သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ပါ
Posted_Date
Image

Body
သွေးလွန်တုပ်ကွေးရောဂါသည် Arbo- virus အမျိုးအစားဖြစ်သည့် ဒင်ဂီး ဗိုင်းရပ်စ်ပိုး သယ်ဆောင်သော ခြင်ကျားကိုက်ခြင်းကြောင့် ဖြစ်ပွားရခြင်းဖြစ်သည်။ သွေးလွန်တုပ်ကွေးရောဂါသည် ရောဂါဖြစ်ပွားပါက တခြားကမ္ဘာ့နိုင်ငံများ နည်းတူ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သို့ သတင်းပေးပို့ရသော ရောဂါတစ်မျိုး ဖြစ်သည်။
ရာသီမရွေးဖြစ်ပွားတတ်ပြီး မိုးဦးကျ ကာလမှစ၍ မိုးရာသီတွင် အဖြစ်အများ ဆုံးရောဂါဖြစ်သည်။ မိုးရာသီဖြစ်သဖြင့် ခြင်ကျားများ ပေါက်ပွားရာနေရာများပြား လာခြင်း၊ ခြင်ကျားခိုအောင်းရန် ချုံနွယ် ပိတ်ပေါင်းများ ထူထပ်လာခြင်းတို့ကြောင့် သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှု များပြားလာရခြင်းဖြစ်သည်။
မြန်မာနိုင်ငံသည် သဘာ၀ဘေး အန္တရာယ်များနှင့် ရာသီဥတုပြောင်းလဲမှု များကြောင့် ယခင်ကထက် ခြင်ပေါက်ပွား မှုပိုများလာရာ အစဉ်သတိပြုကြစေ လိုသည်။ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားစေသည့်ခြင်ကျားနှင့် ပိုးလောက် လမ်းများကို ကြိုတင်နှိမ်နင်းရန် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းစဉ်များကို ကိုယ်ထူ ကိုယ်ထစနစ်ဖြင့် အစဉ်သတိပြုလုပ် ဆောင်သင့်ပေသည်။
သွေးလွန်တုပ်ကွေးရောဂါ
သွေးလွန်တုပ်ကွေးရောဂါဖြစ်စေသည့် အေးဒိစ်ခြင်ကျားသည် ရေကြည်ရေသန့် တွင် ပေါက်ပွားလေ့ရှိသည်။ ထိုခြင်ကျားသည် ပိုးလောက်လမ်းဘ၀မှ ခြင်ကောင် ဖြစ်ရန် ခုနစ်ရက်ခန့်ကြာမြင့်သည်။ ခြင်တစ်ကောင်၏ ပျမ်းမျှသက်တမ်းသည် တစ်လမှ သုံးလခန့်ရှိသည်။ ခြင်မတစ် ကောင်သည် သူ့သက်တမ်းတစ်လျှောက်တွင် အနည်းဆုံး ခုနစ်ကြိမ်ခန့် အောင်အောင်မြင်မြင်ဥဥနိုင်သည်။ တစ်ကြိမ်ဥလျှင် ရာသီဥတုနှင့် နေရာဒေသ တို့ပေါ်မူတည်၍ ဥ ၅၀ မှ ၃၀၀ အထိ ဥနိုင်သည်။ မိုးရွာပြီးနောက် ရေအိုင်များ၊ အိုးခြမ်းပဲ့များ၊ ဘက်ထရီအိုးဟောင်းများတွင် မိုးရေတင်ကျန်ပြီးနောက် နေထွက်လာသောအခါ ပိုးလောက်လမ်း များပေါက်ပွားလာကြကာ ယင်းမှတစ်ဆင့် ခြင်းကျား(ခေါ်) ခြင်ပုန်းများဖြစ်လာသည်။ ခြင်ပုန်းသည် ပေါက်ပွားမှုမြန်ဆန်ပြီး ကိုက် ၁၀၀ အထိ ပျံသန်းနိုင်သည်။
အဆိုပါခြင်ကျားသည် နေ့ဘက်တွင် ကိုက်လေ့ရှိပြီး စာသင်ကျောင်းများ ဖွင့်ချိန်တွင် ကျက်စားလာကြသည်။ ခြင်ဆိုးများသည် လူတစ်ဦးဆီမှ နောက်တစ်ဦးဆီသို့ မတူညီသောသွေးများကို သယ်ဆောင် ၍ သွေးစုပ်ခံရခြင်းဖြင့် လူထုကြား သွေးလွန်တုပ်ကွေးရောဂါ အစပျိုး ဖြစ်ပေါ်လာသည်။ ယခင် အသက်သုံးနှစ်မှ ၁၅ နှစ်အရွယ်ကလေးများတွင် သွေးလွန် တုပ်ကွေးရောဂါ အဖြစ်များကြပြီး နောက် ပိုင်းတွင် တစ်နှစ်အောက်ကလေးငယ် များသာမက အသက် ၁၅ နှစ်အထက် (၂၅ နှစ်မှ ၃၀ နှစ်) အရွယ်တွင်လည်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားလာကြသည်။ မိုးနှောင်းကာလ စက်တင်ဘာလအထိ အဖြစ်များ၍ သတိနှင့်ကြိုတင် ကာကွယ်ကြရန် လိုအပ်သည်။
သွေးလွန်တုပ်ကွေးရောဂါ လက္ခဏာများ
ရောဂါလက္ခဏာများမှာ အပူချိန် ၁၀၀ ဒီဂရီဖာရင်ဟိုက်နှင့် အထက်အဖျားကြီးခြင်း၊ ကိုယ်အပူချိန် ၁၀၅ ဒီဂရီဖာရင်ဟိုက် ခန့်အထိ ရုတ်တရက်ဆောင့်တက်လာခြင်း၊ ခေါင်းလွန်စွာကိုက်ခဲခြင်း၊ နားထင်များနာကျင်ကိုက်ခဲခြင်း၊ အရိုး၊ ကြွက်သား၊ အရိုးဆစ်စသည့် ကိုယ်လက်ကိုက်ခဲခြင်း၊ ဗိုက်နာ၊ ဗိုက်အောင့်ပြီး ဗိုက်ကိုအထိမခံ နိုင်ခြင်း၊ ခိုက်ခိုက်တုန်၍ ခြေဖျားလက်ဖျား အေးစက်ခြင်း၊ အရေပြားပေါ် အနီရောင် အစက်များပေါ်လာခြင်း၊ မျက်နှာနီအန်း ခြင်း၊ပင်ပန်းနွမ်းနယ်ကာ အချိန် ပြည့်မှိန်းနေတတ်ပြီး အစာစားချင်စိတ်မရှိခြင်း၊ အစားအသောက်၊ အရည်၀င်ပြီး သည်နှင့်တစ်ပြိုင်နက် အန်ထွက်ခြင်း၊ လည်ချောင်းနာခြင်း၊ လက်မောင်းကို သွေးပေါင်ချိန်တိုင်းကိရိယာဖြင့် တိုင်းကြည့်ပါက Hess Test Positive ဖြစ်နေ ခြင်း စသည်တို့ဖြစ်သည်။ တချို့သူများမှာ ချောင်းဆိုး၊ နှာစေး၊ ၀မ်းပျက်၊ ၀မ်းလျှော ဖြစ်ပွားတတ်သည်။
သွေးလန့်ခြင်းရောဂါလက္ခဏာများ
အထက်ပါ လက္ခဏာများသည် သာမန် သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပြီး ဆေးဝါး ကုသမှုခံယူပါက ပျမ်းမျှရက်သတ္တပတ်အတွင်း ပြန်လည်ကောင်းမွန်မည်ဖြစ်သည်။ သို့သော် သုံးရက်မှငါးရက်အတွင်း အဖျားတက်ရာမှ ရုတ်တရက် အဖျားကျလာပြီး တော်တော်နှင့် မလန်းဆန်းဘဲ လေးလံထိုင်းမှိုင်း၍ မှိန်းနေခြင်း၊ ကယောင် ကတမ်းဖြစ်ခြင်း၊ ခြေလက်များအေးစက် ခြင်း စသည်တို့သည် သွေးလန့်ခြင်းရောဂါ လက္ခဏာများဖြစ်သည်။ အထူးသဖြင့် ကလေးများတွင် သွေးလန့်လေ့ရှိကြသည်။ သွေးလန့်ခြင်းဆိုသည်မှာ ခန္ဓာကိုယ်အနှံ့ အပြားကို သွေးသွားလာမှု လျော့သွားခြင်း ကိုဆိုလိုသည်။ သွေးရည်ကြည်များ ပြင်ပကို ခဏထွက်သွားသည်ဟု ဆေးသိပ္ပံ ပညာအရပြောလေ့ရှိပြီး အသက်အန္တရာယ်စိုးရိမ်ရသဖြင့် အဖျားကျစဉ် မလန်းလျှင် အစဉ်သတိချပ်ဟု ပြောစမှတ် ပြုကြသည်။
သွေးလန့်သော တခြားလက္ခဏာများမှာ မတ်တတ်ရပ်စဉ် မူးယိုင်ခြင်း၊ မကြာခဏ အဖျားတက်လိုက် ကျလိုက်ဖြစ်ခြင်း၊ မောပန်းခြင်း၊ သွေးခုန်နှုန်းသိသိသာသာ ကျဆင်း ခြင်း၊ အာခံတွင်းခြောက်သွေ့ခြင်း၊ အသက်ရှူနှုန်းမြန်ဆန်လာခြင်း၊ အသည်း ရောင်လာခြင်း၊ ကော်ဖီရောင်ပျို့အန်ခြင်း၊ သွားဖုံးသွေးထွက်ခြင်း၊ နှာခေါင်းသွေးလျှံ ခြင်း၊ သွေးဖြူဥနည်းသွားခြင်း၊ ဆီးနည်းလာပြီး ဆီးထဲသွေးပါခြင်း၊ ကတ္တရာစေး အရောင်၀မ်း အမည်းများသွားခြင်း စသည် တို့ဖြစ်ကြသည်။ ထိုအခြေအနေမျိုးတွင် ဆရာ၀န်၏ လက်ဦးမှုကို အရယူနိုင်ရန် လွန်စွာအရေးကြီးသည်။ ထိုအခါ လူနာ၏ ရောဂါအခြေအနေနှင့် ကိုယ်ခံစွမ်းအားပေါ် မူတည်ပြီး တစ်နာရီခြားတစ်ခါစောင့် ကြည့်ကာ ဆရာ၀န်က လိုအပ်သလို ရိုးရိုး ဆားရည်သွင်းခြင်း သို့မဟုတ် သွေးရည် ကြည်သွင်းခြင်းတို့ကို သွေးခုန်နှုန်းပမာဏ၊ ဆီးပမာဏနှင့် သွေးအပျစ်အကျဲနှုန်း စသည်တို့ပေါ်မူတည်၍ ထိရောက်စွာ ကုသမှုခံယူရမည်ဖြစ်သည်။
ရောဂါဖြစ်နေချိန် ရှောင်ကြဉ်ရမည့်အစားအစာများ
သွေးလွန်တုပ်ကွေးရောဂါဖြစ်နေပါက အစာမဖြတ်သင့်ဘဲ အစားအသောက်များ စားရမည်။ စွပ်ပြုတ်ရည်၊ ဓာတ်ဆားရည် စသည့်အားရှိစေမည့် အစားအသောက် များကို ၀င်အောင်ကျွေးရမည်။ အစာ ပျော့ပျော့ကျွေးရမည်။ ကော်ဖီ၊ လက်ဖက် ရည်၊ ချောကလက်စသော အညိုရောင် ပါသည့် အစားအသောက်များကို ရှောင်ကြဉ်ရမည်။ အဘယ်ကြောင့်ဆိုသော် သွေးလွန်တုပ်ကွေးရောဂါ ပြင်းထန်လာပါက ကော်ဖီရောင် အန်တတ်ခြင်းကြောင့်ဖြစ် သည်။
သွေးလွန်တုပ်ကွေးရောဂါအတွက် အိမ်တွင်းကုထုံး
- တမာရွက်နှင့် တမာအဆီတို့က သွေးကိုသန့်စင်စေသည်။ ထို့ကြောင့် တမာပြုတ်ရည်ဖြင့် ရေဖတ်တိုက်ပါ သို့မဟုတ် တမာဆီလူးပေးပါ။
- ခန္ဓာကိုယ်တွင်း ရေဓာတ် ဆုံးရှုံးမှုကို ပြန်လည်အစားထိုးရန်နှင့် အပူချိန် လျှော့ချနိုင်ရန် ရေများများသောက်ပါ။
- အဖျားလုံး၀ကျသည်အထိ အဖတ် လုံး၀မစားဘဲ အရည်စစ်သောက်ပါ။
- နံနံပင်က အဖျားကျစေရုံသာမက သွေးလွန်တုပ်ကွေးရောဂါကြောင့် ကုန်ဆုံးသွားသော အားအင်များကို ပြန် လည်ဖြည့်တင်း ပေးနိုင်သည်။
- ပင်စိမ်းရွက်ကလည်း သွေးလွန်တုပ်ကွေး ဖျားနာခြင်းအတွက် အကောင်း ဆုံး ဆေးတစ်ခွက်ဖြစ်၍ ပင်စိမ်းရွက် ၁၅ ရွက်ခန့် ဝါးစားပါ သို့မဟုတ် ပင် စိမ်းရွက်အစိုကို ရေနွေးကြမ်းခတ် သောက်ပါ။
- သင်္ဘောသီးနှင့် သင်္ဘောစေ့တို့ကို တုပ်ကွေးဖျားနာခြင်းအတွက် သဘာ၀ ဓာတ်စာအဖြစ် ယုံကြည်စိတ်ချစွာ စားနိုင်သည်။ သင်္ဘောရွက်ထဲတွင် ပါရှိသော အင်ဇိုင်းဓာတ်များက ကိုယ် အပူချိန်ကျစေရုံမျှမက သွေးလွန်တုပ် ကွေးရောဂါကြောင့် အစာမကြေ ဗိုက်နာခြင်းအတွက် အားဆေးတစ် ခွက်ဖြစ်သည်။
- ပဲနံ့သာပင်ရွက်ကို လက်ဖက်ရည်ကြမ်း ခတ်သောက်ခြင်းက အဖျားကျစေရုံမျှမက ခန္ဓာကိုယ်တွင်း ဇီ၀ကမ္မဖြစ် စဉ်ကို ကောင်းစွာလည်ပတ်စေသည်။
- တလည်းသီးနှင့် အနက်ရောင်စပျစ်သီး တို့က သွေးဆဲလ်များကို တိုးပွားလာ စေသည်။
- လိမ္မော်ရည်က အစာခြေအားကောင်း ခြင်း၊ ဆီးသွားခြင်း၊ လန်းဆန်းစေခြင်း တို့ကို ပေးစွမ်းနိုင်သည်။
- ကြက်သွန်နီကို ထက်ခြမ်းခြမ်း၍ ဖန်ပုလင်းထဲထည့်ကာ ရှလကာရည် မြုပ်အောင်တစ်ညဉ့်ထည့်သိပ်စိမ်၍ အဖုံးကို လုံအောင်ဖုံးထားပါ။ ထမင်း စားသည့်အခါတိုင်း ထည့်စားပေးခြင်းဖြင့် မိသားစုအလိုက် သွေးလွန် တုပ်ကွေးရောဂါ မဖြစ်အောင် ကြိုတင် ကာကွယ်နိုင်သည်။
ကြိုတင်ကာကွယ်ရန် နည်းလမ်းကောင်းများ
ခြင်ကျားလောက်လမ်းသည် ရေကြည်ရေသန့်တွင် အဓိကပေါက်ပွားပြီး ခြင်ကျား ပေါက်ပွားပုံအဆင့်ဆင့်ဖြစ်သည့် (ဥ- ပိုးလောက်လမ်း- ပိုးရုပ်ဖုံး- သက်ကြီး ကောင်) ဖြစ်စဉ်မှာ ပျမ်းမျှရှစ်ရက်မှ ၁၀ ရက်ခန့်အထိ ကြာမြင့်သည်။ ထို့ကြောင့် မိမိအိမ်၊ ကျောင်းနှင့်ပတ်၀န်းကျင်တို့တွင် ရက်သတ္တပတ်လျှင် အနည်းဆုံးတစ်ကြိမ် ခြင်ကျားလောက်လမ်းရှာဖွေပြီး လောက် လမ်းပေါက်ပွားမှုမရှိအောင် ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ရန်လိုအပ်သည်။
သွေးလွန်တုပ်ကွေးရောဂါကို ပျောက်ကင်းအောင် ကုသနိုင်သောဆေးဝါးမှာ ယနေ့အထိမပေါ်သေးပါ။ ရောဂါဖြစ်လာမှ ကုသခြင်းထက် မဖြစ်အောင်ကြိုတင်ကာ ကွယ်ရန်လိုအပ်သည်။ ထို့ကြောင့် ကာကွယ်ခြင်းက ကုသခြင်းထက် ပိုမိုထိရောက်၏ Precaution is better than Cure ဟု ဆိုကြခြင်းဖြစ်သည်။ အရေးကြီးဆုံးမှာ ခြင်ကိုက်မခံရစေရန် ဖြစ်သည်။ နေ့လယ် နေ့ခင်းတွင် အင်္ကျီလက်ရှည်၊ ပုဆိုး ရှည်ရှည်၀တ်ဆင်ခြင်း၊ ခြင်ထောင်ဖြင့် အိပ်စက်ခြင်း၊ ရေစီးရေလာကောင်းပြီး ခြင်မပေါက်ပွားစေရန် ရေဆိုးမြောင်းများ ရှင်းလင်းခြင်း၊ လေ၀င်လေထွက်ကောင်း ပြီး ခြင်မခိုအောင်းနိုင်စေရန် အိမ်တွင်း၊ အိမ်ပြင် သန့်ရှင်းရေးပြုလုပ်ခြင်း၊ ခြံတွင်း၊ ခြံပြင် ချုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်း၊ ကိုယ်ထူကိုယ်ထ ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ် ခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးဖျန်း ခြင်းတို့အပြင် အစားအစာသန့်ရှင်းခြင်း၊ ရေသန့်ရှင်းခြင်း၊ လက်သန့်ရှင်းခြင်း၊ အိမ်သာ(မိလ္လာ)သန့်ရှင်းခြင်း၊ ပတ်၀န်းကျင် သန့်ရှင်းခြင်း စသည့်သန့်ငါးသန့်နှင့်အညီ မိမိအသိစိတ်ဓာတ်ဖြင့် အိမ်ထောင်စု တစ်စုချင်းစီတိုင်း တာ၀န်ယူကြမည်ဆိုပါက သန့်ရှင်းကျန်းမာသော စံပြရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်မှသည် တစ်နိုင်ငံလုံး အတိုင်းအတာအထိ သွေးလွန်တုပ်ကွေး ရောဂါ ကျဆင်းလာမည်ဖြစ်သည်။
ကူးစက်ရောဂါဆိုင်ရာအရ သွေးလွန်တုပ်ကွေးရောဂါသည် လေးနှစ်လျှင်တစ် ကြိမ် အပြင်းအထန် ြစ်ပွားတတ်သည်။ ထို့ပြင် သွေးလွန်တုပ်ကွေးရောဂါသည် ရာသီတစ်ခုတည်းတွင်ပင် နှစ်ခါပြန် ဖြစ်နိုင်သည့်အတွက် ပထမတစ်ကြိမ်ဖြစ် ပြီးသူများလည်း မပေါ့ဆကြရန်လိုအပ်ပြီး ပထမတစ်ကြိမ် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ဖူးသူသည် နောက်တစ်ကြိမ်ထပ်ဖြစ်လျှင် ပို၍ဆိုးနိုင်ကြောင်း ကျန်းမာရေး သုတေသီများက သတိပေးထားသည်။
သတိပေးလိုသည်မှာ ယနေ့အချိန် ကာလအထိ ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါကို တွေ့ကြုံနေရဆဲဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါသည် ပူပြင်းခြောက် သွေ့မှုကိုမနှစ်သက်ဘဲ စွတ်စိုသော အေးမြမှုကိုနှစ်သက်သည့် သဘောရှိသည်။ လက်ရှိ မြန်မာနိုင်ငံရာသီဥတုသည် ချမ်း အေးစွတ်စိုသော မိုးရာသီဖြစ်ရာ မိုးကာလ တွင် မလွဲမသွေဖြစ်လေ့ရှိသော သွေးလွန်တုပ်ကွေးရောဂါ၊ ရာသီတုပ်ကွေးရောဂါ၊ ၀မ်းပျက်၊ ၀မ်းလျှောရောဂါ၊ အရေပြား ရောဂါ စသည့်ကူးစက်တတ်သော ရောဂါအမျိုးမျိုးတို့အပြင် ကိုဗစ်-၁၉ ရောဂါကိုလည်း အစဉ်သတိရှိကြစေလိုသည်။ ဖော်ပြပါ မိုးရာသီကာလတွင် ဖြစ်လေ့ဖြစ်ထရှိသော ရောဂါများသည် အထိုက်အလျောက် ကြိုတင်ကာကွယ် နိုင်သည့်ရောဂါများဖြစ်ရာ မိမိနှင့် မိသားစု တစ်စုချင်းစီအလိုက် ရောဂါမဖြစ်အောင် ကျန်းမာရေးနှင့် လျော်ညီစွာ ပြုမူနေထိုင်ကြခြင်းဖြင့် ကြိုတင်ကာကွယ် စေလိုကြောင်း အသိပေး ရေးသားလိုက်ရပါသည်။
MWD Web Portal
Photo - On Doctor