေးငယ်ခြင်း၊ လူနေထိုင်မှုအရ နည်းပါးခြင်းရှိသော်လည်း GDP မှာ မြင့်မားနေသည်ကိုလည်း သတိပြုမိသည်။ အဓိကအကြောင်းရင်းမှာ ခေတ်မီသည့်စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများကို ဆောင်ရွက်ပြီးရရှိလာသည့် ထုတ်ကုန်များကို ပြည်ပသို့တင်ပို့နိုင်မှု များပြားခြင်းကြောင့်ဖြစ်သည်။
မွေးမြူရေးလုပ်ငန်းတွင်လည်း ခေတ်မီစက်ကိရိယာများ အသုံးပြုပြီး ပြည်ပသို့ တွင်တွင်ကျယ်ကျယ် တင်ပို့နေသည်ကို တွေ့ရသည်။ တစ်ဖန် အဆင့်မီလယ်ထွန်စက်ပစ္စည်းများ ထုတ်လုပ်တင်ပို့သည့်နိုင်ငံလည်းဖြစ်သည်။ မွေးမြူရေးဘက်ကြည့်မည်ဆိုလျှင်လည်း နို့စားနွားကို ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျမွေးမြူသည်။ ခေတ်မီစက်ကိရိယာများ အသုံးပြုပြီး နို့ထွက်ပစ္စည်းများ ထုတ်လုပ်သည်။ ပြည်ပဈေးကွက်ကို အင်နှင့်အားနှင့်တင်ပို့သည်။ ဘယ်လာရုစ်နိုင်ငံသည် ခေတ်မီသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အားသာချက်တစ်ရပ်အဖြစ် အကျိုးရှိစွာအသုံးပြု၍ ပြည်ပပို့ထုတ်ကုန်များကို တွင်ကျယ်စွာ ထုတ်လုပ်ကြခြင်းပင်ဖြစ်သည်။
သို့ဆိုပါလျှင် ကျွန်တော်တို့နိုင်ငံသည်လည်း “သူ့မြေမှာ ဖြူ ပြာ ပွင့်ရင်ဖြင့်၊ ငါ့မြေမှာ နီဝါတင့် ရမပေါ့”ဆိုသော ခံယူချက်ဖြင့် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ အခြေခံရေခံမြေခံကောင်းများရှိပြီးဖြစ်သော စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို နိုင်ငံအတွင်းခေတ်မီနည်းစနစ်များဖြင့် အင်တိုက်အားတိုက်လုပ်ကိုင်မည်ဆိုပါက ကုန်ထုတ်လုပ်မှုအထွက်နှုန်းလည်း မြင့်မားတိုးတက်လာမည်ဖြစ်သည်။ ရှေးအစဉ်အဆက်တွင် တကယ်ဖြစ်ချင် တကယ်လုပ်၊ အဟုတ်ဖြစ်ခဲ့ကြသော သက်သေသာဓကများလည်း များစွာရှိခဲ့ပြီးဖြစ်သည်။
နိုင်ငံ့စီးပွားကို မြှင့်တင်ဆောင်ရွက်ရာတွင် ပြည်ပသွင်းကုန်များအပေါ်တွင်သာ မှီခိုအားထားနေရခြင်းမျိုး မဟုတ်ဘဲ မိမိတို့ပြည်တွင်းမှာပင် ကုန်ထုတ်လုပ်ငန်းများ တိုးတက်လာစေရေးအတွက်လည်း ရေရှည်ကိုမြော်တွေး၍ ကြိုးပမ်းဆောင်ရွက် ကြရမည်ဖြစ်သည်။
သည့်အတွက် နည်းပညာနှင့်ငွေကြေးအရင်းအနှီးများ ပြည့်စုံရန်လိုအပ်သည့်နည်းတူ လူသားအရင်းအမြစ်ကောင်းများ လုံလောက်စွာရှိနေရန်လည်း လိုအပ် သည်။
ဥပမာအားဖြင့် ကျွန်တော်တို့နိုင်ငံတွင် တည်ထောင်ပြီး စက်မှုဇုန် ၂၈ ဇုန်၊ စက်မှုရပ်ကွက်ငါးခုနှင့် ဆောင်ရွက်ဆဲ စက်မှုဇုန်စီမံကိန်းနှစ်ခုရှိသည်။ တည်ထောင်ပြီး စက်မှုဇုန်များတွင် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် အကြီးစားစက်မှုလုပ်ငန်းပေါင်း ၈၀၃၅ ခုရှိပြီး လုပ်သားပေါင်း ငါးသိန်းငါးသောင်းကျော်ခန့်ကို အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးထားကြောင်း သိရသည်။ နိုင်ငံတော်၏ပြည်ပပို့ကုန်မြှင့်တင်ရေးနှင့် သွင်းကုန်အစားထိုး စက်မှုထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် စက်မှုဇုန်များဖွံ့ဖြိုး တိုးတက်လာပြီး စနစ်တကျဖွံ့ဖြိုး တိုးတက်လာစေရန်ကိုလည်း ကျွန်တော်တို့အားလုံးက ဝိုင်းဝန်းအားပေး မြှင့်တင်ကြရမည်ဖြစ်သည်။ သီးနှံကုန်ကြမ်းအစွမ်းထက်မှုစုံသမျှ နည်းဟန်ထုံမွမ်း၍ တစ်ခန်းစက်မှုဇုန်သို့ တိုးမြှင့်ကြိုးပမ်းကြရမည်လည်းဖြစ်သည်။
ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးတိုးတက်လာသော နိုင်ငံများ၏ဖြစ်စဉ်ကိုကြည့်လျှင် နိုင်ငံအတွင်းမှာရှိသော အသေးစား၊ အငယ်စားနှင့်အလတ်စား(MSME)လုပ်ငန်းများက အခြေခံကျသည့် တွန်းအားဖြစ်ကြောင်း တွေ့ရမည်ဖြစ်သည်။ MSME လုပ်ငန်းများသည် စီးပွားရေးကို နိုင်ငံလုံးအနှံ့ တိုးတက်စေပြီး ပြည်သူများ၏လူမှုစီးပွားဘဝကို မြှင့်တင်ပေးနိုင်စွမ်းရှိသည်ကို တွေ့ရမည်ဖြစ်၏။
ကျွန်တော်တို့နိုင်ငံတွင် စိုက်ပျိုးမွေးမြူရေးထွက်ကုန်များကိုအခြေခံသည့် MSMEလုပ်ငန်းများမှာ အစောပိုင်းကတည်းက ပေါ်ထွန်းခဲ့သော်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် ၂၀၂၂ ခုနှစ်ခန့်မှစပြီး အရှိန်အဟုန်နှင့် အထူးတလည် အားပေးဆောင်ရွက်ခဲ့သည်ကို သတိပြုမိရသည်။ ယနေ့ဆိုလျှင် အတိုင်း
အတာတစ်ခုအထိ လုပ်ငန်းများလည်ပတ်ကာ အောင်မြင်မှုများရရှိနေပြီလည်းဖြစ်သည်။ သို့သော် မြန်မာနိုင်ငံမှ MSME လုပ်ငန်းအများစုမှာ စားသောက်ကုန်များဖြစ်နေသည်ကိုတွေ့ရပြီး အခြားဈေးကွက်ဝင်ထုတ်ကုန်များ၊ စက်မှုထုတ်ကုန်များနှင့် လယ်ယာလုပ်ငန်းသုံးထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရန် ဆက်လက်ကြိုးပမ်းကြရဦးမည်ဖြစ်သည်။
MSME လုပ်ငန်းများဆောင်ရွက်ရာတွင်ကုန်ကြမ်းရရှိရေးသည် အရေးကြီးသော အချက်ဖြစ်သည်။ ထို့ကြောင့်လည်း ဒေသအလိုက်ထွက်ရှိသော ထုတ်ကုန်ပစ္စည်းများကို အခြေခံသည့် MSME လုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်စေခြင်းဖြစ်သည်။ နိုင်ငံတော်အနေဖြင့် သွင်းအားစုများဖြစ်သည့် ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ စက်မောင်းဆီနှင့်လျှပ်စစ်ဓာတ်အားများကို နည်းလမ်းအသွယ်သွယ်ဖြင့် ဖြည့်ဆည်းပေးလျက်ရှိသည်။ ငွေကြေးအရင်းအနှီး၊ နည်းပညာနှင့် လူသားအရင်းအမြစ်ကောင်းများ ပြည့်စုံရန်လည်း လစ်ဟာမှုမရှိအောင် စီမံဆောင်ရွက်ပေးလျက်ရှိသည်။ ဥပမာအားဖြင့် တိုင်းဒေသကြီးများနှင့် ပြည်နယ်အသီးသီးတွင် စက်မှု၊ စိုက်ပျိုးနှင့် မွေးမြူရေးအခြေခံပညာ အထက်တန်းကျောင်းများကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းဖွင့်လှစ် ပေးခဲ့သည်မှာ ၈၆ ကျောင်းရှိခဲ့ပြီဖြစ်သည်။
စင်စစ်အားဖြင့် MSME လုပ်ငန်းများသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျပြီး ပုံစံအမျိုးမျိုးသော စီးပွားရေးစနစ်များတွင် အခြေခံအကျဆုံး စီးပွားရေးလုပ်ငန်းစုဖြစ်သည်။ MSME လုပ်ငန်းများ ပုံမှန်ဖွံ့ဖြိုး တိုးတက်နေမည်ဆိုလျှင် စီးပွားရေးမတည်ငြိမ်သည့် ကာလများမှာပင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ထိန်းကျောင်းပေးနိုင်စွမ်း ရှိကြောင်း လေ့လာတွေ့ရှိရသည်။ MSME လုပ်ငန်းများမှတစ်ဆင့် နိုင်ငံအတွင်းငွေကြေးစီးဆင်း လည်ပတ်မှုကို စဉ်ဆက်မပြတ်ဖြစ်ပေါ်စေပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်မှု၏ အညွှန်းကိန်းတစ်ခုဖြစ်သည့် ပြည်တွင်းအသားတင်ထုတ်လုပ်မှု GDP ကိုလည်း တိုးတက်မြင့်မားလာစေမည်ဖြစ်သည်။ နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပြည်သူများလူမှုစီးပွားဘဝ တိုးတက်မြင့်မားလာစေရန် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးမှာ အဓိကမောင်းနှင်အား တစ်ရပ်ပင်ဖြစ်သည်။
တစ်ဆက်တည်းမှာပင် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်က ပံ့ပိုးကူညီဆောင်ရွက်ရာတွင် နည်းပညာများလွှဲပြောင်းပေးခြင်း၊ ကုန်စည်ပြပွဲများ ဖိတ်ခေါ်ပြသခြင်း၊ ဒေသတွင်း ထုတ်ကုန်ပြပွဲပြိုင်ပွဲများပြုလုပ်၍ ဆုများချီးမြှင့်ပေးခြင်း၊ လုပ်ငန်းအရွယ်အစားများ ကြီးမားလာစေရန်ဆောင်ရွက်ပေးခြင်း၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးသင်တန်းများပေးခြင်း၊ အွန်လိုင်းဈေးကွက် ပလက်ဖောင်းများ ထူထောင်ပေးခြင်း၊ နိုင်ငံတကာ ကုန်ထုတ်လုပ်မှုကွင်းဆက်များတွင် ဝင်ရောက်နိုင်ရန် အကူအညီပေးခြင်း၊ အရင်းအနှီးလိုအပ်ချက်အတွက် ချေးငွေရရှိရေး ညှိနှိုင်းဆောင်ရွက်ပေးခြင်းတို့ဖြင့် အားပေးကူညီလျက်ရှိသည်ကိုလည်း နိုင်ငံသားတစ်ယောက်အနေဖြင့် ဝမ်းမြောက်ဖွယ် တွေ့မြင်ကြားသိနေရသည်။
လုပ်ငန်းစဉ်တစ်လျှောက်တွင် ကုန်ထုတ်လုပ်ငန်းများအတွက် အရေးအကြီးဆုံးနှင့် မရှိမဖြစ်လိုအပ်ချက်ဖြစ်သည့် ကုန်ကြမ်းအား ပြည်တွင်းထွက်၊ ဒေသထွက်ကုန်ကြမ်းများကိုသာ အဓိကထား သုံးစွဲထုတ်လုပ်ကြရမည်ဖြစ်သည်။ ဒေသထွက်ကုန်ကြမ်းများကိုအခြေခံ၍ တန်ဖိုးမြင့်ကုန်ချောများ ထုတ်လုပ်ပြီး ပြည်တွင်းသုံးစွဲမှုမှသည် အရည်အသွေးမြင့်ထုတ်ကုန်များ ပြည်ပသို့ပိုမိုတင်ပို့နိုင်သည်နှင့်အမျှ နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာရမည်မှာ မလွဲဧကန်ဖြစ်သည်။ တစ်နည်းဆိုရသော် နိုင်ငံတော်ရွှေသီးမည့် ရှေ့ခရီးအနာဂတ်ပင်ဖြစ်ပါကြောင်းရေးသားတင်ပြလိုက်ရပါသည်။
MWD Web Portal
နွေတစ်ပိုင်း၊ မိုးတစ်ပိုင်း ရောနှောနေသော ဝါဆိုလတွင် မြတ်လေးပန်းနှင့် ပုန်းညက်ပန်းတို့ပွင့်ကြပြီး ရှေးမြန်မာတို့က အလွန်မွှေးလှသော မြတ်လေးပန်းကို ဝါဆိုလ၏ရာသီပန်းအဖြစ် သတ်မှတ်ထားကြသည်။ ပန်းအဘိဓာန်တွင် မြတ်လေးပန်းအား ဇွဲသတ္တိရှိခြင်းအစွမ်းနှင့် ယှဉ်တွဲ ထားသည်ကိုတွေ့ရသည်။ မူလပေါက် ရောက်ရာအရပ်မှာ ဟိမဝန္တာတောင်၏ အနောက်မြောက်ဘက်ဒေသဖြစ်သည်။ မြတ်လေးပင်သည် ချုံနှင့်နွယ်မျိုးဝင်ဖြစ်ပြီး မျိုးစိတ်ပေါင်း ၁ဝ၁ မျိုးခန့်ရှိသည်။
မြတ်လေးပန်းသည် Oleaceae မျိုးရင်း ဖြစ်ပြီး အင်္ဂလိပ်အမည်အားဖြင့် Spanish Jasmine၊ Catalonian Jasmine၊ Califor-nia Jasmine၊ Royal Jasmine စသည်ဖြင့် အမျိုးမျိုးမှည့်ခေါ်ကြသည်။ အဖြူရောင်၊ အဝါရောင်၊ အနီစပ်နှင့် အနီရောင်ဟူ၍ အရောင်လေးမျိုးတွေ့ရတတ်ပြီး ရုက္ခဗေဒအမည်များအရ -
- အဖြူရောင်မြတ်လေးပန်းကို Jasminum Grandiflorum Linn ဟုလည်းကောင်း၊
- အဝါရောင်မြတ်လေးပန်းကို Jasmi-num Angustifolium ဟုလည်းကောင်း၊
- အနီစပ်မြတ်လေးပန်းကို Ipomoea Quamoedit ဟုလည်းကောင်း၊
- အနီရောင်မြတ်လေးပန်းကို Oua-moclit Vulgaris ဟုလည်းကောင်း သတ် မှတ်ထားကြောင်း လေ့လာမှတ်သားရ သည်။
မုလေး (ခေါ်) မြတ်လေး
မြန်မာနိုင်ငံ၏ တချို့အရပ်ဒေသ၌ မုလေးပင်ဟုခေါ်ကြသည်။ မုလေးပန်းဟု ရေးသားခေါ်ဝေါ်ကြသည်မှာ အဘိဓာန်ကျမ်းတွင် သုမနာ-မုလေး။ ဇာတိသုမနာ- မုလေး။ မာလတီ-မုလေး။ ဇာတိ-မုလေး။ ဝိဿကီ-မုလေးဟူ၍ ပရိယာယ်ငါးပုဒ် ပြဆိုထားကြောင်းနှင့် မြန်မာဘာသာတွင် မာလတီဟူသောအပုဒ်တွင် တီသဒ္ဒါကြေ၍ မာလသဒ္ဒါပျက် မုလေးဟု ရေးသား ခေါ်ဝေါ်ကြသည်ဟု အယူရှိကြောင်း သိရ သည်။
တော်ဝင်ပန်း
မြတ်လေးပန်းသည် တော်ဝင်ပန်းဖြစ် သည့်အလျောက် ကုန်းဘောင်ခေတ် တစ်လျှောက်လုံးတွင် မြတ်လေးပန်းအဆီကို နန်းတွင်းသုံးခေါင်းလိမ်းဆီအဖြစ် မြတ်မြတ်နိုးနိုးအသုံးပြုကြသည်။ မြတ်လေးပန်း၏ထူးခြားချက်မှာ အပွင့်ကို ခူးဆွတ်မည့်သူမရှိပါက ဘယ်သောအခါမျှ သူ့အလိုအလျောက် မြေမခဘဲနွမ်းခြောက်သွားသည့်အချိန်ထိ ပင်ယံထက်တွင်တည်သည်။ ထို့ကြောင့် မြန်မာအမျိုးသမီးများအား ဣန္ဒြေသိက္ခာ ထိန်းသိမ်းကြရာတွင် မြတ်လေးပန်းလိုကျင့်ဟု ပမာနှိုင်း၍ ဆိုကြသည်။
ဝိမာနဝတ္ထုအဋ္ဌာကထာတွင်လည်း ပန်းတွင် မုလေးပန်းမြတ်ကြောင်းဆိုထားသည်။ ရွှေထီးရွှေနန်းမင်းအဆက်ဆက် ထွက်စံတော်မူရာ ရာဇမတ်တန်း မင်းလမ်းများတွင် တံခွန်၊ ကုက္ကား၊ မုလေးပွား စိုက်သည်မှာလည်း အခါခပ်သိမ်း မုလေးပန်းဆိုင်းမရသောကြောင့် မုလေး ပန်းတု အထည်စက္ကူများကို ပြုလုပ်ကြရသောကြောင့် မုလေးပွားဟုခေါ်ဆို ကြောင်း လေ့လာမှတ်သားရသည်။
အပင်၏ပုံသဏ္ဌာန်
မြတ်လေးပင်ကို မြန်မာနိုင်ငံအနှံ့အပြား၌ အလှစိုက်ပျိုးလေ့ရှိကြသည်။
အထက်တွင် ဖော်ပြထားသည့်အတိုင်း မြတ်လေးပင်မှာ အဖြူရောင်၊ အဝါရောင်၊ အနီစပ်နှင့် အနီရောင်ဟူ၍ အရောင်လေးမျိုးရှိပြီး အဖြူ၊ အနီစပ်နှင့် အနီရောင်တို့မှာ ပုံသဏ္ဌာန်ထင်ရှားသည်။
- အဝါရောင်မြတ်လေးပင်သည် နွယ်မျိုးဖြစ်၍ လုံးပတ်မှာ ၄ လက်မမှ ၅ လက်မခန့်ရှိသည်။ အကိုင်းအခက်များ ကောက်ကောက်ကွေးကွေးရှိသည်။ အရွက်သည် ၄ လက်မမှ ၆ လက်မအထိ ရှည်သည်။ ရွက်ရိုးတံ နှစ်ဖက်စုံထွက်လျက်ရှိပြီး လေးစုံမှ ခြောက်စုံအထိထွက်သည်။ အဖျားချွန်းသည်။ အပွင့်မှာ အလွန်မွှေးသည်။ အဝါရောင်အပွင့်များပွင့်၍ ကဆုန်လတွင် အသီးသီးကြသည်။
-အဖြူရောင်မြတ်လေးပင်သည် နူးညံ့သောနွယ်ပင်မျိုးဖြစ်ကာ လိမ်ကောက် နေပြီး ၁၃ ပေမှ ၁၅ ပေအထိ နွယ်တက်သည်။ ရွက်လွှဲထွက်၍ သေးသွယ်သော အရွက်များထွက်သည်။ အပွင့်သည် အဖြူရောင်ရှိ၍ အနည်းငယ်ပျော့ပျောင်း သည်။ မြတ်လေးအနီပွင့်နှင့် သဏ္ဌာန် တူသော်လည်း မြတ်လေးအဖြူက သေးငယ်သည်။ လုံးဝန်းသောအသီး သီးသည်။
- အနီစပ်ရောင် မြတ်လေးပင်သည် ချုံပင်ဖြစ်သည်။ အရွက်မှာ ထိပ်ဖျားချွန်း၍ ၂ လက်မအထိရှည်သည်။ အရွက် အစွန်းသုံးခုရှိသည်။ အရွက်ခပ်ကျဲကျဲ ထွက်သည်။ အပွင့်မှာ မြတ်လေးအဖြူကဲ့သို့ပွင့်သည်။ အစိမ်းရင့်ရောင်အရွက်မှာ အနည်းငယ်ထူ၍ မျက်နှာပြင်ပြောင်ချောသည်။ အနီရောင်မြတ်လေးပင်သည်လည်း အလားတူအပင်မျိုးဖြစ်သည်။
ဆေးဖက်ဝင် အာနိသင်
အပွင့်နှင့်အရွက်တို့ကို ဆေးဝါးအလို့ငှာ အသုံးပြုနိုင်သည်။
- မြန်မာ့ဆေးကျမ်းတွင် မြတ်လေးပင်သည် ဖန်၊ ခါး၏။ စပ်၏။ ပူ၏။ ကြေကျက်လွယ်၏။ အန်စေတတ်၏။ ဒေါသသုံးပါးကို ငြိမ်းစေတတ်၏ ဟု ညွှန်းဆိုထားသည်။
- မုလေးပွင့်၊ မုလေးမုံ၊ မုလေးရွက်တို့၏အကျိုးကို သီရိရာဇေန္ဒြသေန ရသေ့စီရင်သည့် ဒြဗျဂုဏ်ဆေးကျမ်းတွင် မုလေးပန်းသည် သလိပ်နာ၊ သည်းခြေနာ၊ သွေးနာ၊ ပေါက်သောအနာ၊ ပိုးနာ၊ နူနာကို ပယ်နိုင်၏။ ထိုမုလေးပန်း၏အမုံအကင်းသည် မျက်စိနာနှင့်သင့်၏။ ထိုမုလေး ရွက်သည် သလိပ်၊ သည်းခြေကိုနိုင်၏ဟု ဆိုထားသည်။
- ဝေဿာမိတ်တရသေ့စီရင်သည့် သရ ရတုကထနဆေးကျမ်းတွင် မုလေးကျီးပေါင်းကို ရေဝတီနက္ခတ်အကြိုက်တွင် ယူဆောင်လျှင် လူအပေါင်းတို့စကားကို နာယူရသည်ဟု ဆိုထားသည်။
- Herbal (ခေါ်) ဆေးဖက်ဝင်အပင်များဆေးကျမ်းတွင် မြတ်လေးပန်းနှင့်ပတ်သက်၍ ဆေးစွမ်းထက်မြက်ပုံတို့ကို စိုးရိမ်စိတ်ကဲခြင်း၊ စိတ်ငြိမ်စေခြင်း၊ အရိုးကင်ဆာ၊ ရင်သားကင်ဆာ၊ မျက်စိ ကျိန်း၊ စိတ်ဓာတ်ကျခြင်း၊ အရေပြား ရောင်ရမ်းခြင်း၊ အသားအရေခြောက် ခြင်း၊ အားကုန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ စိတ်ဖိအားများခြင်းတို့အတွက် အသုံးပြု နိုင်၏ဟု ဖော်ပြထားသည်။
- အိန္ဒိယဆေးကျမ်းများတွင် မြတ်လေးပန်းသည် စူးရှခါးသီးပြီး စူးရှသော အရသာရှိ၏။ ခံတွင်းရောဂါ၊ ခေါင်းကိုက်ခြင်း၊ ပန်းနာ၊ ရင်ကျပ်၊ သွားပိုးစားခြင်း၊ ပါးစပ်ရောင်ခြင်း၊ မျက်စိရောဂါများအတွက် အလွန်အသုံးဝင်၏။ သွားကိုက်ခြင်း၊ ယားယံခြင်းနှင့် နားကိုက်ခြင်းတို့အတွက်လည်း အလွန်ကောင်းမွန်၏။ သွေးရောဂါ၊ နူနာ၊ အနာအမျိုးမျိုးတို့အတွက် အပင်၏အမြစ်သည် ဆေးစွမ်းထက်၏။ အရက်နာကျခြင်း၊ ခေါင်းကိုက်ခြင်း၊ သွေးထွက်လွန်ခြင်း၊ လေငန်း၊ ဒူလာရောဂါတို့အတွက် ကောင်း၏။
အနီရောင်ပန်းပွင့်ကို ဆိုးဆေးအလို့ငှာ သုံးနိုင်၏။ မြတ်လေးပန်းအဆီသည် ခါး၏။ သက်ကြီးရွယ်အိုများအတွက် ကောင်းမွန်၏။ ရောင်ရမ်းမှုကိုသက်သာစေခြင်း၊ အရေပြားကို ပျော့ပျောင်းစေခြင်း၊ ဦးနှောက်ကို အားပြုစေခြင်း၊ အရိုးအဆစ် ကျန်းမာစေခြင်းအတွက် အသုံးတည့်၏။
ထို့ပြင် နားကိုက်လျှင် မြတ်လေးဆီဖြင့် နားကျပ်နိုင်၏။ အမြစ်ကို အခြောက်ခံ၊ အမှုန့်ပြုလုပ်၍ ရေဖြင့်သောက်လျှင် အူတွင်းရှိ တုတ်ကောင်၊ သန်ကောင်များ ကို သေစေ၏ဟု အကျယ်တဝင့်ရေးသား ထားသည်။
- မြတ်လေးပန်းသည် အနံ့ရှူရုံမျှဖြင့် အမူးအမော်ကိုပြေစေသောအာနိသင်ရှိသည်။ ချွေးထွက်လွန်ခြင်း၊ မူးဝေခြင်း၊ မောပန်းခြင်းများအတွက် မြတ်လေးပန်းပွင့်ကို ရှူပေးခြင်းဖြင့် သက်သာစေသည်။
- မြတ်လေးပွင့်သုံးပွင့်ကို နှမ်းဆီဖြင့်ကြိတ်၍ ရှူပေးလျှင် ခေါင်းကိုက်ရောဂါ ပျောက်ကင်းစေနိုင်သည်။
- အရွက်ကိုပြုတ်၍ ငုံဆေးအဖြစ် ငုံပေးပါက သွားကိုက်၊ သွားနာပျောက်ကင်းစေသည်။
- အဝါရောင်ပွင့်သော မြတ်လေးပင်၏ အရွက်ကို ကျိုချက်၍သောက်လျှင် ချောင်းဆိုးရောဂါ ပျောက်ကင်းစေသည်။ ယင်းအပင်၏အရွက်ကို အပူပေး၍ ရလာ သော ပေါင်းခံရည်ကို ယားနာ၊ ပွေးနာများ တွင် လိမ်းပေးလျှင် သက်သာစေသည်။ ယင်းအပင်တစ်ပင်လုံး (ပဉ္စငါးပါး - အမြစ်၊ ပင်စည်၊ အကိုင်း၊ အရွက်၊ အဖူးအပွင့်) ကို ဆီနှင့်ချက်၍ ရလာသောအဆီဖြင့် လိမ်းကျံနှိပ်နယ်ပေးလျှင် အဆစ်ရောင်ရောဂါများ ပျောက်ကင်းစေသည်။
- မြတ်လေးပန်းခြောက်ကို နှမ်းဆီတွင်စိမ်ထားပြီး နားကျပ်ပေးပါက နားပြည်ယို ရောဂါ ပျောက်ကင်းစေသည်။
- နှလုံးရောဂါ၊ အမောရောဂါများအတွက် ဖော်စပ်သောဆေးဝါးများတွင် မြတ်လေးပွင့်ကို ထည့်သွင်းဖော်စပ်ကြသကဲ့သို့ သွေးဆေးအေးများဖော်စပ်ရာတွင်လည်း ထည့်သွင်းဖော်စပ်လေ့ရှိ သည်။
- အိပ်မပျော်သူများအနေဖြင့် နှစ်ခြိုက်စွာအိပ်ပျော်စေရန် မြတ်လေးပန်းခြောက်မှုန့်ကို ပျားရည်တွင်စိမ်၍ ညအိပ်ရာဝင်ခါနီးတွင် လက်ဖက်ရည်ဇွန်း တစ်ဇွန်းသောက်သုံးပါ။
- အဖြူရောင်ပွင့်သော မြတ်လေးပင် ပဉ္စငါးပါး အလေးချိန်ငါးကျပ်သားနှင့် ရေသန့် ၅၀ ကျပ်သားတို့ကို ထက်ဝက်ခန်းအောင်ကျိုချက်၍ သောက်ပေးခြင်းဖြင့် မီးယပ်ချုပ်ခြင်းကို ပျောက်ကင်းစေသည်။ မြတ်လေးဖြူပင်အရွက်ကို ကျက်ကျက်ကျို၍ အမျိုးသား၊ အမျိုး သမီးရောဂါများအတွက် ဖန်ဆေးရည် အဖြစ်အသုံးပြုနိုင်သည်။ ယင်းအရွက် ၁၀ ကျပ်သားနှင့် နှမ်းဆီ ၁၀ ကျပ်သား တို့ကိုစိမ်၍ ရလာသောဆေးအဆီကို ပန်းသေ၊ ပန်းညှိုးရောဂါအတွက် လိမ်းပေးနိုင်သည်။ ရက်အနည်းငယ်ကြာ သည်အထိ ဤနည်းအတိုင်းပြုလုပ်ပေး နိုင်သည်။
အချုပ်အားဖြင့်ဆိုသော် ခါတော်မီ မြတ်လေးပန်းတို့ လှိုင်လှိုင်ပွင့်ကြရာ ဝါဆိုလရာသီတွင် မွန်မွန်မြတ်မြတ်ဘုရားလည်းလှူကာ ဆံကေသာထက်တွင် ပန်ဆင်ကြရင်း ဆေးဝါးအလို့ငှာ အလိုရှိ သလို သုံးစွဲနိုင်ပါကြောင်း အကြံပြုရေး သားလိုက်ရပါသည်။
MWD Web Portal
ဝါခေါင်လသည် မြန်မာ့တစ်ဆယ့်နှစ်လရာသီတွင် ငါးလမြောက်(ပဉ္စမ)ဖြစ်ပါသည်။ မိုးရာသီမိုးသည်းထန်သည့်ကာလလည်းဖြစ်သည်။ ရာသီမှာသိဟ်၊ ရာသီရုပ်မှာ ခြင်္သေ့ရုပ်၊ ခတ္တာမှာ ရာသီပန်းဖြစ်သည်။ ဝါခေါင်လပြည့်နေ့သည် မေတ္တာဘာဝနာပွားများကြသည့် မေတ္တာအခါတော်နေ့ဖြစ်ပြီး ရာသီပွဲတော်အဖြစ် စာရေးတံမဲပွဲတော်ကို ကျင်းပကြသည်။
မေတ္တာသည် အေးမြသည်။ စင်ကြယ်သည်။ မေတ္တာဓာတ်သည် သီတာရေနှင့် လရောင်တမျှ အေးမြသည်ဟု ဆိုရိုးရှိပါသည်။ မေတ္တာသည် ဒေါသ၏ ဆန့်ကျင်ဘက်ဖြစ်၍ ဒေါသဖက်သူက ကြမ်းတမ်းသလောက် မေတ္တာဖက်သူက ယဉ်ကျေးသိမ်မွေ့သည်။ ဝါခေါင်လပြည့်နေ့သည် မေတ္တာတရားများနှင့် ထုံမွမ်းနေသည့် မေတ္တာအခါတော် နေ့ဖြစ်ပါသည်။
မေတ္တာအခါတော်နေ့ သတ်မှတ်ကျင်းပခဲ့သည့် အကြောင်းရင်း
ရှေးအခါက (ဂေါတမမြတ်စွာဘုရားလက်ထက်တော်က) ရဟန်းတော်ငါးရာတို့သည် မြတ်စွာဘုရားထံမှ ကမ္မဋ္ဌာန်းတရားကိုနာယူကြပြီး တောအုပ်တစ်ခုတွင် တရားပွားများ အားထုတ်ကြသည်။ ဝါတွင်းကာလလည်းဖြစ်နေ၍ ဝါဆိုဝါကပ်ပြုရင်းကမ္မဋ္ဌာန်းတရားကို ပွားများအားထုတ်ကြသည်။ ရဟန်းတော်များ၏ သီလတန်ခိုးကြောင့် နတ်များမှာ မနေနိုင်ကြတော့ဘဲ နေရာဖယ်ပေးကြရပါတော့သည်။ ထိုနတ်များက ရဟန်းတော်များကိုမနေနိုင်အောင် အမျိုးမျိုးခြောက်လှန့်ကြသည်။ နတ်များက ခြောက်လှန့်သည့်အကြောင်း မြတ်စွာဘုရားကို ပြန်လည်လျှောက်ကြားသည့်အခါ မြတ်စွာဘုရားက ဝါခေါင်လပြည့်နေ့တွင် ရဟန်းတော်များကို မေတ္တသုတ္တန်ဒေသနာတော် ဟောပြသွန်သင်ပေးပြီး တောအုပ်ဆီ ပြန်သွားစေခဲ့ပါသည်။ တောအုပ်ဆီရောက်လျှင် မေတ္တသုတ္တန်လာ မေတ္တာဘာဝနာပွားများကြသည့်အခါ နတ်များက ချစ်ခင်နှစ်သက်ကြကုန်ပြီး နေရာပေးကာ ဂရုတစိုက်ပြုမူလာကြသည်။ ဤသည်မှာ မေတ္တာတရားကြောင့်ပင်ဖြစ်သည်။ မေတ္တာတရားဆိုသည်မှာ ရန်သူရန်ဘက်ပင်ဖြစ်နေပါစေ မိတ်ဆွေချစ်မြတ်နိုးသူဖြစ်သွားသည့် အာနုဘော်နှင့် ပြည့်စုံညီညွတ်ခြင်းပင်ဖြစ်ပါသည်။ ဤသည်ကိုအကြောင်းပြုပြီး ဝါခေါင်လပြည့်နေ့ကို မေတ္တာအခါတော်နေ့ဟု သတ်မှတ်ကျင်းပခဲ့ကြ ခြင်းဖြစ်ပါသည်။
မေတ္တာသည် ဘုရားဟော ဗြဟ္မစိုရ်တရားလေးပါးတွင် ပါဝင်သည်။ မေတ္တာသည်သာလျှင် ရန်မှန်သမျှကို အောင်နိုင်ပါသည်။ မိမိ၏ဒေါသကို ပယ်ဖျောက်နိုင်သလို တခြားသူ၏ဒေါသကိုလည်း ပယ်သတ်နိုင်သည်မှာ မေတ္တာ၏အကျိုးသက်ရောက်မှုပင်ဖြစ်သည်။ မေတ္တာတရားသည် ကမ္ဘာပေါ်တွင် စွမ်းအားအထက်မြက်ဆုံး၊ အင်အားအကြီးမားဆုံး လက်နက်ဖြစ်ပါသည်။ မေတ္တာစွမ်းအားထက်မြက် ကြီးမားနက်ရှိုင်း အကျိုးထူးသည်ကို မြတ်စွာဘုရားက-
- ထမင်းရည်ချောင်းစီးအောင် လှူဒါန်းခဲ့သည့် ဘုရားလောင်းဝေလာမပုဏ္ဏားကြီး၏ အလှူဒါနမျိုးထက်၊
- သောတာပန်တစ်ရာကို လှူရခြင်းထက်၊
- သကဒါဂါမ်တစ်ရာကို လှူရခြင်းထက်၊
- အနာဂါမ်တစ်ရာကို လှူရခြင်းထက်၊
- ရဟန္တာတစ်ရာကို လှူရခြင်းထက်၊
- ပစ္စေကဗုဒ္ဓါအဆူတစ်ရာကို လှူရခြင်းထက်၊
- သမ္မာသမ္ဗုဒ္ဓဘုရားတစ်ဆူကို လှူရခြင်းထက်၊
- ဘုရားအမှူးရှိသည့် သံဃာတော်များကို လှူရခြင်းထက်၊
- စတုဒိသာသံဃာတော်ကို ရည်စူးပြီး ကျောင်းဆောက်လှူရခြင်းထက်၊
- သရဏဂုံဆောက်တည်ခြင်းနှင့် ငါးပါးသီလစောင့်ထိန်းခြင်းထက်၊
“နံ့သာတစ်ရှူခန့်မျှ အချိန်ပိုင်းလောက် မေတ္တာပွားများခြင်း”က သာလွန်ပြီး အကျိုးကြီးမားပါကြောင်း အဆင့်များခွဲကာ ဟောကြားတော်မူခဲ့ပါသည်။
မေတ္တာသည်သာ အောင်နိုင်ရာ၊ မေတ္တာသည်သာငြိမ်းချမ်းရာ၊ မေတ္တာသည်သာချမ်းသာရာဖြစ်နေ၍ မေတ္တာပွားများ အားထုတ်ကြမည်ဆိုလျှင် မေတ္တာအကျိုးတစ်ဆယ့်တစ်မျိုးကို သေချာပေါက်ရရှိမည်အမှန်ပင် ဖြစ်ပါသည်။
မေတ္တာအကျိုး တစ်ဆယ့်တစ်မျိုးမှာ-
- ချမ်းသာစွာအိပ်ရခြင်း။
- ချမ်းသာစွာနိုးရခြင်း။
- အိပ်မက်ဆိုးကိုမမြင်မက်ခြင်း။
- လူတို့ချစ်မြတ်နိုးခြင်းကိုခံရခြင်း။
- သားရဲဘီလူးတို့၏ ချစ်မြတ်နိုးခြင်းကို ခံရခြင်း။
- နတ်တို့စောင့်ရှောက်ခြင်း။
- မီး၊ အဆိပ်၊ လက်နက်တို့ မစွဲကပ်မဖျက်ဆီး နိုင်ခြင်း။
- လျင်မြန်စွာ စိတ်တည်ကြည်ခြင်း။
- မျက်နှာအဆင်း အထူးကြည်လင်ခြင်း။
- မတွေမဝေသေရခြင်း။
- ဗြဟ္မာပြည်သို့လားရခြင်းတို့ ဖြစ်ပါသည်။
စာရေးတံမဲပွဲသည် ဝါခေါင်လ၏ရာသီပွဲတော်ဖြစ်သည်။ စာရေးတံအလှူသည် မြတ်စွာဘုရားရှင် ခွင့်ပြုတော်မူသည့် ဆွမ်းအလှူဖြစ်ပါသည်။
စာရေးတံဆိုသည်မှာ-
သစ်သားအချောင်းတံဖြစ်စေ၊ ဝါးခြမ်းပြား၊ နှီးပြား၊ ပေရွက်၊ ထန်းရွက် စသည်တို့ဖြင့် လုပ်ထားသည့်အတံတွင်ဖြစ်စေ ဒါယကာ ဒါယိကာမများ၏ အမည်ကို ရေးထိုးမှတ်သားထားခြင်းဖြစ်သည်။
စာရေးတံဆွမ်းအလှူ ဆောင်ရွက်မှုမှာ ဒါယကာဒါယိကာမများ၏ အမည်ကို ရေးထိုးထားသည့်စာရေးတံကို အသုံးပြုပါသည်။ ရေးထိုးပြီးစာရေးတံအားလုံးကို ထည့်စရာတစ်ခုထဲတွင် ပေါင်းထည့်ကာ မွှေကြရပါသည်။ ပြီးမှ အလှည့်ကျရဟန်းက စတင်မဲနှိုက်ယူရပါသည်။ တချို့က မထေရ်ကြီးကစပြီး မဲနှိုက်ယူပါသည်။ ဆွမ်းဒါယကာ ဒါယိကာမမည်သူမည်ဝါ၏ စာရေးတံကိုနှိုက်ယူပြီးသည့် ရဟန်းသည် ဆွမ်းအလှူရှင်၏ ပင့်လျှောက်မှုဖြင့် အလှူရှင်အိမ်ကို ကြွရပါသည်။ နောက်ပိုင်းအချိန်များတွင် စာရေးတံတွင် ဒါယကာ ဒါယိကာမများ၏အမည်ကို မရေးတော့ဘဲ။ ရဟန်းသံဃာတော်များ၏ ဘွဲ့တော်ကိုသာ ရေးထားကာ ဆွမ်းအလှူရှင်များက မဲနှိုက်ယူရသည့်စနစ်ကို ပြောင်းလဲလုပ်ဆောင်ခဲ့သည်။ သံဃာတော်ဆယ်ပါး ပင့်ဆောင် ဆွမ်းကပ်လိုသူက စာရေးတံဆယ်ချောင်း၊ သုံးပါးပင့်ဆောင်ဆွမ်းကပ်လိုက စာရေးတံသုံးချောင်း နှိုက်ယူရသည်။ စာရေးတံပေါ်တွင် ရေးထားသည့်ဘွဲ့အမည်ပါ ရဟန်းသံဃာတော်ကို အိမ်သို့ ပင့်ဆောင်ဆွမ်းကပ်ကြပါသည်။ ဆွမ်းအလှူရှင် ဒါယကာဒါယိကာမများ ကိုယ်တိုင်မဲနှိုက်ယူရ၍ ပိုပြီးသဒ္ဓါရွှင်လန်းဝမ်းမြောက်ကြပါသည်။ နံနက်ဆွမ်း၊ နေ့ဆွမ်းဆိုပြီး ကပ်ကြသလို ကျောင်းသို့ ဆွမ်းအုပ်ပို့ကာ မဲကျသည့် ရဟန်းသံဃာကိုလည်း ဆွမ်းကပ်ကြကာ တရားနာရေစက်ချကြပါသည်။ ပုဂ္ဂိုလ်စွဲမရှိ၊ မဲကျရာရဟန်းသံဃာကို ဆွမ်းကပ်လှူဒါန်းရခြင်းဖြစ်၍ စာရေးတံအလှူပွဲသည် စေတနာ သုံးတန်ပြည့်ဝသည့် အလှူပွဲတစ်ခုဖြစ်ပါသည်။
ထို့ကြောင့် ဗုဒ္ဓဘာသာဝင်ပြည်သူများအနေဖြင့် မေတ္တာတရားများဖြင့် ပြီးပြည့်စုံထုံမွမ်းနေသည့် မေတ္တာအခါတော်နေ့ (ဝါခေါင်လပြည့်နေ့)တွင် မေတ္တာဖြင့် အောင်နိုင်မှုကိုရယူနိုင်ရန် မေတ္တာဘာဝနာပွားများရင်း စေတနာသုံးတန်ပြည့်ဝသည့် စာရေးတံအလှူပွဲများ ပြုလုပ်လှူဒါန်းကာ ကုသိုလ်ကောင်းမှု ရယူနိုင်ကြပါစေကြောင်း ရေးသားလိုက်ရပါသည်။ ။
MOI